'
အမိမြေ

အရေးယူ ပိတ်ဆို့မှုများနှင့် ပါတ်သတ်ပြီး ပြန်လည် စဉ်းစားသင့်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုလအထူးကိုယ်စားလှယ် ပြောကြား

UtusanKhususPBB181111-4
ဗီဂျေးနမ်ဘီယာကို အင်ဒိုနိုင်ငံခြားရေးဝန်ကြီးနှင့်အတူတွေ့ရစဉ်

အရေးယူပိတ်ဆို့မှုများနှင့် ပတ်သက်ပြီး ပြန်လည်စဉ်းစားသင့်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဗီဂျေးနမ်ဗီယာက အာဆီယံထိပ်သီးဆွေးနွေးပွဲကျင်းပရာ ဘာလီသို့ ရောက်ရှိနေစဉ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများက စစ်အုပ်ချုပ်ရေး စနစ်ထွန်းကားခဲ့သော မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများကို ယခု အစိုးရလက်ထက်တွင် ရုတ်သိမ်းပေးရန် သင့်မသင့် မေးမြန်းခဲ့ရာ ''ကျွန်တော်ထင်တာ ကတော့ ဒီ ကိစ္စတွေကို ပြန်စဉ်းစားသင့်တယ်လို့ ထင်တာပဲ''ဟု ဖြေကြားသွားခဲ့ပြီး  ဆုံးဖြတ်ချက်ကိုမူ သက်ဆိုင်သည့် နိုင်ငံကသာချမှတ်ရမည်ဖြစ်ကြောင်း မှတ်ချက်ပြုသွားခဲ့သည်။
''ကျွန်တော်ထင်တာကတော့ ပြည်သူတွေ၊ ပြည်သူတွေရဲ့စားဝတ်နေရေး ဖွံ့ဖြိုးဖို့က အရေးကြီးပါတယ်။လုပ်ဆောင်သမျှ ကိစ္စတိုင်းဟာ ဒီရည်မှန်းချက်ကိုရောက်အောင် ရည်ရွယ်ပြီး လုပ်ဖို့လိုပါတယ်'' ဟု နမ်ဗီယာက ပြောကြားခဲ့သည်။



Read More

တိုင်းပြည်နှင့်လူမျိုး အခြေအနေကိုကြည့်ပြီး ဒီမိုကရေစီကို ပီပြင်အောင် လုပ်ဆောင်ရမည်ဟု သမ္မတကြီး ပြောကြား

_DSC1228
နီကိုးဘာလီဟိုတယ်တွင် သမ္မတဦးသိန်းစိန်နှင့်အဖွဲ့ မီဒီယာများနှင့်တွေ့ဆုံစဉ်

လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအရ တိုင်းပြည်နှင့်လူမျိုး အခြေအနေကိုကြည့်ပြီး ဒီမိုကရေစီကို ပီပြင်အောင် လုပ်ဆောင်ရမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဘာလီ၌  မြန်မာသတင်းသမားများနှင့် တွေ့ဆုံစဉ် နိုဝင်ဘာလ ၁၉ရက် နေ့ ညနေပိုင်းအချိန်တွင် ပြောကြားခဲ့ပါသည်။
အစိုးရအုပ်ချုပ်မှု သက်တမ်းအနေဖြင့် ရှစ်လသာရှိသေးသည့်အတွက် အနောက်နိုင်ငံများတွင် ကျင့်သုံးနေသောဒီမိုကရေစီစနစ်နှင့် နှိုင်းယှဉ်ရန် မဖြစ်နိုင်သေးကြောင်း နိုင်ငံတော်သမ္မတက ပြောပါသည်။
''ဒီမိုကရေစီဆိုတာကို ခင်ဗျား တို့က ဘာတွေနဲ့နှိုင်းလဲ၊ ဘာတွေနဲ့ တိုင်းတာလဲ မသိဘူးပေါ့နော်။ ကျွန်တော်တို့ဆီမှာ ဒီမိုကရေစီအကြောင်း ပြောရရင်တော့ အခုကျွန်တော်တို့ အစိုးရသက်တမ်းက ရှစ်လပဲ ရှိသေးတယ်။ အထူးသဖြင့် အနောက်နိုင်ငံ ဒီမိုကရေစီတွေနဲ့ နှိုင်းမယ်ဆိုရင် ခုနက အနောက်နိုင်ငံတွေက ဒီမိုကရေစီရဲ့ ဘိုးအေတွေ၊ ဘွားအေတွေ၊ နှစ်ပေါင်းထောင်ချီပြီးတော့ သူတို့က ဒီမိုကရေစီ ကျင့်သုံးလာတာ။ ဒီနိုင်ငံတွေနဲ့ တစ်ထပ်တည်းဖြစ်ဖို့ အံ့ဝင်ခွင်ကျဖြစ်ဖို့ကတော့ ကျွန်တော်တို့က တော်တော်လေးတော့ ကြိုးစားရမှာပေါ့'' ဟု နိုင်ငံတော် သမ္မတက ပြော ပါသည်။
ထို့အပြင် အနောက်နိုင်ငံများ ကျင့်သုံးနေသော ဒီမိုကရေစီစနစ်နှင့် ထပ်တူကျအောင် လုပ်ဆောင်ရန်မဖြစ်နိုင်သေးဘဲ အံ့ဝင်ခွင်ကျဖြစ်အောင်သာ ကြိုးစားရမည်ဟု ဆိုပါသည်။
''အံဝင်ခွင်ကျဖြစ်အောင်ပဲ လုပ်လို့ရမယ်။ တစ်ထပ်တည်းဖြစ်အောင်တော့ လုပ်လို့မရဘူး။ ဘာကြောင့်လဲဆိုရင် တစ်အချက်က ကျွန်တော်တို့က လူမျိုးချင်းလဲ မတူဘူး။ နောက်တစ်ခါ ကျွန်တော်တို့ ကိုးကွယ်တဲ့ ဘာသာချင်းလည်း မတူဘူး။ ဓလေ့စရိုက်ချင်းလဲ မတူဘူး။ အစားအသောက်ချင်းလဲ ကျွန်တော်တို့က မတူဘူး။ အဲဒီတော့ လေးထောင့်ကို အဝိုင်းနဲ့စွပ်လည်း အံ့ဝင်ခွင်ကျဖြစ်မှာ မဟုတ်ဘူး။ အဝိုင်းကို လေးထောင်နဲ့စွပ် လည်း အံ့ဝင်ခွင်ကျဖြစ်မှာ မဟုတ်ဘူး'' ဟု နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားခဲ့သည်။
သို့သော် မိမိတိုင်းပြည်နှင့်လူ မျိုး အကျိုးဖြစ်ထွန်းစေမည့် ဒီမိုက ရေစီစနစ်ကိုမူ ဖော်ဆောင်ရမည်ဖြစ် ကြောင်း ပြောကြားပါသည်။ ''ကိုယ့်လူမျိုး တွေအတွက် အကျိုးရှိမယ့် ဒီမိုကရေစီမျိုး ဒါက တော့ ကိုယ့်တိုင်းပြည်ရဲ့အခြေအနေ၊ ကိုယ့်လူမျိုးရဲ့ အခြေ အနေ ဒါတွေ ကို ကြည့်ပြီးတော့မှ ဒီမိုကရေစီ ပီပြင်အောင်တော့ လုပ်သွားရမှာ ပေါ့''ဟုနိုင်ငံတော်သမ္မတက  ပြော ကြားခဲ့ပါသည်။
နိုင်ငံတော် သမ္မတဦးသိန်းစိန် သည် နိုဝင်ဘာလ ၁၉ရက်နေ့ ညနေပိုင်းအချိန်က (၁၉)ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက် သတင်းရယူခဲ့သည့် ပြည်တွင်း၊ ပြည်ပမှ မြန်မာသတင်းများနှင့် သီးခြားတွေ့ဆုံခဲ့ခြင်း ဖြစ်ပါသည်။

 Ref :  http://www.weeklyeleven.com/


Read More

မြန်မာနဲ့ဆက်လက် ချစ်ကြည်ရင်းနှီးနေဦးမယ့် တရုတ်နဲ့အိန္ဒိယ


မေလက တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်စဉ် နိုင်ငံတော်သမ္မတဦးသိန်းစိန်အား တရုတ်သမ္မတ ဟူကျင်တောင်နှင့်အတူ တွေ့ရစဉ်။
ဓာတ်ပုံ-အေအက်ဖ်ပီ
နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ လွှတ်တော် ရွေးကောက်ပွဲများ တစ်နှစ်တိုင်ခဲ့ပါပြီ။ ဒီအချိန်အတွင်း မြန်မာနိုင်ငံမှာ ထူးခြားတဲ့ဖြစ်စဉ်တွေ ကြုံတွေ့ ခဲ့ရပါတယ်။ ဒီဖြစ်စဉ်တွေဟာ တကယ့်အပြောင်းအလဲရဲ့ အစလို့ ယုံကြည်တဲ့ သူတွေရှိသလို မယုံကြည်တဲ့သူတွေလည်း ရှိခဲ့ပါတယ်။
ပြည်တွင်းအပြောင်းအလဲတွေအပေါ် အမြင်အမျိုးမျိုးရှိကြမှာဖြစ်ပေမယ့် အစိုးရသစ်လက်ထက်မှာ နိုင်ငံတကာနဲ့ အထူးသဖြင့် အနောက် နိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံမှု အရင်ကထက် ပိုများလာတယ် ဆိုတာကိုတော့ ငြင်းကြမှာ မဟုတ်ပါဘူး။
အစိုးရသစ်တက်ပြီးတဲ့ နောက်ပိုင်းမှာ တစ်သုတ်ပြီးတစ်သုတ် လာရောက်ကြတဲ့ နိုင်ငံတကာသံတမန်တွေ၊ ကိုယ်စားလှယ်အဖွဲ့ တွေဟာ အစိုးရအဖွဲ့နဲ့ရော တခြားတွေ့သင့်တွေ့ထိုက်သူတွေနဲ့ပါ တွေ့ဆုံခဲ့ကြပါတယ်။
ဒီခရီးစဉ်တွေဟာ အစိုးရသစ်ကို အသိအမှတ်ပြုခြင်းမပြုခြင်းနဲ့ ဘာမှ မဆိုင်ဘဲ လေ့လာရုံသက်သက်လာကြတာဖြစ်တယ်လို့ စောင့်ကြည့်သူတွေက အကဲခတ်ကြပါတယ်။ အမေရိကန်အပါအ၀င် အနောက်ဥရောပနိုင်ငံတွေဟာ မြန်မာနိုင်ငံအပေါ် နိုင်ငံရေးနဲ့ စီးပွားရေးအရ ပိတ်ဆို့မှုတွေထားရှိကြပေမယ့် နောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှုတွေ အပေါ်မှာတော့ သတိနဲ့ကြိုဆိုခဲ့ကြပါတယ်။ 

