စစ်ရေးပြပွဲကြီးတစ်ခု ခင်းကျင်းပြသရန် မြောက်ကိုရီးယားနိုင်ငံက အထူးစီစဉ်နေ


ဆိုးလ်- မြောက်ကိုရီးယားသည် ခေါင်းဆောင်ကြီး ကင်ဂျုံအီးလ် ကွယ်လွန်ပြီးနောက် ယခုနှစ်ဦးပိုင်း၌ ပြုလုပ်မည့် နှစ်ပတ်လည် အခမ်းအနား များအတွက် ဒုံးလက်နက်များနှင့် အခြား လက်နက်မျိုးစုံပါဝင်သည့် ကြီးမားသော စစ်ရေးပြပွဲတစ်ခု ပြုလုပ်ရန် စိုင်းပြင်း လျက်ရှိသည်ဟု ယွန်ဟက် တောင်ကိုရီးယားသတင်းဌာနက ဇန်န၀ါရီလ ၃၀ ရက်တွင် ရေးသားဖော်ပြသည်။
ကြည်းတပ်၊ ရေတပ်နှင့် လေတပ် တပ်ဖွဲ့ အင်အားများစွာပါဝင်သည့် ယင်း စစ်ရေးလေ့ကျင့်ပြသမှုကို ပြုံယန်း မြို့တော်အနီး မီရင်းမ် လေတပ် အခြေ စိုက်စခန်းတွင် ယခင်လများ ကတည်းက စတင် လေ့ကျင့်လျက်ရှိကြောင်း အမည် မဖော်လိုသည့် တောင်ကိုရီးယား တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်း စစ်ရေးလေ့ကျင့်မှုများကို ခေါင်းဆောင်ကြီး ကင်ဂျုံအီးလ် မကွယ် လွန်မီကတည်းက ပြုလုပ်နေခဲ့သည်ဟု အဆိုပါတာဝန်ရှိသူ ကပင် ပြောကြားသည်။
ယခင်နှစ် ဒီဇင်ဘာလ ၁၇ ရက်တွင် ယခင်ခေါင်းဆောင်ကြီး ကွယ်လွန်ပြီးနောက် အငယ်ဆုံးသား ကင်ဂျုံအန်းက ခေါင်းဆောင်အဖြစ် အာဏာလွှဲပြောင်းယူခဲ့သည်။
အမည်မဖော်ပြသော တောင်ကိုရီး ယားတာဝန်ရှိသူ၏ အဆိုအရ ယခု စစ်ရေးပြသမှုကို မြောက်ကိုရီးယားနိုင်ငံ ထူထောင်သည့် ခေါင်းဆောင်ကြီး ကင်အီဆွန်း၏ နှစ် ၁၀၀ ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ်ဧပြီလ ၁၅ ရက်၊ သို့တည်းမဟုတ် စစ်တပ်ဖွဲ့စည်းမှု နှစ်ပတ်လည်နေ့ ဧပြီလ ၂၅ ရက် တွင် ခင်းကျင်းပြသရန် ရှိနေသည်။
တင့်ကားသစ်ကြီးများ၊ သံချပ်ကာ ကားများ၊ တာဝေးနှင့် တာလတ်ပစ် ဒုံးကျည်များအပါအ၀င် အဓိကျကသည့် လက်နက်များကို ဖြန့်ကြက်ထားပြီးဖြစ်ရာ ရှိသမျှလက်နက်မျိုးစုံကို ထုတ်သုံးပြသနိုင်ပါက ယင်းသည် နိုင်ငံ့အကြီးမားဆုံး စစ်ရေးပြပွဲ ဖြစ်လာ ဖွယ်ရှိသည်ဟုလည်း ဂျုံအန်အီးလ်ဘို သတင်းစာက တောင်ကိုရီးယား တာဝန်ရှိသူတစ်ဦးအား ရည်ညွှန်း၍ ထင်ကြေးပေးသည်။
ယခုသတင်းကို တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက အတည် ပြုလက်ခံခြင်း မရှိသေးပေ။
လေ့ကျင့်ဆဲ မြောက်ကိုရီးယား၏ စစ်ရေးပြပွဲကို ခေါင်းဆောင် ကင်ဂျုံ အီးလ်မွေးနေ့ (ဖေဖော်ဝါရီလ ၁၆ ရက်) တွင် ပြသမည်ဟု ဂျုံအန်အီးလ်ဘို သတင်းစာက ခန့်မှန်းသော်လည်း ယွန်ဟက်သတင်းဌာနက ဧပြီလတွင်မှ ပြသရန် အလားအလာပိုများသည်ဟု ဆိုသည်။
ကင်ဂျုံအီးလ်မကွယ်လွန်ခင် ကတည်း က ၎င်း၏မွေးနေ့ကို စစ်ရေးပြပွဲဖြင့် ကျင်းပလေ့မရှိခဲ့ပေ။ ဆင်းရဲသော်လည်း စစ်သည်အင်အား ၁ ဒသမ ၂ သန်းဖြင့် လက်နက် အပြည့်အစုံ တပ်ဆင်ဖြည့်ဆည်းထား သော မြောက်ကိုရီးယားနိုင်ငံသည် နိုင်ငံ နှစ်ပတ်လည်နေ့ကြီး ရက်ကြီးများကို ခြေထောက်ဆန့်ထုတ်၍ မြှောက်ကာ ငန်းပုံလျှောက်သည့် စစ်သည်များ၊ လက်နက်ကြီးများပါဝင်သည့် စစ်ရေး ပြပွဲကြီးများဖြင့် ကြိုဆိုကျင်းပလေ့ ရှိခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံ ထူထောင်သူ ၏ နှစ် ၁၀၀ ပြည့်မွေးနေ့အထိမ်း အမှတ်အဖြစ် မြောက်ကိုရီးယားသည် ၂၀၁၂ ခုနှစ်တွင် အင်အားအပြည့်နှင့် ကြီးပွားချမ်းသာသော နိုင်ငံဖြစ်ရမည် ဟု ကွယ်လွန်သူ ကင်ဂျုံအီးလ်က အလေးအနက်ကြေညာခဲ့သည်။ 

မြန်မာ့တိုင်း ( မ် ) သတင်းဂျာနယ်မှ ကူးယူဖော်ပြသည်။

1 comment:

  1. ရူးချက်ကကမ်းကုန်တယ်။

    ReplyDelete