ကချင်ပြည်နယ်၌ လက်နက်ကိုင် ပဋိပက္ခများကြောင့် ရွှေ့ပြောင်းနေထိုင်သူ ၁၄၀၀၀ ကျော် ကယ်ဆယ်ရေးစခန်း ၅၉ ခုတွင် နေထိုင်နေပြီး ငြိမ်းချမ်းရေးရပါက နေရပ်သို့ ပြန်ပို့မည်



ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အတွင်းရှိ ကယ်ဆယ်ရေး စခန်းတစ်ခုကို ဒီဇင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ်
ကချင်ပြည်နယ်အတွင်း အစိုးရ တပ်မတော်နှင့် ကေအိုင်အေတပ်တို့အကြား ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခများကြောင့် ပြောင်းရွှေ့ နေထိုင်သူ အရေအတွက် ၁၄၁၁၃ ဦးရေရှိပြီး မိသားစုအရေအတွက် ၃၆၁၀ ခုရှိကြောင်း သိရှိရသည်။
အဆိုပါရွှေ့ပြောင်းလာသူများ အတွက် စုစုပေါင်းကယ်ဆယ်ရေး စခန်းအရေအတွက်မှာ ၅၉ ခုရှိ ကြောင်း သိရှိရသည်။
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခများကြောင့် ရှောင်တိမ်းလာသည့် ကျောင်းနေအရွယ် ရွှေ့ပြောင်းနေထိုင်သူ ၉၈၅၈ ဦးအနက်မှ တစ်ဝက်ကျော် မှာ ကျောင်းတက်ခွင့်မရ ဖြစ်နေကြောင်း ကချင်ပြည်နယ်အစိုးရ အဖွဲ့မှလူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာ က ပြောကြားခဲ့သည်။

လက်နက်ကိုင် ပဋိပက္ခများကြောင့် ရှောင်တိမ်းလာသည့် ကျောင်းနေအရွယ် ရွှေ့ပြောင်းနေထိုင်သူ ၉၈၅၈ ဦးအနက်မှ တစ်ဝက်ကျော် မှာ ကျောင်းတက်ခွင့်မရ ဖြစ်နေကြောင်း

ကချင်ပြည်နယ် အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက “ပြောင်းရွှေ့နေထိုင်သူ အရေအတွက် ကမြစ်ကြီးနားမြို့နယ်မှာ လူဦးရေ အများဆုံးဖြစ်ပါတယ်။ စခန်းအရေအတွက်လည်း အများဆုံးဖြစ်ပါတယ်။ စခန်းအရေအတွက် ၂၄ ခုနဲ့ လူဦးရေ အများဆုံးက မြစ်ကြီးနားမြို့ပေါ်မှာ ဖြစ်တဲ့အတွက် မြို့ပြင်မှာ မဟုတ်ပါဘူး။ ၀ိုင်းမော်မှာလည်းစခန်း ၁၄ ခုရှိပါတယ်။ မြို့ပြင်မှာ မဟုတ်ပါဘူး။ မြို့တွင်းမှာရှိတဲ့ စခန်းတွေက အစိုးရလုံခြုံရေးအောက်မှာ လုံလုံခြုံခြုံနဲ့ရှိတဲ့ စခန်းများဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း က “ငြိမ်းချမ်းရေးရရင် အစိုးရအဖွဲ့ အနေနဲ့သူတို့နေရာ၊ သူတို့ရပ်ကွက်၊ သူတို့ကျေးရွာတွေကို ပြန်လည်ပို့နိုင်ဖို့ အတွက် ကားတွေစီစဉ်ပေးပြီး အိမ်တိုင်ရာရောက် ပို့ပေးမှာဖြစ်ပါတယ်။ နောက်ဆုံး အခြေအနေပေါ် မူတည်ပြီး လိုအပ်တဲ့စားဖို့၊ သောက်ဖို့ကိစ္စတွေ အားလုံးကို ကျွန်တော်တို့က သက်ဆိုင်ရာ UN,  NGO,  INGO တွေ ပူးပေါင်းပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်၊၊ အကယ်၍ မီးလောင်သွားတဲ့ အိုးအိမ်တွေရှိရင် အဲဒီကျေးရွာ၊  အဲဒီဒေသနဲ့ အခြေ အနေအပေါ် မူတည်ပြီး အားလုံးပူးပေါင်းပြီး အကောင်းဆုံး ဆောင်ရွက်ပေးသွားဖို့ ရှိပါတယ်”ဟု ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် ကချင်ပြည်နယ်အတွင်း လက်နက်ကိုင် ပဋိပက္ခများ ငြိမ်းချမ်းမှုရရှိစေရန် နှစ်ဖက်တွေ့ဆုံ ဆွေးနွေးရေးအဖွဲ့များ ဖွဲ့စည်းထားပြီး မကြာမီ ကေအိုင်အေ၊ ကေအိုင်အိုအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။


No comments:

Post a Comment