အောက်တိုဘာလ ၁၄ ရက်နေ့က နယူးဒေလီမြို့၌ အတူ တွေ့ရသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အိန္ဒိယ ၀န်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်း။
ဓာတ်ပုံ-အေအက်ဖ်ပီ
တစ်ချိန်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့ အမေရိကန်အစိုးရဟာ ဦးသိန်းစိန် အစိုးရတက်ပြီးနောက်ပိုင်းမှာ လေသံပျော့ပြောင်းလာပြီး ပိုပြီး နီးနီးကပ်ကပ် ဆက်ဆံမှုတွေပြုလုပ်လာခဲ့ပါတယ်။
မြန်မာနိုင်ငံကို လပိုင်းအတွင်း လာရောက်ခဲ့သူ တွေထဲမှာ ရီပတ်ဘလီကန်ဆီးနိတ်အမတ် ဂျွန်မက်ကိန်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရစ်မစ်ချယ်တို့လည်း ပါဝင်ပါတယ်။
ဥရောပ သမဂ္ဂ (အီးယူ) ဆိုရင်လည်း အလားတူ ကိုယ်စားလှယ် အဖွဲ့တွေ စေလွှတ်ပြီး အခြေအနေကို လာရောက်လေ့လာကြပါတယ်။ ဒီကိုယ်စားလှယ်အဖွဲ့တွေရဲ့ အစီရင်ခံစာတွေကိုအခြေခံပြီး ဆိုင်ရာ နိုင်ငံတွေ က သူတို့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအပြောင်းအလဲကို ပြုလုပ်မှာဖြစ်ပါတယ်။
အမေရိကန်-မြန်မာ ဆက်ဆံရေး တိုးတက်မှုအနည်းငယ်ရှိလာ ပေမယ့်လည်း မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ပိတ်ဆို့မှုတွေကိုတော့ အမေရိကန်တို့က ချက်ချင်း ရုပ်သိမ်းဦးမှာ မဟုတ်ပါဘူး။
အနောက်နိုင်ငံတွေအနေနဲ့ ဒေသတွင်း တရုတ်ဩဇာ လွှမ်းမိုးလာမှုကို တန်ပြန်ဖို့ မြန်မာကို ဒီထက်ပိုပြီး နွေးထွေးသင့်တယ်ဆိုတဲ့ ငြင်းခုံမှု တွေရှိနေပေမယ့်လည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေ ကိစ္စ၊ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခကိစ္စနဲ့ အမျိုးသား ပြန်လည်ရင်ကြား စေ့ရေးကိစ္စတွေမှာ သူတို့ လိုလားတဲ့အဆင့်မျိုး မတွေ့မချင်း ပိတ်ဆို့မှုတွေ ရုပ်သိမ်းမယ့် အလား အလာတော့ မတွေ့ရပါဘူး။
ပြီးခဲ့တဲ့လအတွင်း အစိုးရဟာ အကျဉ်းသားပေါင်း ၆,၀၀၀ ကျော်လွှတ် ပေးခဲ့ရာမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေ ၂၀၀ လောက် ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျန်ရှိနေသေးတဲ့သူတွေကို ဆက်လွှတ်ပေးဖို့ ကိုတော့ ဦးသိန်းစိန်အစိုးရအပေါ်မှာ ဖိအားတွေရှိနေတုန်းပါပဲ။
အကျဉ်းသားတွေလွှတ်ပေးခြင်းဟာ အနောက်နဲ့ (အထူးသဖြင့် အမေရိကန် နဲ့) ဆက်ဆံရေးတိုးတက်ဖို့အတွက် အဓိက လိုအပ်ချက်ဖြစ်ပါတယ်။
ဒါကို ဒေါ်အောင်ဆန်းစုကြည်ကလည်း 'ဝေါလ်စထရိဂျာနယ်'နဲ့ တွေ့ဆုံခန်းမှာ အလေး အနက်ထား ပြောသွားခဲ့ပါတယ်။ ပိတ်ဆို့မှုတွေရုပ်သိမ်းဖို့ အချိန်မတန်သေးဘူးလို့ ပြောပေမယ့် အမေရိကန်အနေနဲ့ နောက်ထပ်လာမယ့် ပြုပြင်ပြောင်းလဲမှုတွေ စောင့်ဆိုင်းနေဆဲမှာပဲ မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေးအကူအညီတွေ ပေးထားလို့ ရတယ်လို့လည်း ၎င်းက ပြောခဲ့ပါတယ်။
နိုင်ငံတကာနဲ့ ဆက်ဆံရေးမှာ တိုးတက်မှုရှိဖို့ အကျဉ်းသားကိစ္စလိုပဲ နောက်ထပ် အရေးကြီးတဲ့ကိစ္စတစ်ခုကတော့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါဝင် မပါဝင်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ ခုဆိုရင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေက တချို့အချက်တွေကိုလည်း ပြင်ဆင်အတည်ပြုပြီးပြီမို့ အင်န်အယ်ဒီအနေနဲ့ မှတ်ပုံတင်မတင် ဆုံးဖြတ်ဖို့သာ ကျန်ပါတော့တယ်။
အားလုံးထဲမှာ တိုးတက်မှုအနည်းဆုံးကတော့ တိုင်းရင်းသားနယ်မြေအချို့မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေပါပဲ။ နိုင်ငံတကာရဲ့တောင်းဆိုချက်တွေ ထဲမှာ တစ်ပြည်လုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေးရဖို့ ဖြစ်တာမို့ ဒီအချက်ကို ဦးသိန်းစိန်အစိုးရ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာကလည်း နိုင်ငံတကာနဲ့ ဆက်ဆံရေးမှာ တိုးတက်မှုရှိမရှိ စကားပြောမယ့်အချက်ပါ။
အမေရိကနဲ့ယှဉ်ရင် နဂိုကတည်းက အနည်းငယ်ပျော့ပြောင်းတဲ့ အီးယူအနေနဲ့ ကတော့ မကြာခင်ကမှ ကန့်သတ်ချက်အချို့ကို လျှော့ပေးခဲ့တာကို ကြည့်ခြင်းဖြင့် ရှေ့လျှောက်ပိုမိုပြီး အစိုးရနဲ့ဆက်ဆံရေးကို တိုးမြှင့်မယ့် သဘောမှာရှိပါတယ်။
အီးယူဟာ နဂိုကတည်းက မြန်မာနိုင်ငံမှာ သူ့ရဲ့စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှု အချို့ရှိထားတာမို့ ရှေ့လျှောက် စီးပွားရေးကို ဇောင်းပေးတဲ့ ဆက်ဆံရေးမျိုး ဖြစ်ထွန်းမယ်လို့ မျှော်လင့်ရပါတယ်။ အနောက်ကမ္ဘာနဲ့ ဆက်ဆံရေးကို ဖြည်းဖြည်းချင်း ပြန်လည်တည်ဆောက် နေစဉ်မှာပဲ တစိုက်မတ်မတ်ကောင်းမွန်လာခဲ့တဲ့ အိမ်နီးချင်းတရုတ်နဲ့ ဆက်ဆံရေး ဟာ မကြာခင်က မြစ်ဆုံကိစ္စကြောင့် ပျက်ပြားမလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
မြစ်ဆုံကိစ္စမှာ သမ္မတရဲ့ဆုံးဖြတ်ချက်အပေါ် အရင်က အစိုးရကို ဝေဖန်လေ့ရှိတဲ့သူအချို့ကတောင် ဝေဖန်ချီးကျူးခဲ့ကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပေကျင်းနဲ့ နေပြည်တော်ကြားမှာ အဖုအထစ်တွေရှိလာ မလားဆိုတဲ့ စိုးရိမ်မှုတွေပေါ်ခဲ့ပေမယ့် လေ့လာ သူတွေအဆိုအရတော့ မြန်မာဟာ တရုတ်နိုင်ငံအတွက် စွမ်းအင်ရင်းမြစ်အဓိက ပံ့ပိုးပေးတဲ့နိုင်ငံအနေနဲ့ရော တရုတ်ကို အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက်ပေးနိုင်တဲ့ မဟာဗျူဟာမြောက်နိုင်ငံဖြစ် နေတာရယ်ကြောင့်ရော ဆက်ဆံရေးထိမှာမဟုတ်ပါဘူး။
"ဆည်ဆောက်တာ ရပ်ထားတာကြောင့် တရုတ်ဟာ မြန်မာနဲ့နီးကပ်တဲ့ ဆက်ဆံရေးကို အထိခိုက်ခံမှာမဟုတ်ပါဘူး။ အထူး သဖြင့်တော့ မဟာဗျူဟာ ကျတဲ့ စီမံကိန်းတွေဖြစ်တဲ့ ယူနန်ပြည်နယ်နဲ့ ဆက်သွယ်မယ့် မီးရထားလမ်းနဲ့ ရေနံပိုက်လိုင်းစီမံကိန်းတွေ စတင်နေတဲ့ အခါမျိုးမှာပါ"လို့ တရုတ်ရေးရာနဲ့ အရှေ့ တောင်အာရှ လေ့လာသုံးသပ်မှုဌာန (ချင်နိုင်း)က သုတေသီ အငြိမ်းစား ဗိုလ်မှူး ကြီး ဟာရီဟာရန်က 'ယူရေးရှား ရီဗျူး' စာစောင်မှာ မကြာခင်က ရေးသားခဲ့ပါ တယ်။
ဆက်ပြီး သူက တရုတ်အစိုးရအနေနဲ့ ဒီအခြေအနေကို သိက္ခာဆည်မယ့် အစီအမံနဲ့ နှစ်ဦးနှစ်ဖက်အကျိုးရှိမယ့် နားလည်မှုတွေရဖို့ ကြိုးပမ်းလိမ့်မယ်လို့ သုံးသပ်ပါတယ်။
"တရုတ်ဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရရော စီးပွားရေးအရပါ ရင်းနှီးမြှုပ်နှံ ထားတယ်။ မြန်မာကလည်း တရုတ်ကို စီးပွားရေး အတွက်သာမက သူ့ရဲ့ နုနယ် သေးတဲ့ ဒီမိုကရေစီစနစ်ကို ကာကွယ်ရာမှာ မိတ်ဖက်အနေနဲ့ပါ လိုအပ်ပါတယ်။ ဒီလိုဆိုရင် တရုတ်-မြန်မာ ဆက်ဆံရေးဟာ မှန်းရခက်တဲ့အဆင့် မဟုတ်ရင် တောင် အဆင့်သစ်တစ်ခုကို ရောက်မယ့်ပုံရှိပါတယ်"လို့ သူက သုံးသပ်ပါတယ်။
မြန်မာနဲ့ တရုတ်၊ မြန်မာနဲ့အနောက် ဆက်ဆံရေးကို အများက အာရုံစိုက် နေကြစဉ်မှာ မြန်မာဟာ နောက်ထပ် အင်အားကြီး အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယနဲ့လည်း ဆက်ဆံရေးကို ကောင်းသထက်ကောင်းအောင် တည်ဆောက် နေပါတယ်။
ပြီးခဲ့တဲ့ အကျဉ်းသားလွတ်ငြိမ်းခွင့်ပေးပြီးနောက်မှာပဲ သမ္မတ ဦးသိန်းစိန် အိန္ဒိယကို ချစ်ကြည်ရေးခရီးသွားရောက်ရာမှာ အိန္ဒိယအစိုးရက တခမ်းတနား ကြိုဆိုခဲ့ပါတယ်။
အိန္ဒိယဟာ အနောက်နိုင်ငံတွေက မြန်မာကို ၀ိုင်းကြဉ်ထားကြတဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ သူ့ရဲ့ 'အရှေ့မျှော်' မူဝါဒအရ မြန်မာနဲ့ စွမ်းအင်ဆိုင်ရာ၊ လုံခြုံရေးဆိုင်ရာ ကဏ္ဍတွေမှာ စတင်ပူးပေါင်းခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အိန္ဒိယရဲ့အကျိုးစီးပွားကလည်း မနည်း ပါဘူး။ စစ်တွေဆိပ်ကမ်းစီမံကိန်း၊ ကုလားတန်ဘက်စုံစီမံကိန်းတွေကို အိန္ဒိယက တည်ဆောက်နေပါတယ်။
သမ္မတဦးသိန်းစိန် အိန္ဒိယကို ရောက်ရှိနေချိန်မှာ အိန္ဒိယပြည်တွင်း မီဒီယာတွေက ဒီခရီးစဉ်ကနေ အိန္ဒိယအတွက် အကျိုးရှိမယ့် သဘောတူညီမှုတွေ ရအောင်ယူဖို့ တိုက်တွန်းရေးသားကြပါတယ်။ မြန်မာဟာ အိန္ဒိယလို နိုင်ငံကြီးဆီကနေ နိုင်ငံရေး၊ စီးပွားရေးနဲ့ တခြားအကူ အညီတွေရနိုင်သလို စွမ်းအင်လိုအပ်ချက် မြင့်မားတဲ့ အိန္ဒိယဟာလည်း မြန်မာ ကနေ ရေနံနဲ့သဘာဝဓာတ်ငွေ့နဲ့ အရှေ့မြောက်ပိုင်းက လက်နက်ကိုင် သူပုန်တွေ နှိမ်နင်းရာမှာ မြန်မာနိုင်ငံရဲ့ အကူအညီကိုရဖို့ လိုအပ်နေတာကြောင့် နှစ်နိုင်ငံ စလုံးက ကောင်းမွန်တဲ့ဆက်ဆံရေးကိုသာ အရှိန်မြှင့်တည်ဆောက်ကြမယ်လို့ သုံးသပ်လို့ ရပါတယ်။
တစ်ချိန်တည်းမှာပဲ တရုတ်နဲ့ အိန္ဒိယတို့ မြန်မာနိုင်ငံမှာ အပြိုင်အဆိုင် ရင်းနှီး မြှုပ်နှံလာကြတဲ့အပေါ် စိုးရိမ်မှုတွေရှိလာပေမယ့် မကြာသေးမီကပဲ ဒေါ်အောင်ဆန်းစုကြည်ကတော့ အဆင့်တိုင်းမှာ ပွင့်လင်းမြင်သာမှုရှိပြီး နှစ်ဦး နှစ်ဖက်စလုံးရဲ့အကျိုးကို မျှမျှ တတကြည့်သရွေ့ အများစိုးရိမ်သလောက် ဆိုးကျိုးတွေ ရှိမလာနိုင်ပါဘူးလို့ ပြောပါတယ်။
"တရုတ်ပဲဖြစ်ဖြစ်၊ အိန္ဒိယပဲဖြစ်ဖြစ်၊ ဘယ်နိုင်ငံပဲဖြစ်ဖြစ် အဓိကကြည့်ရမှာက ဘယ်လိုရင်းနှီးမြှုပ်နှံမှုမျိုးလဲ ဆိုတာပါပဲ။ ဘယ်နိုင်ငံနဲ့ အကျိုးတူပူးပေါင်းမှာလဲ ဆိုတာထက် ဘယ်လိုအကျိုးတူပူးပေါင်းမှုမျိုးလဲ၊ သဘောတူညီမှုစည်းမျဉ်းတွေ က ဘာတွေလဲဆိုတာကိုပဲ ကြည့်ရမှာပါ။ ဒီမှာ လာပြီးရင်းနှီးမြှုပ်နှံသူတွေဟာ သူတို့ အကျိုးစီးပွားမရှိရင် လာမှာမဟုတ်ပါဘူး။ ဒါပေမယ့် မျှမျှတတတော့ ဖြစ်ရ ပါမယ်။ ကျွန်မတို့လည်း အကျိုးရှိရပါမယ်။ ဒါ့အပြင် ကျွန်မတို့က အိမ်ရှင်ဖြစ်တဲ့ အတွက် နည်းနည်းတော့ ပိုပြီးရသင့်ပါတယ်"လို့ မကြာသေးမီက ဝေါလ်စထရိ ဂျာနယ်နဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းမှာ သူက ဖြေကြားသွားပါတယ်။

ref: The Myanmar Time

Read More

သမ္မတကြီးဦးသိန်းစိန်က မြန်မာသတင်းသမားများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်

နိုင်ငံတော်သမ္မတကြီးကို RFA သတင်းထောက်ဦးခင်မောင်စိုး ၊ ဦးကိုကို ( ကိုကို -စက်မှုတက္ကသိုလ် )  တို့နှင့်အတူ ရင်းရင်းနှီးနှီးတွေ့ရစဉ် ။



 သမ္မတကြီးနှင့်သတင်းစာဆရာများ
-၀ဲမှယာ ဒေါ်ခင်စိုးဝင်း(ဗီအိုအေ)၊ဦးတင်မောင်အေး(အဆာဟီရှင်ဘွန်း)အင်ဒိုနီးရှားတမ်ပိုသတင်းထောက်၊ ဦးခင်မောင်စိုး(အာရ်အက်အေ)၊သမ္မတကြီး၊ဦးကိုကို(ရန်ကုန်မီဒီယာ)၊ဦးမြတ်သူရ(ကျိုဒိုသတင်း)
၊ကျော်ဆုမွန်(မြန်မာတိုင်းမ်)၊တမ်ပိုသတင်း ထောက်။

ဒီကနေ့ ဘာလ်ီကျွန်းက ဟိုတယ်နီကိုးမှာ သမ္မတကြီးဦးသိန်းစိန်က မြန်မာသတင်းသမားများ ကိုရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါတယ် ။အဲဒီလိုတွေ့ဆုံရာမှာ သမ္မတကြီးက သတင်းကောင်းတွေဆက်တိုက်ဆိုသလို ကြားနေရကြောင်း ပထမသတင်းကောင်းက အိုဘာမားရဲသဘောထာ့းကြေငြာချက်၊ဒုတိယသတင်းကောင်းက နိုင်ငံခြားရေးဝန်ကြီးဟီလာရီ ကလင်တန်လာလည်မယ့်ကိစ္စ၊နောက်သတင်းက ဒေါ်အောင်ဆန်းစုကြည်ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင် မယ်ဆိုတဲ့သတင်းနဲ့ ဆီးဂိမ်းမှာ မြန်မာတွေရွှေ(၈)ဆုရတဲ့သတင်းလို့ပြောပါ တယ်။အခုဘောလုံးပွဲမှာ မြန်မာတွေနိုင်အောင် ၀ိုင်းဆုတောင်းကြဖို့လဲ သမ္မတကြီးက ပြောကြားခဲ့ကြောင်းသိရှိရပါတယ် ။
Read More

အင်္ဂလန်ရောက် မြန်မာများ ဘီဘီစီ ဌာနချုပ်ရှေ့တွင် ဆန္ဒပြ

ကမ္ဘာကျော် ဘီဘီစီ သတင်းဌာနမှ သတင်းထောက် Anna Jone ၏ မှားယွင်းစွာ ရေးသား ဖော်ပြခဲ့သည့် သတင်းနှင့် ဓါတ်ပုံအတွက် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ဘီဘီစီ သတင်းဌာန ရုံးချုပ်ရှေ့တွင် ယူကေရောက် မြန်မာများက ပြန်လည် ဖြေရှင်း တောင်းပန်ရန် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။


demonstration-in-UK
ဆန္ဒပြရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ဦးဆောင် ပါဝင်သူ တဦးဖြစ်သူ ကိုလူမောင်က ယခုကဲ့သို့ နိရဉ္စရာ သို့ပြောသည်။

"အဓိက ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမြေပုံက ရခိုင်ဒေသမှာ ရခိုင်လူမျိုးကို ဖော်ပြခြင်းမရှိပဲနဲ့ ဒီ ရိုဟင်ဂျာလို့ ဆိုတဲ့ ဘင်္ဂလီလူမျိုးတွေရဲ့ ဓာတ်ပုံကို ဖော်ပြတာက ဒီလူမျိုးတွေ နေထိုင်တယ်ဆိုတာကို ပြောတာနဲ့ အတူတူဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားတွေပဲရှိတယ်။ ဒီ ရိုဟင်ဂျာဆိုတဲ့ လူမျိုးဆိုတာ မရှိဘူး။ မှားနေတဲ့ ကိစ္စ တခုကို မှားနေ တယ်လို့ ကျနော်တို့က ထောက်ပြတာပါ။ သူတို့က အမှန်တရားကို လက်ခံ တယ်ဆိုရင် အမှန်အတရား အတွက် သူတို့ ဖြေရှင်းရပါလိမ့်မယ်။ ဒီကိစ္စက မြန်မာလူထု တရပ်လုံးကို စော်ကားတာနဲ့ အတူတူပါပဲ။ ဒီအတွက် ဒါကို ဘီဘီစီ အနေနဲ့ ပြန်လည် တောင်းပန်ရမယ်ဆိုပြီးတော့ ဘီဘီစီ ဌာနချုပ် ရုံးရှေ့မှာ ကျနော်တို့ တိုင်းရင်းသားတွေ စုပေါင်းပြီးတော့ ဆန္ဒပြရခြင်းဖြစ်ပါတယ်။"

ဆန္ဒပြပွဲကို နိုဝင်္ဘာလ ၁၆ရက်နေ့ နံနက် ၁၀း၃၀ မှ နံနက် ၁၁း၃၀ (လန်ဒန်စံတော်ချိန်)ထိ ဘီဘီစီ ဌာနချုပ်ရုံးရှေ့တွင် ရခိုင်အပါအဝင် တခြား မြန်မာတိုင်းရင်းသားများက စုပေါင်း ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ဘီဘီစီဌာနမှ တာဝန်ရှိသူတဦးမှလည်း ဆန္ဒပြသူများအား လာရောက် တွေ့ဆုံခဲ့ကြောင်း သူက ဆက်ပြောသည်။

"ဘီဘီစီ အာရှ ပစိဖိတ်ရေးရာ မန်နေဂျာလို့ ပြောတဲ့ သူတယောက် ရုံထဲက ထွက်လာခဲ့ပါတယ်။ ကျနော်တို့ ကလည်း ဒီက ရဲအကူအညီနဲ့ အဲဒီလူဆီကို Arakanese Community UK ကိုယ်စား အင်္ဂလိပ်လို ရေးထားတဲ့ စာရွက်စာတမ်းတွေကို ပေးခဲ့ပါတယ်။ အဲဒီ စာရွက်စာတမ်းတွေ ဆိုတာ ကလည်း ရခိုင်ပြည်နယ်ဟာ ရခိုင်လူမျိုး နဲ့သာ သက်ဆိုင်တယ်ဆိုတဲ့အကြောင်း၊ အဲဒါနဲ့ ပတ်သက်လို့ သမိုင်း အထောက်အထားတွေ ရေးသားထားတဲ့ စာရွက်စာတမ်းတွေ ပေးခဲ့ပါတယ်။ မြန်မာ နိုင်ငံက လူမျိုးစု ၁၃၅မျိုးထဲမှာလည်း ဒီ ရိုဟင်ဂျာဆိုတဲ့ လူမျိုးမရှိဘူး ဆိုတာကိုလည်း သူတို့ကို ပြောခဲ့ပါတယ်။ ပြီးတော့ ဒီသတင်းအမှားကိုရေးတဲ့ ဘီဘီစီက Anna Jone ဆိုတဲ့ အမျိုးသမီးနဲ့ ဘီဘီစီက မြန်မာလူထုကို တောင်းပန်ဖို့အတွက်လည်း စာရေးသားပေးခဲ့ပါတယ်။ ဒီအတွက် မန်နေဂျာဆိုတဲ့သူက ဒီကိစ္စကို အမြန်ဆုံးသူတို့ လုပ်ပေးမယ်၊ ဖြေရှင်းပေးမယ်ဆိုပြီးတော့ ကတိ ပေးခဲ့ပါတယ်။"

အဆိုပါ ဆန္ဒပြပွဲတွင် 1( Burma ) ( Burma )---- ( Not for Sale )( Not for Sale ) 2( Arakan State ) ( Arakan State ) ---( Not for Sale ) ( Not for Sale ) 3( Anna Jones )---- ( Out ) ( Out ) 4 ( Anna Jone stop giving wrong information about Rohingya ) ---- ( Now ) ( Now ) 5(BBC stop giving wrong information about Rohingya ) ---- ( Now ) ( Now ) 6( Anna Jones stop creating conflict in Burma ) ----- ( Now ) ( Now ) 7(BBC stop creating conflict in Burma ) ----- ( Now ) ( Now ) စသည့် ကြွေးကြော်သံများဖြင့် တောင်းဆိုခဲ့ကြသည်။

ယခုကဲ့သို့ ဆန္ဒပြရခြင်းကြောင့် ဘီဘီစီအနေဖြင့် တစုံတရာ တန့်ပြန်လာလိမ့်မည်ဟု သူတို့ အနေဖြင့် မျှော်လင့် ကြောင်း၊ အကယ်၍ တုန့်ပြန်မှုများ မရှိခဲ့သော်လည်း Anna Jones အပါအဝင် ဘီဘီစီဌာနမှ ရခိုင်လူထုနှင့် မြန်မာ လူထုကို တရားဝင် တောင်းပန် ဖြေရှင်းသည့် အထိ တိုက်ပွဲဝင် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သူက ပြောသည်။

အဆိုပါ အငြင်းပွားဖွယ်ရာ မြေပုံကို ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့က Asia-Pacific ဌာနမှ သတင်း ထောက် Anna Jones ရေးသားသည့် Bleak Outlook for Burma's ethnic Groups ဆောင်းပါးတွင် သတင်းနှင့် အတူ ပူးတွဲ ဖော်ပြခဲ့သည်။

ထိုအတွက်ကြောင့် နောက်ပိုင်းတွင် ရခိုင်အမျိုးသားများ အပါအဝင် မြန်မာတိုင်းရင်းသားများကလည်း ကန့်ကွက် ရှုပ်ချ လာကြခဲ့သည့်နောက် ယခုနှစ် အောက်တိုဘာလ အတွင်းတွင် အဆိုပါ ဓါတ်ပုံ ကိစ္စနှင့် ပတ်သက်ပြီး ပြင်းပြင်း ထန်ထန် ကန့်ကွက် ရှုတ်ချမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိ လာခဲ့သည်။

ထို့နောက်ပိုင်း ဘီဘီစီ သတင်းဌာနမှ အဆိုပါ ဓာတ်ပုံနေရာတွင် ရခိုင်အမျိုးသမီးငယ်များ ဓါတ်ပုံ တစ်ပုံကို ထည့်ပြီး အပြောင်းအလဲများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း ရိုဟင်ဂျာဆိုသူများ၏ ဓါတ်ပုံကိုမူ ထပ်မံ ထည့်သွင်း ဖော်ပြထားဆဲဖြစ်သည်။

                     http://www.narinjara.com/detailsbur.asp?id=359

Read More

ဇာဂနာကို အနုပညာ လုပ်ငန်းများ ပြန်လည် လုပ်ကိုင် ခွင့်ပြု

 
သရုပ်ဆောင်၊ ဒါရိုက်တာ လူရွှင်တော် ဇာဂနာအား ရုပ်ရှင် အစည်းအရုံးမှ တာဝန် ရှိသူများက နိုဝင်ဘာလဆန်းတွင် ခေါ်ယူ တွေ့ဆုံ၍ အနုပညာ လုပ်ငန်းများ လုပ်ကိုင်ခွင့် ရရှိပြီ ဖြစ်ကြောင်း ပြောကြား ခဲ့သည်ဟု ဇာဂနာက ပြောသည်။
“ရုပ်ရှင်အစည်းအရုံးက ဦး မြင့်သိန်းဖေရယ်၊ ဦးအောင်စိုးဦး ရယ်၊ ကိုစိုးထက်အောင်ရယ် ၊ သူတို့ သုံးယောက်ကနေပြီး ကျွန်တော့် ကိုအကြောင်းကြားပါတယ်။ သူ တို့အထက်လူကြီးတွေကလည်း သူတို့ကို အကြောင်းကြား ပါတယ်တဲ့။ ကိုဇာဂနာ အနုပညာအလုပ်တွေကို လွတ်လွတ်လပ်လပ် လုပ်လို့ရပါတယ်။ ဘာမှ မပိတ်ပင်ထားပါဘူး၊ မတားဆီးပါ ဘူးတဲ့။ ပွဲပဲကက၊ ရုပ်ရှင်ပဲရိုက်ရိုက်၊ ဒါ ရိုက်တာပဲလုပ်လုပ် လုပ်ချင် တာ လုပ်ပါဆိုပြီး အကြောင်းကြားပါ တယ်။ အရင်က ကျွန်တော့် ဇာတ် ကားသုံးကား ဆင်ဆာပိတ်ထား တာရှိတယ်။ “မြင်းစီး ထွက်သော အိပ်မက်များ“၊ “သျှောင်ကြီးဗွေ”နဲ့ “ဇာဂနာ/၂၀ဝ၆” သုံးကားပေါ့။ မြင်းစီးထွက်သော အိပ်မက်များနဲ့ ဇာဂနာ/၂၀ဝ၆ က ဇာတ်လမ်းတို ရုပ်ရှင်တွေပဲ။ သျှောင်ကြီးဗွေက မင်းသားနေဆန်း၊ ပပဝင်းခင်နဲ့ ရိုက်ထားတာ။ ဆင်ဆာ ခွင့်ပြု လိုက်ပြီ။ ထုတ်လုပ်သူ တွေလည်း တော်တော်လေး ပျော်သွားမယ်”ဟု ဇာဂနာက အနုပညာအလုပ်များ ပြန်လည် လုပ်ကိုင်ခွင့်ရခြင်း အကြောင်း ပြောပြသည်။ အနုပညာအလုပ်များ ပြန် လည် လုပ်ကိုင်ခွင့်ရခြင်းတွင် ဇာတ်ကားရိုက်ကူးမှုများ ပြုလုပ်သွား မည်မဟုတ်ဘဲ “ဇာတ်ကားတော့ မရိုက်ချင်သေးဘူး။ ပင်ပန်းတယ်။ ကြော်ငြာလာအပ်ထားတာတွေ ရိုက်မယ်။ ဗြူးတီး ခေါင်းလျှော် ရည်ကြော်ငြာရိုက်မယ်။ နောက်ဗလာစာအုပ်ကြော်ငြာရိုက်မယ်။ ဂေါ်ဇီလာ၊ လေဆာကြော်ငြာတွေ ရိုက်မယ်။ ဗြူးတီးခေါင်းလျှော် ရည်ကြော်ငြာ ရိုက်ဖို့ စိတ်ကူးလည်း ရပြီးပြီ”ဟု ပြောသည်။ ဇန်နဝါရီ ၄ ရက်တွင် ပြုလုပ်မည့် လွတ်လပ် ခြင်း အနုပညာရုပ်ရှင်ပွဲတော်အ တွက် သက်ဆိုင် ရာမှလည်း ခွင့်ပြု ချက်ရထားပြီဖြစ်ပြီး လိုအပ်သော အကူအညီများကိုလည်း ပေးသွား မည်ဖြစ်ကာ ပွဲအတွက် လှုပ်ရှားမှုများကို သတင်းများပေးရန် ပြောကြားထားခြင်းရှိကြောင်း ဇာဂနာက ပြောကြားခဲ့သည်။
Read More

လိုင်ဇာ ဒုက္ခသည်စခန်းမှာ လူမှုရေး ဖောက်ပြန်မှုများ မထိန်းနိုင်



လိုင်ဇာမှာရှိတဲ့ စစ်ပြေးဒုက္ခသည် ယောက်ကျားတွေကို ကေအိုင်အေမှ အင်အားဖြည့်တင်းခဲ့ပြီး ရှေ့တန်းစစ်မြေပြင်ကို အပို့ခံထားရတာကြောင့် ဒုက္ခသည်စခန်းမှာကျန်နေခဲ့တဲ့ မိန်းမတော်တော်များများဟာ လူမှုရေးဖောက်ပြန်တာတွေများလာတယ်လို့ လိုင်ဇာမှလာတဲ့
သတင်းများအရသိရပါတယ်။
လော့ဒန်၊ ဂဒါးယန်၊ မလန်းယန်၊ နယ်မြေ ရှေ့တန်းစစ်မြေပြင်ကို ရောက်နေတဲ့ KIA ရဲဘော်များရဲ့ မိန်းမတွေဟာ KIA လိုင်ဇာစစ်ရုံးချုပ် လုံခြုံရေးအဖြစ် နောက်တန်းမှာကျန်ခဲ့တဲ့ လုံခြုံရေးစစ်သည်တော်တွေနဲ့ လူမှုရေးဖောက်ပြန်နေကြပါတယ်။ အချို့မိန်းမတွေဟာ မတရားနှိပ်စက်အနိုင်ကျင့်ခံရပြီး ကြောက်ရွံ့တာကြောင့် ဘယ်သူ့ကိုမှဖွင့်ပြော တိုင်ကြားနိုင်ခြင်း မရှိကြောင်းသိရပါတယ်။


ဒီလိုမျိုးလူမှုရေးဖောက်ပြန်နေတာတွေများလာတာကြောင့် သူတိုရဲ့ယောက်ကျားတွေကို ပြန်ခေါ်ပေးဖို့ KIA လူကြီးတွေကို အခုလ ဒုတိယအပတ်လောက်က တောင်းဆိုထားပါတယ်။ ဒီလိုတောင်းဆိုထားတာကို KIA လူကြီးတွေက လုပ်မပေးရင် KIO လူကြီးတွေဆီမှာ တောင်းဆိုသွားမယ်လို့သိရပါတယ်။ 

ဒုက္ခသည်စခန်းမှာကျန်ခဲ့တဲ့ မိန်းမတွေဟာ ရိက္ခာလည်းမရ အားကိုးစရာယောက်ကျားလည်း မရှိတဲ့အချိန်မှာ သားမယားပြုကျင့်ခံနေရတဲ့ သတင်းတွေကို မကျယ်ပြန့်ဖို့အတွက် KIA လူကြီးတွေမှ ထိန်းချုပ်ခဲ့ကြပါတယ်။

သတင်းတွေမကျယ်ပြန့်ဖို့ ထိန်းချုပ်ထားပေမဲ့ KIA က အဓမခေါ်ထားတဲ့ ရှမ်း၊ ကချင် လူငယ်တွေထဲမှာ အစိုးရစစ်တပ်က သူလျှိုထည့်ထားလို့ KIA ရဲ့သတင်းများပေါက်ကြားမှု့ရှိနေတယ်လို့ KIA လူကြီးတွေက သံသယရှိနေကြပါတယ်။ 

ဒါ့ကြောင့် စက်တင်ဘာလနောက်ပိုင်း အင်အားစုဆောင်းထားတဲ့ လိုင်ဇာကတပ်ဖွဲ့ဝင်တွေကို လိုင်ဇာဌာနချုပ်မှာ သွားလာမှုကန့်သတ်ထားခဲ့ပါတယ်၊အထူးသဖြင့် ဂျိန်းဖောလူမျိုးမဟုတ်တဲ့ တပ်ဖွဲ့ဝင်တွေကို ဖုန်းပြောဆိုခွင့် မပေးဘဲ ရှေ့တန်းစစ်မြေပြင်မှာသာ ထားရှိတာကြောင့် အိမ်ထောင်ရှိတဲ့ တပ်ဖွဲ့ဝင်များအနေဖြင့် စိတ်ဓာတ်ကျလျက်ရှိပါတယ်။ 





KIA တာဝန်ရှိသူတစ်ဦးကတော့ တပ်ဖွဲ့ဝင်တွေ မိန်းမကိစ္စရှုပ်ထွေးတာဟာ အထူးအဆန်းမဟုတ်ကြောင်း မူးယစ်ဆေးဝါနဲ့ပက်သက်သူ သုံးစွဲသူ၊ အမိန်မနာခံတဲ့သူ၊ ရှောင်ပြေး ထွက်ပြေးဖို့လုပ်နေတဲ့သူတွေကိုသာ ပြစ်ဒဏ်ပေးလေ့ရှိကြောင်း ရှေ့တန်းမှာတိုက်ပွဲဝင်နေတဲ့ KIA စစ်သည်တော်တွေကို မိန်းကလေးတွေပါတဲ့ ဖျော်ဖြေရေးအဖွဲ့တွေနဲ့ ဖျော်ဖြေသွားမယ်လို့ ပြောကြားထားပါတယ်။
ဒီလိုမျိုးပြောကြားခဲ့ပေမဲ့ KIA လိုင်ဇာကတပ်ဖွဲ့ဝင်တွေနဲ့  ဒုက္ခသည်စခန်းက မိန်းမတွေဟာ လူမှုရေးဖောက်ပြန်နေတဲ့အတွက် ကိုယ့်လူမျိုးအချင်းချင်း လူမျိုးရေးပြသနာတွေ ဖြစ်လာမှာကို KIO လူကြီးတွေနဲ့ ဘာသာရေး ခေါင်းဆောင်များမှလည်း စိုးရိမ်နေကြကြောင်း သိရပါတယ်။

ပေးပို့လာတဲ့kachinboy@gmail.comအားကျေးဇူးတင်ရှိပါသည်။
 

Read More

တံတားအကြီးတွေရောအသေးတွေပါ ဖျက်ဆီးနေတဲ့ KIA


ကေအိုင်အေ တပ်တွေအနေနဲ့ ထိခိုက် ကျဆုံးဒဏ်ရာရနေတာတွေများနေလို့ လက်စားချေတဲ့အနေနဲ့ မြစ်ကြီးနားမြို့ပေါ်နဲ့ ပတ်ဝန်းကျင်တွေမှာ ဖောက်ခွဲမှုတွေပိုမိုပြုလုပ်လျက်ရှိနေပါတယ်။နိုဝင်ဘာ ၁၅ ရက်နေ့က မြစ်ကြီးနားဗလမင်းထင်တံတားမြစ်ကြီးနား-၀ိုင်းမော်သွားကားလမ်းရဲ့ညာဘက်၁၀ ပေခန့်အကွာမှာမိုင်း(၁)လုံး ပေါက်ကွဲခဲ့ပါတယ်။ပေါက်ကွဲမှုကြောင့် ဘီးခွန်ဂိတ်ညာဘက်လူနေအိပ်ဆောင်တစ်လုံးပျက်စီးခဲ့ပြီးလူတွေထိခိုက်မှုမရှိ ဖူးလို့သိရပါတယ်။

``မိုင်းကွဲတာက ကျွန်မတို့ ဘီးခွန်ကောက်ခံသူတွေနဲ့ တံတားဖြတ်သန်းခကောက်ခံတဲ့သူနေတဲ့ အိပ်ဆောင် မှာဖြစ်ခဲ့တာပါ။ ဖြစ်တာကည(၉)နာရီအချိန်လောက်မှာပါ။ လူတွေနဲ့တိရိစ္ဆာန်တွေထိခိုက်မှုမရှိပါဘူး။ လူတွေမထိလို့ တော်သေးတယ်လို့ပြောရမှာပါ။ ကျွန်မတို့နေတဲ့အဆောက်အဦးကတော့ ၁၀ ပေ ပတ်လည်ခန့်ပျက်သွားပါတယ်။ အနက်၆ ပေလောက်နက်တဲ့ကျင်းတစ်ကျင်းလဲ ဖြစ်သွားပါတယ်`` လို့ တံတားဖြတ်သန်းခတွေကောက်ခံနေတဲ့ မသင်ဇာကျော်က ပြောပြပါတယ်။

နိုဝင်ဘာ ၁၄ ရက်နေ့ကလဲ ၀ိုင်းမော်မြို့နယ်မှာရှိတဲ့ ဆီနီခူးကျေးရွာနဲ့ မလိယန်ကျေးရွာအကြားမှာရှိတဲ့ နမ့်မလိချောင်းကူး တံတားကို KIA တပ်ရင်း(၄) အဖွဲ့ကမိုင်းထောင်ဖောက်ခွဲခဲ့လို့ မော်တော်ယာဉ်တွေလုံးဝ သွားလို့ မရဘူးဖြစ်နေပါတယ်။ ရွှေဘို-မြစ်ကြီးနားသွားတဲ့လမ်းမှာရှိတဲ့ ဆည်မြောင်းကူးပျဉ်ခင်းတံတားတစ်ခုကိုလဲနိုဝင်ဘာ (၁၅)ရက်နေ့မှာ ဖောက်ခွဲ ဖျက်ဆီးခဲပါတယ်။တံတားတွေဖျက်ဆီးနေသလို ရထားသံလမ်းဖျက်ဆီးဖောက်ခွဲမှုတွေလဲ များပြားနေပါတယ်။နမ္မားနဲ့မြို့သစ်ကလေးရွာအကြားမှာရှိတဲ့ရထားသံလမ်းကို နိုဝင်ဘာ(၁၅)ရက်နေ့ မနက်(၃)နာရီမှာ မိုင်းခွဲလိုက်ပါတယ်။ မိုးညှင်းမြို့ မြန်မာ့မီးရတားအဖွဲ့ကနေသွားရောက်ပြင်ဆင်လိုက်လို့ခရီးသွားလာမှုအခက်အခဲမရှိ ဖူလို့သိရပါတယ်။

ခုလိုမျိုးမိုင်းတွေပေါက်ကွဲနေတာနဲ့ပတ်သက်လို့ဗိုလ်ချုပ်ဂမ်ရှောင်အနေနဲ့သူတို့တပ်ဖွဲ့ဝင်လုပ်တာမဟုတ်ဖူးလို့ငြင်းဆိုထားပါတယ်။သူတို့ဗဟိုအနေနဲ့ မိုင်းထောင်ခိုင်းတုန်းက စစ်တပ်တွေလာမဲ့လမ်းကြောင်းလောက်ပဲထောင် ခိုင်းခဲ့တာဖြစ်ပေမဲ့ ပြည်သူ့တပ်ဖွဲ့ဝင်အမှုထမ်းတွေကြောင့် ခုလိုမျိုးမိုင်းကွဲမှုတွေများလာတာလို့ပြောပါတယ်။မိုင်းကွဲမှု တွေများလာလေလေ ကချင်လူထုအနေနဲ့KIA အဖွဲ့အစည်းအပေါ်မှာ အကြမ်းဖက်အဖွဲ့အဖြစ်မြင်လာလေလေဖြစ်နေ ပါတယ်။


Ref : http://kachindailynews.blogspot.com/

Read More

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အပေါ် ကိုယ်စားလှယ်တို့က ဤသို့ရှုမြင်ကြသည်




မြန်မာနိုင်ငံမှာ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် နှစ်ခုရှိတဲ့အနက် အောက်လွှတ်တော်လို့ ခေါ်ရမယ့် ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းဟာ လွှတ်တော် ရေးရာများကို စီမံခန့်ခွဲတဲ့ အခါမှာ ပျော့ပြောင်း ညင်သာပြီး နားလည်မှု အပြည့်အ၀ ရှိသူလို့ သတင်းမွှေးပါတယ်။ The Voice ဂျာနယ် ဆောင်းပါး တစ်ခုမှာတော့ လွှတ်တော်များ အသက် ၀င်လာမှုဟာ ဦးရွှေမန်းကြောင့် ဖြစ်တယ် ဆိုပြီး အစိုးရသစ် လက်ထက် ထူးခြား အသိအမှတ်ပြုရတဲ့ ဖြစ်ရပ် ခြောက်ခုထဲမှာ တစ်ခု အဖြစ် ဖော်ပြထားခဲ့ပါတယ်။ အခု ဆောင်းပါး ကတော့ ၂၀၁၁ခုနှစ် နိုဝင်ဘာလ (၄) ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်မှာ ဖော်ပြထားတဲ့ ပြည်ခိုင်ဖြိုးအမတ် မဟုတ်တဲ့ ကျန်အမတ်များရဲ့ ဦးရွှေမန်းအပေါ် ရှုမြင်ချက်များ ဖြစ်ပါတယ်။

ပထမအကြိမ် ပြည်သူ့ လွှတ်တော် ပထမပုံမှန် အစည်းအဝေးကို၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီ ၃၁ မှ မတ်လ ၃၀ ရက်အထိ ကျင်းပခဲ့ပြီး ဒုတိယပုံမှန် အစည်းအဝေးကို သြဂုတ် ၂၂ ရက်မှ နိုဝင်ဘာ လဆန်းရက်များ အထိ ကျင်းပလျက်ရှိရာ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များသည် “ပြည်သူ့အသံ- လွှတ်တော် အသံ၊ ပြည်သူ့ဆန္ဒ - လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက်- လွှတ်တော်က ဖော်ဆောင်ရွက်” ဟူသည့် ပြည်သူ့ လွှတ်တော်၏ ဆောင်ပုဒ် အတိုင်း “လွှတ်တော် နိုင်ငံရေး” ကို အတူ ဆောင်ရွက်လျက် ရှိပြီး အပြန်အလှန် သိမြင် နားလည်မှု များလည်း ပိုမို အားကောင်းလာပြီ ဖြစ်သည်။

သို့ဖြစ်၍ ရွေးကောက်ပွဲ အပြီး တစ်နှစ်တာ အတွင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ အပေါ် ကိုယ်စားလှယ်တို့၏ ရှုမြင် ခံစားပုံကို ဖော်ပြအပ်ပါသည်။ (နေရာ အခက်အခဲကြောင့် ကိုယ်စားလှယ် လေးဦး၏ အမြင်ကိုသာ ဖော်ပြခြင်း ဖြစ်သော်လည်း ၄င်းတို့၏ အမြင်မှာ ကျန်ကိုယ်စားလှယ် အများစုကိုယ်စား အဓိပ္ပာယ် သဘောတူ သောကြောင့် ကိုယ်စားလှယ်များ၏ အမြင်အဖြစ် မှတ်ယူနိုင်ပါသည်။)

ဒလမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းဦး

“သူက Flexible ရှိလို့ ကျွန်တော်တို့ သဘောကျတယ်။ ကိုယ်စားလှယ်တွေ အပေါ် နားလည်မှု အပေးနိုင်ဆုံး ပုဂ္ဂိုလ်လည်း ဖြစ်တယ်။ ပွင့်လင်းမှုလည်း ရှိတယ်။ ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေနဲ့ ပတ်သက်ရင် အများကြီး လိုက်လျောတယ်။ လွှတ်တော် နိုင်ငံရေး အစပိုင်းမှာကို ဒီလောက် အထိ ဖြစ်လာတဲ့ အပေါ်  ကျွန်တော်တို့က ကျေနပ်ပါတယ်။

“….သူ့မှာ လွှတ်တော် ဥက္ကဋ္ဌ လုပ်ပိုင်ခွင့်တွေ ရှိသော်လည်း ကိုယ်စားလှယ် တချို့ရဲ့ မေးခွန်းတွေ၊ အဆိုတွေ သတ်မှတ် အချိန်ထက် ပိုကြာ သွားတာမျိုးကို ဥက္ကဋ္ဌက မဖြတ်ဘဲ လိုက်လျောတာတွေ ရှိတယ်။ ပြည်သူ့ အသံတွေကို အပြည့် အဝ ကြားနာရဖို့ အတွက် နားလည်မှု ပေးပြီး အချိန်ပို ခွင့်ပြုပေးတယ်။ အဆိုတစ်ခုကို ဝိုင်းဆွေးနွေး ကြရာမှာလည်း ဥက္ကဋ္ဌရဲ့ လုပ်ပိုင်ခွင့်အရ ပါဝင် ဆွေးနွေးကြတဲ့ ကိုယ်စားလှယ် ဦးရေကို လျှော့ချလို့ ရပေမယ့် ဒေသတွေက မတူတဲ့ အတွက် ဖြစ်နေကြတဲ့ အခက်အခဲတွေလည်း မတူနိုင်တော့ ဒါတွေကို အားလုံး သိခွင့်ရမှ ပြည်သူအတွက် ဘာလုပ်ပေး နိုင်သလဲ ဆိုတာ ရှိလေတော့ ဥက္ကဋ္ဌ အနေနဲ့ နားလည်စွာနဲ့ လိုက်လျောမှုတွေ ပေးခဲ့ပါတယ်။ ဒီအချက်ကို ကျွန်တော်တို့ သဘောကျ ပါတယ်”

အလုံမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးခိုင်မောင်ရည် (ခေါ်) ဦးခင်မောင်ရည်

“သူရဦးရွှေမန်းဟာ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အဆင်အပြေဆုံး ဆောင်ရွက်နိုင်တဲ့ ပုဂ္ဂိုလ်ပါပဲ။ လွှတ်တော်ကလည်း အသစ်၊ ကိုယ်စားလှယ်တွေ ကလည်း အသစ်ဆိုတော့ တစ်ခါတစ်ရံမှာ ဆောင်ရွက် ကြရတဲ့ ကိစ္စတွေမှာ အပြန်အလှန် ပြောဆိုမှုတွေမှာ အမှား အယွင်းတွေ ရှိတယ်။ ဒါကို သူက နားလည် ခွင့်လွှတ် ပေးနိုင်တယ်။ လွှတ်တော်ကြီးကို အသက် ဝင်အောင်၊ အဆင်ပြေအောင် ထိန်းညှိ ပေးသွားနိုင်သူ ဆိုတာ သူ့လုပ်ရပ်တွေက ပေါ်လွင်စေပါတယ်။

“…..သူ့ရဲ့ အားနည်းချက် ဆိုလို့ ဝတ်စား ဆင်ယင်မှုကိုပဲ ပြောရမှာပါ။ နိုင်ငံရေး အသိမှာရော ဆောင်ရွက်မှု အပိုင်းမှာပါ သူက အားမနည်း ပေမယ့် ဝတ်စား ဆင်ယင်ပုံကတော့ အားနည်း နေသလားပဲ။ ပုဆိုးဆိုရင် ချည်ပုဆိုးပဲ ကြိုက်တယ်။ ပိုးပုဆိုး မဝတ်ချင်ဘူးလို့ သူက ရိုးရိုး သားသားပဲ ပြောတယ်။ ပုဆိုးတိုတို ဝတ်တဲ့ အကျင့်ရှိတယ်။ ရှည်ရှည် ဝတ်ရင် ခလုတ် တိုက်လဲမှာ စိုးလို့ပါတဲ့။ ဒါဟာ သူ့ရဲ့ ချစ်ခင် လေးစားစရာ ကောင်းတဲ့ ရိုးသားမှုပါ” လို့ ဦးခိုင်မောင်ရည်က ပြောပါတယ်။

သူရဦးရွှေမန်းဟာ တပ်မတော်ရဲ့ ဗိုလ်ချုပ်ကြီးဟောင်းလည်း ဖြစ်ခဲ့၊ နိုင်ငံတော်ရဲ့ ကြီးမားတဲ့ တာဝန်တွေကိုလည်း ယူခဲ့ရသူ ဖြစ်လို့ အခုလို လွှတ်တော်မှာ ဥက္ကဋ္ဌ တစ်ဦးအနေနဲ့ ခေါင်းဆောင် ရပ်တည်ပြီး ကိုယ်စားလှယ်တွေ အပေါ်မှာရော၊ ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်တွေ အပေါ်မှာပါ ထိန်းညှိပေးမှုတွေဟာဒီမိုကရေစီနည်းလမ်းကျကျ ဆောင်ရွက် နိုင်တယ်လို့ မြင်ပါသလားလို့ မြန်မာတိုင်း(မ်)
မေးတဲ့အခါ သူက
“ဥက္ကဋ္ဌကြီးဟာ တစ်ခါတစ်ရံမှာတော့ သူ့ကိုယ်သူ တပ်ကလာတာလို့ ပြောဆို သုံးနှုန်းတာ ရှိပါတယ်။ ဒါပေမယ့် တပ်မတော်နဲ့ ပတ်သက်တဲ့ ကိစ္စမျိုးမှသာ သုံးလေ့ရှိတာပါ။ သူ ဖြတ်သန်းခဲ့ရတဲ့ ဘဝကို ထောက်ပြတဲ့ သဘောပါ။ တကယ်တမ်း သူ အပြောများတာက 'ကျွန်တော်လည်း ကိုယ်ရည်သွေး ပြောရမယ် ဆိုရင် လယ်သမား သားသမီးပါ' လို့ပဲ ပြောလေ့ ရှိပါတယ်။"

“….ကျွန်တော်တို့ အနေနဲ့ တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကိုယ် '၈' လေးလုံး (ကျောင်းသားဟောင်းတွေ) ဖြစ်ခဲ့တာကို ပြောမိပါတယ်။ ကျွန်တော်တို့ကို '၈' လေးလုံး သောင်းကျန်း သူတွေလို့  အပြောခံရတဲ့ အခါ မခံနိုင်ပါဘူး။ ဒါနဲ့ ပတ်သက်ပြီး ဥက္ကဋ္ဌကြီးက ကျွန်တော့်ကို 'ရင်ထဲမှာ အမာရွတ်တွေ ရှိသေးသလား' လို့ ပွင့်ပွင့် လင်းလင်း မေးပါတယ်။ အဲဒီလို မေးနိုင် သူလည်း ဖြစ်ပါတယ်။ ပြီးတော့ သူကိုယ်နှိုက်က သူ့ကိုယ်သူ 'ဒီမိုကရေစီ ဘက်တော်သား အပေါင်းတို့' လို့ ရဲရဲတင်းတင်း ပြောပါတယ်။ လွှတ်တော်ထဲမှာ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲ မရှိဘဲ ဒီမိုကရေစီ ကျကျ ကျင့်သုံးကြဖို့ သူက အမြဲ တိုက်တွန်းလေ့ ရှိသလို သူကိုယ်တိုင်ကလည်း ကျင့်သုံးနေသူလို့ မြင်ပါတယ်”

ဦးစိုင်းဆောင်ဆီ (ခေါ်) ဦးအယ်လ်ဆင်၊ ကျောက်မဲ မဲဆန္ဒနယ်

“ဦးရွှေမန်းအပေါ် အသားလွတ် ဝေဖန်တာထက် စာရင် ကိုယ်တွေ့တစ်ခု ပြောပြချင်တယ်။ ဂျွန်မက်ကိန်း လွှတ်တော်ကို လာတုန်းက ဥက္ကဋ္ဌနဲ့ရော ကိုယ်စားလှယ်တွေနဲ့ပါ တွေ့ပြီးကြတဲ့အခါ အခုလို စကားဝိုင်း ထိုင်ဖြစ်ကြတယ်။ ဥက္ကဋ္ဌကြီးကို ကျွန်တော်က 'လူထုအတွက် ဥပဒေပြုရေး အပိုင်းမှာ ဥက္ကဋ္ဌကြီးက တကယ့် စေတနာနဲ့ စိတ်အား ထက်သန်စွာနဲ့ ဆောင်ရွက် ပေးမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ အားကိုး ယုံကြည်မိပါတယ်' လို့ ပြောလိုက်တော့ သူက 'ကျွန်တော့်ကို ဒီလိုဝေဖန်တဲ့ အတွက် ကျေးဇူးတင်တယ်။ ကျွန်တော့် ဘက်ကလည်း ပြောစရာ ရှိတယ်။ ကျွန်တော်တို့ဟာ အရင် အစိုးရကနေ လာတာ ဆိုတော့ လူတွေရဲ့ အမြင်မှာ ဒီလိုပဲ ထင်ကြမယ်။ အရင်က န.အ.ဖ က လာတဲ့ လူတွေပေါ့။ ဒါပေမယ့် ကျွန်တော်ကလည်း ကျွန်တော့် အလုပ်ကို လူထုအတွက် ပီပီပြင်ပြင် လုပ်ပါ့မယ်။ ကျွန်တော့်ကို အားကိုးသလို အားကိုးထိုက်တဲ့ လူတစ်ယောက် ဖြစ်အောင်လည်း ကြိုးစားပါမယ်' လို့ ပြန်ဖြေခဲ့တယ်။

“သူ့ရဲ့လက်တွေ့ လုပ်နည်းလုပ်ဟန်တွေ အပေါ်မှာလည်း ကျွန်တော်တို့ ကျေနပ်ပါတယ်။ အလုပ်မှာ သူ့ရဲ့ စေတနာက ပေါ်လွင်ပါတယ်။ တကယ်တမ်း ဆိုရင် အခု လွှတ်တော်ထဲမှာ ကိုယ်စားလှယ်တွေနဲ့ ဥက္ကဋ္ဌကြီးနဲ့ တိုက်ရိုက် ဆက်သွယ်ပြီး ဆောင်ရွက်ရတဲ့ အလုပ်တွေမှာ သူက မခြွင်းမချန် ဆောင်ရွက် ပေးတာတွေ ရှိတယ်။ ဥပမာ - နေပြည်တော် စည်ပင် ဧည့်ရိပ်သာမှာ ဧည့်ရိပ်သာရဲ့ စည်းကမ်းပိုင်း တချို့နဲ့ အဆင်မပြေမှုတွေနဲ့ ကိုယ်စားလှယ်တွေ ကြုံရတဲ့အခါ သူကိုယ်တိုင် လိုက်လာပြီး အဆင်ပြေအောင် စီစဉ် ပေးတာမျိုးတွေ၊ ဒေသခံ မဲဆန္ဒရှင် ပြည်သူတွေက ကိုယ်စားလှယ်က တဆင့် တိုင်ကြားမှုအပေါ် အစ- အဆုံးတိုင် အရေးတယူ ဆောင်ရွက် ပေးတာမျိုးတွေ ရှိတဲ့အတွက် ကျွန်တော်တို့ သူ့ကို သဘောကျပါတယ်”

ဦးသိန်းညွန့်၊ သင်္ဃန်းကျွန်း မဲဆန္ဒနယ်

“ဥက္ကဋ္ဌကြီးက ပြောတယ်။ သူဟာ ပါတီခေါင်းဆောင် အဖြစ် လွှတ်တော်မှာ မရပ်တည်ဘဲ လွှတ်တော် ဥက္ကဋ္ဌ အဖြစ် လွှတ်တော် နိုင်ငံရေး ခေါင်းဆောင် အဖြစ် ရပ်တည်ခဲ့တဲ့ အတွက် အခုလို လွတ်ငြိမ်း ချမ်းသာခွင့် အဆိုမျိုးတွေ အောင်မြင်တယ် ဆိုတာ သိသာပါတယ်။ ကျွန်တော်တို့ ကြိုးပမ်းမှုက တစ်ဝက်ပါခဲ့ရင် သူ့ခေါင်းဆောင်မှုက တစ်ဝက် ပါတယ်လို့ ဆိုရမယ်။

“….အခု သူ့ဆောင်ရွက်ချက် အားလုံးကို ခြုံကြည့်ရင် လွှတ်တော် အတွင်းမှာ ဥပဒေ၊ နည်းဥပဒေတွေနဲ့ အညီ အကောင်းဆုံး ကိုင်တွယ် သွားနိုင်တဲ့ ဥက္ကဋ္ဌကောင်း တစ်ဦးဖြစ်ပြီး တိုင်းပြည်အတွက် အကောင်းဆုံး အဖြေတွေရအောင် ကြိုးစားနေသူ ဖြစ်တယ် ဆိုတာ တွေ့ရတယ်။ သူပြောနေကျ စကားနဲ့ ပြောရရင် နိုင်ငံတော်နဲ့ နိုင်ငံသားတွေ အကျိုးစီးပွား အတွက် အစွမ်းကုန် အလုပ်လုပ်နေတဲ့ ဗိုလ်ချုပ်ဟောင်း တစ်ယောက် ဖြစ်တယ်လို့ ကျွန်တော်မြင်ပါတယ်။

“…လောကမှာ ဘယ်သူမှ perfect မဟုတ်ဘူး။ ဒါကြောင့် တော်တော် များများက လွှတ်တော် အတွေ့အကြုံတွေ နုနယ်သေးတဲ့ အခုလို အချိန်မှာ သူက လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အလိုကို လိုက်ပြီး ဆောင်ရွက် ပေးတာတွေ ရှိပါတယ်။ ဒါကို အားနည်းချက်လို့ ပြောရင်ရမှာပါ။ ဒီနေ့ပဲ ထမင်းစားခန်းမှာ ကျွန်တော်သူ့ကို အလွတ်သဘော အကြံ ပြုခဲ့ပါတယ်။ နောက်တစ်ကြိမ် လွှတ်တော် အစည်းအဝေးတွေမှာ မေးခွန်းတွေ အခုထက်ပိုပြီး ကျစ်ကျစ်လျစ်လျစ် ရှိဖို့ မေးတဲ့ သူတွေရော ဖြေတဲ့ သူတွေကိုပါ ဥက္ကဋ္ဌကြီးက တိုက်တွန်း စေလိုပါတယ်လို့။

“…တချို့ မေးခွန်းတွေဟာ ဇယား - ၂ အရ တိုင်းဒေသကြီး လွှတ်တော်တွေမှာ မေးရမှာ ဖြစ်တယ်။ ဒီမှာ မေးခွင့် ပြုလိုက်တော့ အချိန် အတော်များများ ကုန်တယ်။ အဖြေတွေမှာ အချိန်ထပ် အစည်းအဝေးတွေမှာ ဘယ်လို လုပ်သင့်သလဲ ဆိုတာ အကြံပေးလိုကြောင်း သူ့ကို ပြောဖြစ်ပါတယ်။ ဒါတွေကို ဥက္ကဋ္ဌကြီးက သိသော်လည်း အကြောင်း ကြောင်းကြောင့် အခွင့်အရေး ပေးတဲ့ သဘောလို့ နားလည်မိပါတယ်။

“…အရေးတကြီး ပြင်စေလိုတဲ့ အချက်ကတော့ လွှတ်တော် ဆိုတာ Debate ပါ။ အပြန်အလှန် ဆွေးနွေးမှုပါ။ စကား အချေ အတင်ပြောတဲ့ အဆင့်ကို ရောက်အောင် သွားဖို့ လိုပါတယ်။ လွှတ်တော်ရေးရာ ကော်မတီတွေလည်း ဖွဲ့ထား ပြီးပါပြီ။ အဲဒီ ကော်မတီတွေပါ တကယ် အလုပ်လုပ်လာကြရင် ကျွန်တော် ယုံကြည်ပါတယ်။ ပြည်သူ့ လွှတ်တော်ကို လူထုက ပိုမို ယုံကြည် အားကိုးလာတဲ့ လွှတ်တော် ဖြစ်လာအောင် ဥက္ကဋ္ဌကြီးက လုပ်ပေးနိုင်ပါလိမ့်မယ်”

သူရဦးရွှေမန်း ကိုယ်ရေး အကျဉ်း
မှတ်ပုံတင် - ၇/သကန (နိုင်) ၀၀၇၉၅၂
မွေးသက္ကရာဇ် - ၁၁.၇.၁၉၄၇
ဇာတိ - ကညွှတ်ကွင်း၊ ဖြူးမြို့နယ်
ပညာအရည်အချင်း - B.Sc (D.S.A) ၊ H.G.P ၊
အဘ - ဦးဖိုးဖေ (ကွယ်လွန်)၊ အမိ - ဒေါ်ဌေးရီ
ဇနီး - ဒေါ်ခင်လေးသက်၊ အ. ထ. ပြ (ငြိမ်း)
သားသမီး - ဦးအောင်သက်မန်း၊ ဦးတိုးနိုင်မန်း
ပါတီ - ပြည်ခိုင်ဖြိုး
မဲဆန္ဒနယ် - ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ဇေယျာသီရိမြို့နယ်
သင်ကြားခဲ့သော ကျောင်းများ -
(၁) အ.မ.က၊ တောင်ပိုင်းရပ်၊ ကညွှတ်ကွင်း
(၂) အ.ထ. က ၊ ကညွှတ်ကွင်း
(၃) အမှတ်စဉ် (၁၁) ဗိုလ်လောင်း သင်တန်း၊ စစ်တက္ကသိုလ်၊ ပြင်ဦးလွင်
Read More

KIA / KIO ဆိုတာ ဘယ်သူတွေကို ကိုယ်စားပြုတာလည်း


အခုနောက်ပိုင်းမှာ အစိုးရတပ်တွေရဲ့ တိုက်စစ်ဆင်မှုတွေကြောင့် ကချင်ပြည်နယ် လွတ်မြောက်ရေး ကချင်ပြည်နယ် လွတ်မြောက်ရေးဆိုပြီး တအော်ထဲအော်ခဲ့ ကြတဲ့ KIA / KIO တပ်ဖွဲ့တွေဟာ တစ်ဖြည်းဖြည်း အင်အားချည့်နဲ့ လာသလို အကျအဆုံးများလာတဲ့ အချိန်မှာ တစ်ချိန်က သူတို့ရဲ့ ကချင်ပြည်နယ် လွတ်မြောက်ရေးဆိုတဲ့ အခြေအနေ ကနေပြီး အခုအချိန်မှာ ကချင်လူမျိုး လွတ်မြောက်ရေး ဆိုတဲ့ လူမျိုးရေးခွဲခြား ပြီးဆက်ဆံ မှုတွေ အထိကို ရှိလာနေပြီ ဖြစ်ပါတယ် .. ဒါဟာ သူတို့ကိုယ်သူတို့ အမည်တပ်နေသော ကချင်နိုင်ငံတော် တော်လှန်ရေးတပ်ဖွဲ့ ဆိုပြီး ကချင်ပြည်နယ်အား လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်နေသည်ဟု အမည်တပ်နေကြ သော်လည်း လက်ရှိ အမှန်တကယ် ဖြစ်ပေါ်နေသော အခြေအနေများအရ ကချင်လူမျိုး ဟုခေါ်သော ကချင်ပြည်နယ် အတွင်းရှိ ကချင်လူမျိုးစု တစ်ခုကိုသာ လူမျိုးရေးမှိုင်းတိုက်သွင်းပြီး  KIA / KIO ၏ အကြမ်းဖက်မှုများ ၊ တရားမ၀င်လုပ်ငန်းများ ၊ မှောင်ခိုလုပ်ငန်းများ ရေရှည်တည်တံ့စွာ ဆောင်ရွက်နိုင် စေရန် ခုတုံးလုပ် ဆောင်ရွက် နေသည်မှာ လက်ရှိအခြေအနေများ ကသက်သေပြလျှက် ရှိနေပါသည် .. ကချင်ပြည်နယ် လွတ်မြောက်ရေး ဟုသာ ဆိုပါက အဘယ်ကြောင့်  ၂၀၁၁ ၊ အောက်တိုဘာလ ( ၂၃ ) ရက်နေ့ တွင် KIA ဒုစစ်ဦးစီးချုပ်ဟု အမည်တပ်ထားသော အက်စ်ဂွန်မော် မှ " ကချင်နိုင်ငံတော် တော်လှန်ရေး တပ်ဖွဲ့ဝင်များ လိုက်နာရန် ညွန်ကြားချက် ထုတ်ပြန်ခြင်း " ဟူသော ခေါင်းစဉ်ဖြင့်  ကချင်ပြည်နယ် အတွင်း မှီးတင်း နေထိုင်လျှက်ရှိသော မြန်မာလူမျိုး တိုင်းရင်းသားများအား ယုံကြည်မှုမရှိ ဖမ်းဆီးစစ်ဆေး သတ်ဖြတ်ခြင်း များကို ပြုလုပ်ပါရန် ညွန်ကြားချက် ထုတ်ပြန်ခဲ့ရသလည်း ဆိုတာကိုတော့ မတွေးဆတက်အောင်ပင် ဖြစ်ခဲ့ရပါတယ် .. 



နောက်တစ်ချက်ကတော့ လက်ရှိအောက်တွင် ဖော်ပြထားသော စစ်တမ်းများအရ ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည်မှာ မြန်မာတိုင်းရင်သား ကချင်လူမျိုးများသာ မဟုတ်ပဲ တစ်ခြား တိုင်းရင်းသား လူမျိုးများ ဖြစ်ကြသော ဗမာလူမျိုးများ နှင့် ရှမ်းလူမျိုး များလည်း နေထိုင်ကြကြောင်း တွေ့ရပါတယ် ..  ထို့ကြောင့်  KIA / KIO ၏ လက်ရှိ ထုတ်ပြန်ချက်များသည် ကချင်ပြည်နယ် အတွင်း နေထိုင်ကြသော တိုင်းရင်းသား လူမျိုးများ ကြားတွင် ကချင်လူမျိုးဟူသော လူမျိုးရေး ခွဲခြားမှုများ ဖြင့် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း KIA / KIO တို့၏ အကြမ်းဖက်မှုများ ၊ တရားမ၀င်လုပ်ငန်းများ ၊ မှောင်ခိုလုပ်ငန်းများ ရေရှည် တည်တံ့အောင် ဆောင်ရွက် နေသည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိတော့သလို ကချင်ပြည်နယ် လွတ်မြောက်ရေး ၊ ကချင်တော်လှန်ရေးတပ်ဖွဲ့ ဆိုသော အသုံးအနှုံးများမှာလည်း လက်တွေ့ဖြစ်ပေါ်နေသော အခြေအနေနှင့် နှိုင်းယှဉ်ကြည့်လိုက်ပါက အထူးပင် အရုပ်ဆိုး အကြည်းတန်လှပါသည် .. ထို့ကြောင့် အောက်တွင် ဖော်ပြထားသော အချက်အလက်များအရ KIA / KIO ဆိုတာ ဘယ်သူတွေ အတွက် တိုက်ပွဲဝင်နေရတယ် ၊ ဘယ်ပြည်နယ် လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်နေရတယ် ၊ ဘယ်သူတွေ အတွက် ရပ်တည်နေတယ် ဆိုတာကိုတော့ ......

ကချင်ပြည်နယ်အတွင်း နေထိုင်ကြသော တိုင်းရင်းသား လူမျိုးစုများ
 
၁.ဗမာလူမျိုးစုများ  ( ၉၇၉၇၂ ) ဦး


၂.အခြားလူမျိုးနွယ်စုများ( ၇၁၆၅၆ ) ဦး


( ဂ ) ဗန်းမော်ခရိုင်လူဦးရေ စုစုပေါင်း ( ၄၁၈၉၂၇ ) ဦး

       ( ၁ ) ကချင်မျိုးနွယ်စုများ ( ၁၀၇၁၉၀ ) ဦး

       ( ၂ ) ရှမ်းမျိုးနွယ်စုများ     ( ၁၂၆၄၈၆ ) ဦး

       ( ၃ ) ဗမာမျိုးနွယ်စုများ     ( ၁၆၁၂၆၁ ) ဦး

       ( ၄ ) အခြားမျိုးနွယ်စုများ ( ၂၃၉၉၀ ) ဦး


( ဃ ) မိုးညှင်းခရိုင်လူဦးရေ စုစုပေါင်း ( ၄၆၄၂၁၁ ) ဦး

       ( ၁ ) ကချင်မျိုးနွယ်စုများ   ( ၈၇၈၀၇ ) ဦး

       ( ၂ )  ရှမ်းမျိုးနွယ်စုများ     ( ၁၆၂၂၁၃ ) ဦး

       ( ၃ ) ဗမာမျိုးနွယ်စုများ      ( ၁၈၆၂၅၄ )ဦး

       ( ၄ ) အခြားမျိုးနွယ်စုများ    ( ၂၇၉၃၇  ) ဦး


၃။   သို့ဖြစ် KIA / KIO အဖွဲ့သည် ကချင်ပြည်နယ်အတွင်းမှီတင်းနေထိုင်ကြသူ ပြည်သူလူထုအားလုံးကို

ကိုယ်စားပြုပါသလား?


၎။   ကချင်ပြည်နယ် ခရိုင်အားလုံးကို ကိုယ်စားပြုပါသလား? 


၅။   ကချင်လူမျိုးအားလုံးကို ကိုယ်စားပြုပါသလား ?


၆။   ကချင်လူမျိုးနွယ်စုအားလုံးကို ကိုယ်စားပြုပါသလား?                 


စဉ်းစားကြည့်နိုင်ပါတယ်..



မြင်စေချင်သူ

Read More

KIA ဘွမ်တောင်စခန်းအစိုးရတပ်ကသိမ်းပိုက်

 
ဝိုင်းမော်-ကံပိုက်တီးသွားတဲ့လမ်းကြောင်းပေါ်မှာရှိတဲ့ ကေအိုင်အေတပ်ရင်း (၃) လက်အောက်ခံ တပ်ဖွဲ့ တစ်ဖွဲ့ကတာ ၀န်ယူထားတဲ့ ဘွမ်တောင်စခန်းကို နိုဝင်ဘာ ၇ ရက်နေ့က အစိုးရတပ်တွေကသိမ်းပိုက် သွားပြီးလို့သိရ ပါတယ်။
 

 
 ဘွမ်တောင်စခန်းဟာ ၀ိုင်းမော်-ကန်ပိုင်တီးလမ်းကြောင်းပေါ်ကအဓိက စခန်းတစ်ခုဖြစ်ပြီး အစိုးရတပ်ရဲ့ ပြင်းထန်တဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကိုခံခဲ့ရလို့ဆုတ်ခွါပေးလိုက်တာပါလို့ အဲဒီစခန်းကဆုတ်ခွါထွက်ပြေး လာတဲ့ရင်း(၃)မှ KIA စစ်သား ကပြောပါတယ်။ “ဒီရက်ဖြစ်တဲ့ တိုက်ပွဲတွေမှာ အခုရောက်လာတဲ့ တပ်မ (၈၈)က လက် နက်ကြီး တွေဆက်တိုက်ပစ်ပြီး အတင်းထိုးဖောက်ဝင်လာတယ်၊ တပ်မ(၈၈)ရောက်လာမှ တိုက်ပွဲတွေက ပိုပြင်း ထန်လာတယ်”လို့လည်းပြောပါတယ် အခုတစ်လောဖြစ်တဲ့တိုက်ပွဲတွေမှာ KIAတပ်တွေထိခိုက်ကျဆုံးမှုများနေပြီး မိုင်ဂျာယန်ဆေးရုံမှာလဲ ဒဏ်ရာရလူနာတွေများနေ လို့တချို့ ကိုတရုတ်ဘက်ကိုပို့ဆောင်ဖို့  ကြိုးစားနေတယ်လို့သိရပါတယ်။
 
 
 
Read More

အစွန်းရောက် လူမျိုးစွဲဝါဒကို ကျင့်သုံးလာသော KIA



နိုဝင်ဘာလ  ၅ ရက်နေ့ ည ၇ နာရီခန့်က KIA တပ်ရင်း ၂၇ မှ အင်အား ၆  ဦးခန့်သည်  ဆိုင်ကယ် ၂ စီးဖြင့် မန်စီမြို့နယ်၊ ရီခူးကျေး ရွာမှ ထွက်လာရာ  ကုန်းတိန်ကျေးရွာ အလယ်နတ်စင်ရှေ့အရောက် ကုန်းတိန်ရွာသား ၂ ဦးမှ လမ်းမဖယ်ပေးလို့ ဆိုင်ကယ်မှောက်ပြီး ရွာသား ၂ ဦးနှင့် စကားများ ရန်ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ရွာသား ၂ ဦးကို သေနတ်ဖြင့် လိုက်လံပစ်ခတ်ရာ ဦးဝင်းအောင်နှင့် ဦး ထွန်းမောင်တို့ ဒဏ်ရာများ ရရှိပြီး ထွက်ပြေးလွတ်မြောက်လာခဲ့တယ်။

လူမျိုးရေးအစွန်းရောက်နေသော KIA စစ်သည်များ

ည ၈ နာရီတွင် KIA အဖွဲ့သည် ကုန်းတိန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဦးအား ရွာသား ၂ ဦးကို ဖမ်းဆီးပေးရန် ပြောဆိုပြီး ဒဏ်ရာရနေသော ရွာသား ၂ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကုန်းတိန် ရွာသားတစ်ဦးက ပြောကြားခဲ့ပါတယ်။ နောက်တစ်နေ့တွင် ဦးသန်းဦးမှ လိုက်လံတောင်းပန်သဖြင့် ၄င်းရွာသား ၂ ဦးအား နှိပ်စက်ပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။ ဦးဝင်းအောင်မှာ ကုန်အရောင်းအ၀ယ်ဖြင့် လာရောက်သူ ဧည့်သည်ဖြစ်ပြီး၊ ဦးထွန်းမောင်မှာ ကုန်းတိန်ရွာတွင်နေထိုင်သူ ဖြစ်ပါတယ်။ KIA တပ်များ အနေဖြင့် ဂျိန်းဖောလူမျိုးများမှ လွဲ၍ ကျန်လူမျိုးများအား သတ်ဖြတ်ရန် ကြိုးစားလာပါတယ်။ ယခင်နှစ် စက်တင်ဘာလကလည်း ရ၀မ်လူမျိုးတွေ နေထိုင်တဲ့ ခေါင်လန်ဖူးရွာကို မီးရှို့ပြီး ရွာသား ၃ ဦးကို သတ်ဖြတ်ကာ ရွာလုံးကျွတ်မီးရှို့ခဲ့တယ်။  “ ခု ဖမ်းဆီးနှိပ်စက်ခံရတဲ့ ရွာသားနှစ်ဦးက ဗမာ တွေဖြစ်ပြီး KIA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်ရဲ့ KIA တပ်များ အရှိန်မြှင့်ရန်ဆိုတဲ့ အမိန့်ထွက်ပြီးနောက်မှာ ဗမာနှင့် ရှမ်းလူမျိုးတွေကို ပိုမိုနှိပ်စက် လာပါတယ်။ KIA အဖွဲ့ရဲ့လုပ်ဆောင်ချက်တွေဟာ လူမျိုးရေး အမြင်ကျဉ်းမြောင်းပြီး အစွန်းရောက်ဝါဒကို လက်ကိုင်ထားတဲ့ အစ္စလမ်မစ် အစွန်းရောက်တွေလို ဖြစ်နေတယ် ” လို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသူများ က ပြောပါတယ်။ 
 
 
 
Read More

KIAတပ်ဖွဲ့များထောင်ထားခဲ့သောမိုင်းများနင်းမိ၍ ရွာသားများ ဒဏ်ရာပြင်းထန်စွာ ရရှိသွား

 
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အနေနဲ့အစိုးရတပ်တွေသွားလာနိုင်တဲ့လမ်းကြောင်းတွေမှာမိုင်းတွေအ ဆက်မပြတ်ထောင်လျက်ရှိနေပါတယ်။အစိုးရတပ်တွေထိခိုက်နစ်နာဆုံးရှုံးဖို့ရည်ရွယ်ပြီးထောင်နေတာဖြစ်ပေမဲ့အစိုး ရတပ်တွေမလာခင်စပ်ကြားမှာဒေသခံပြည်သူတွေနေ့စဉ်နဲ့အမျှသွားလာနေကြပါတယ်။ထင်းခွေ၊ရေခပ်၊တောင်ယာ လုပ်ငန်းခွင်သို့သွားရောက်လျက်ရှိပြီးမိသားစုစားဝတ်နေရေးကိစ္စရပ်တွေလုပ်ကိုင်နေကြရပါတယ်။အဲဒီလိုသွားလာ ရင်းKIAတပ်တွေနဲ့တွေ့တဲ့အခါအတင်းအဓမ္မဖမ်းဆီးပြီးKIAတပ်ထဲကိုခေါ်သွားပါတယ်။အသက်အရွယ်ကြီးရင့်သူတွေ ဆိုရင်တော့ပါလာတဲ့ပစ္စည်းတွေသိမ်းပါတယ်။
မိန်းမချောချောလှလှလေးတွေတွေ့ရင်လဲတစ်ခါထဲခေါ်သွားပါတယ်။ကချင်ပြည်နယ်မှာနေရတဲ့ရွာသူရွာသားတွေအ တွက်တော့KIAဟာတကယ့်ကိုအလွန်တရာကြောက်စရာကောင်းလှတဲ့မကောင်းဆိုးဝါးတစ်ကောင်လိုပါပဲ။နိုဝင်ဘာ လ၄ရက်နေ့ကလဲဝိုင်းမော်မြို့နယ်ဝူယန်ကျေးရွာကရွာသား(၂)ဦးမိုင်းထိတဲ့ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။အဲဒီရွာကရွာ သားတွေဖြစ်တဲ့လဂွမ်ဒေါင်ဇောင်းနဲ့လ၀ါဒေါင်ခေါင်းတို့နှစ်ဦးဟာဝူယန်ရွာရဲ့အရှေ့တောင်ဘက်မှာထင်းခုတ်ဖို့အသွား KIAထောင်ထားတဲ့မိုင်းတစ်လုံးကိုနင်းမိပြီးဒဏ်ရာရခဲ့ပါတယ်။
လဂွမ်ဒေါင်ဇောင်း(၂၈)နှစ်ကဘယ်ဘက်ဒူးအောက်ခြေသလုံးရိုးသွားပြီးလက်ဝဲလက်ခလယ်ကျိုးသွားခဲ့ပါတယ်။လ၀ါ ဒေါင်ခေါင်း(၃၃)နှစ်ကတော့မျက်နှာတစ်ခုလုံးမိုင်းစတွေထိမှန်သွားခဲ့ပါတယ်။သူတို့နှစ်ဦးကိုဝိုင်းမော်ဆေးရုံကနေတ ဆင့်မြစ်ကြီးနားဆေးရုံကိုဆက်ပြီးပို့လိုက်ရပါတယ်။သူတို့နှစ်ဦးစလုံးအတွက်ဝူယန်ကျေးရွာတစ်ရွာလုံးကတော်တော် လေးစိတ်မကောင်းဖြစ်နေကြပါတယ်။မိုင်းတွေနေရာတကာမှာထောင်ထားတဲ့KIAတပ်တွေကိုလည်းရွံရှာမုန်းတီး လျက်ရှိနေကြပါတယ်။သူတို့(၂)ဦးဟာလူငယ်လေးတွေဖြစ်နေတဲ့အတွက်ကချင်လူငယ်တွေရဲ့အနာဂတ်တွေကိုဖျက် ဆီးပစ်နေသလိုဖြစ်တဲ့အကြောင်းဝူယန်ကျေးရွာကခရစ်ယာန်ဘာသာရေးခေါင်းဆောင်တစ်ဦးက ပြောဆိုပါတယ်။
 
Read More

အောင်မြင်သူ နှင့် မအောင်မြင်သူ



အောင်မြင်သူ သည် မိမိ ဘာကို အလိုရှိကြောင်းကောင်းစွာ သိသည်။အလိုရှိရာကိုရယူးရန် နည်းလမ်းအကြံအစည်လည်း ရှိသည်။မိမိတွင်ရယူနိုင်စွမ်းရှိသည်ဟုလည်း ယုံကြည်သည်။ပြီး မိမိ ဘ၀ ၏နေ့စဉ် အချိန် ကာလ အများစုကို မိမိအလိုရှိရာ ရရှိရေးကိစ္စ ထံတွင် နှစ်မြှပ်သုံးစွဲသည်။
မအောင်မြင်သူ တွင် လ၀ ရည်မှန်းချက်တိတိကျကျမရှိ။အောင်မြင်မှု မအောင်မြင်မှု ဟူသည် ကံအကြောင်းတရား သာ ဖြစ်သည်ဟု ယုံကြည်သည်။ထို့ကြောင့်မလွှဲသာမရှောင်သာသည့်အခါမျိုးမှတပါး ကိုယ်စွမ်း ကိုယ်စ ထုတ်လေ့မရှိ။

အောင်မြင်သူ သည် စည်းရုံးရေး သမားကောင်းတယောက် ဖြစ်သည်။မိမိ ပစ္စည်း အစွံထုတ် ရောင်းချတတ်သူ ဖြစ်သည်။မိမိ လုပ်ငန်း အစီအစဉ်တွင် သူတပါး တို့ အားတက်သရော ၀ိုင်းဝန်း ပါဝင်လာအောင် စည်းရုံးသိမ်းသွင်းတတ်သူ ဖြစ်သည်။
မအောင်မြင်သူ ကား အပြစ်ရှာသမား ဖြစ်သည်။တဖက်သား စေတနာ ပျက်အောင် လုပ်သူမျိုးဖြစ်သည်။မိမိ နှင့်ဆက်ဆံရသူ မှန်သမျှထံ အဆိုးမြင် စိတ်တွေ ပျံ့နှံ့အောင်သူ အားထုတ်နေတတ်သည်။

အောင်မြင်သူ သည် စဉ်းစားပြီးမှ စကားပြောသူ ဖြစ်သည်။သူ့စကားလုံးတွေ ကို အလွန်ချင့်ချိန်သည်။တဖက်လူများနှင့်ပတ်သက်ကာ နှစ်သက်စရာ ချီးကျူးစရာများကို အထူးဂရုပြု ဖော်ထုတ်တတ်သည်။မိမိ မနှစ်သက် သည်ကို တတ်နိုင်သမျှ သိမ်းဆည်း သိုသိပ်တတ်သည်။ဝေဖန် ပစ်တင်စကား မဆိုမိအောင် သတိထားသည်.
မအောင်မြင်သူ သည် ထိုသူနှင့် ဆန့်ကျင်ဘက်။မစဉ်းစား ပဲ စကားတွေပြောမည်.သူ့စကားကြောင့် တဖက်လူ စိတ်ထိခိုက်ရမည်.မိမိကို မုန်းတီးစေမည်.အဲ့သည်က တဆင့်ဆင့်ပွား လာသည့်ဆိုးကျိုးတွေကို မိမိပဲ တနေ့ ခံစားရမည်။

အောင်မြင်သူ သည် အကြောင်း ကိစ္စရပ်များနှင့် ပက်သက်ကာ ပြည့်စုံလုံလောက်စွာ သိရှိပြီးသည့်အခါမှသာ ယင်းတို့နှင့် စပ်လျဉ်း သည့် မိမိ အမြင်ကို သူတပါးရှေ့တွင် ကျိုးကြောင်း သင့်မြတ်စွာ တင်ပြပြောဆိုသည်။
မအောင်မြင်သူ ကား သေချာစွာ စူးစမ်းလေ့လာမှု မပြုပဲ ဝေဖန်မည်.မှတ်ချက်ချမည်.မိမိ လုံးဝ နားမလည်သည့် ကိစ္စများကိုလည်း ၀င်ရောက် စွက်ဖက်ပြောဆိုမည်.

အောင်မြင်သူ သည်အချိန်ကို လည်းကောင်း ငွေကိုလည်းကောင်း စနစ်တကျ စီမံခန့်ခွဲ သုံးစွဲသည်။
မအောင်မြင်သူ ကား အချိန်ကို တန်ဖိုးမထား။ငွေကိုလည်း မလေးစား။ ပစ်စလက်ခက် ဖြုန်းတီးပစ်တတ်သည်.

အောင်မြင်သူ သည် လူတဖက်သားကို စိတ်ဝင်စားသည်.မိမိ နှင့်အလုပ်အကိုင် တူသူနေရာဌာန တူသူ စသည့် တစ်နည်းနည်း ဆက်စပ် ပတ်သက်နေသူများအား ရင်နှီးခင်မင်စွာ ဆက်ဆံတတ်သည်.
မအောင်မြင်သူ ကား မလိုမရှိလျှင် ဘာသိဘာသာ၊ အလိုရှိမှ ခေါ်ပြောဆက်ဆံတတ်သည်။

အောင်မြင်သူ သည် ပွင့်လင်းသော စိတ်ထားရှိသည်။သဘောထားကြီးသည်။မတူသော အယူအဆ မတူသောလူများအပေါ် သည်းခံနိုင်စွမ်း ရှိသည်။
မအောင်မြင်သူ ကား တံခါးပိတ်ထားသော စိတမျိုးရှိသည်.မတူသော အယူအဆ ကိုမကြားနိုင်။မတူသော လူများကိုမကြည့်နိုင်။စိတ်တံခါး
ပိတ်ထားသည့် အတွက် အခွင့်အရေး ကောင်းတွေ ကိုလည်း သူမမြင်၊မသိ။ မိတ်ဆွေ အပေါင်းအသင်းတို့၏ ပူးပေါင်းဆောင်ရွက်မှု မျိုးကို
လည်း သူ ဘယ်သောအခါမှမရရှိ။

အောင်မြင်သူ သည် ခေတ်နှင့်အမီ ရင်ပေါင်တန်း နိုင်အောင်အမြဲကြိုးစားသည်။မိမိလုပ်ငန်း မိမိ အသက် မွေးဝမ်းကျောင်းနယ်ပယ် မိမိ အသိုင်းအ၀ိုင်း စသည်တို့ သာမက တကမ္ဘာလုံးမှာပါ ဘာတွေ ဖြစ်နေသလဲ အမြဲသိအောင် ဂရုပြုလေ့လာသည်.။
မအောင်မြင်သူ ကား လက်တလော ပတ်သက်နေသည့် ကိစ္စမှတပါး ဘာကိုမျှ အလေးမထား။ကိုယ်နှင့် တိုက်ရိုက်မပက်သတ်တာ မှန်သမျှဘာတခုမှ မသိ။

အောင်မြင်သူ သည် လောကကိုလည်းကောင်း၊ဘ၀ ကိုလည်းကောင်း အမြဲ အပြုဘက် က တွေးသည်။ မိမိ လုပ်ငန်းတွေ အောင်မြင်ခြင်း၊လောကကြီးထဲမှာ မိမိတွက် တနေရာ ရရှိခြင်းသည် မိမိ ၏ ဆောင်ရွက်ချက်တွေ များပြား ပြည့်စုံခြင်း အရည်အသွေး ပြည့်ဝ ခြင်းတို့ကြောင့်သာ ဖြစ်ကြောင်း ကောင်းစွာသိရှိသည်။
မအောင်မြင်သူ ကား ကိုယ် က မပေးပဲ ရချင်သူဖြစ်သည်။သူ့တွင် အချောင်စားချင်စိတ် ကြီးစိုးနေသည်။အချောင်မရသည့်အခါ သူတပါးတို့ လောဘ ကြီးကြောင်း ပြစ်တင်ပြောဆိုသည်။

အောင်မြင်သူ သည် သည်ကမ္ဘာတွင် လြူုဖစ်လာရခြင်း အတွက်ပင် ၀မ်းမြောက်ကျေနပ်ခြင်း ဖြစ်သည်။သူသည် ပတ်ဝန်းကျင်အပေါ် နှစ်သက်ခင်မင်မှု ရှိပြီး အများကောင်းကျိုး ဆောင်ရွက်ရန်လည်း အမြဲတက်ကြွ ထက်သန်နေသည်။
မအောင်မြင်သူ ကား လောက ကိုလည်းကောင်း ပတ်ဝန်းကျင်ကိုလည်းကောင်း အယုံအကြည်မရှိ။သူ သိသည်မှာ သူ့ အကျိုးစီးပွား ပဲ ဖြစ်သည်။သူသည် ရလျှင်ရသလို ဘနဖူးသိုက်တူးမည့် သူမျိုး ဖြစ်သည်.သို့တိုင်အောင် သူမကြီးပွားးးကြီးပွားလျှင်လည်း ရေရှည်မခံ။

             နောက်ဆုံးအနေနှင့်ပြောရမည်ဆိုလျှင်
  အောင်မြင်သူ နှင့်မအောင်မြင်သူ ကား စိတ်ဓါတ်ရော လုပ်ရပ်တွင်ပါ တဦးနှင့်တဦးတကမ္ဘာစီ ခြားကြသူများ ဖြစ်သည်။ထိုစိတ်ဓါတ်နှင့် လုပ်ရပ်များကြောင့်ပင် သူတို့၏ ဘ၀ အနေအထားများ လည်း ကွာခြားသွားရခြင်း ဖြစ်ပေသည်။
Read More

Popular Posts