ဥရောပသမဂ္ဂဖွံ့ဖြိုးရေး ကော်မရှင်နာမင်းကြီး Andris Peedalgs မြန်မာနိုင်ငံသို့ လာရောက်


ဥရောပသမဂ္ဂဖွံ့ဖြိုးရေး ကော်မရှင်နာမင်းကြီး Andris Piedalgs သည် လူသားချင်း စာနာထောက်ထားသော ကူညီထောက်ပံ့မှု အစီအစဉ်များကို တိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြောင်း သိရှိရသည်။ ၎င်းအနေဖြင့် နိုင်ငံတွင်း ဖွံ့ဖြိုးမှု အပါအ၀င် ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးကို အားပေးသည့်အနေဖြင့် ယူရိုသန်း ၁၅၀ ကို ထောက်ပံ့ပေးမည် ဖြစ်ကြောင်းလည်း သိရသည်။ ဥရောပသမဂ္ဂ(အီးယူ) အနေဖြင့် ယူရိုသန်း ၁၅၀ အမေရိကန် ဒေါ်လာသန်း ၂၂၀ တန်ဖိုးရှိ လူသားချင်း စာနာထောက်ထားသော ကူညီထောက်ပံ့မှု အစီအစဉ်များကို မြန်မာနိုင်ငံအတွက် တိုးမြှင့်လုပ်ဆောင်ပေးသွားမည် ဖြစ်ပြီး အီးယူ၏ ထောက်ပံ့ကူညီမှု အစီအစဉ်များအတွက် အီးယူဖွံ့ဖြိုးတိုးတက်ရေး ကော်မရှင်အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ပြီး နေပြည်တော်တွင် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ဆွေးနွေးကာ ဆက်လက်လုပ်ဆောင်မည် ဖြစ်သည်။ “မြန်မာနိုင်ငံရဲ့ အခြေအနေက အားရစရာ အနေအထားမှာ မရှိသေးပေမယ့် ကျွန်တော်တို့ကတော့ အကောင်းဆုံး လုပ်ဆောင်မှုနဲ့ တုံ့ပြန်မှုတွေအတွက် အဆင်သင့်ဖြစ်နေပါတယ်” ဟု မြန်မာနိုင်ငံသို့ မရောက်မီ Andris Piedalgs က ပြောကြားခဲ့သည်။ ၎င်း၏ ထုတ်ဖော်ပြောဆိုမှုအရ အီးယူအနေဖြင့် မြန်မာနိုင်ငံနှင့် ပူးပေါင်းပြီး လူသားချင်းစာနာ ထောက်ထားသော ကူညီထောက်ပံ့မှု အစီအစဉ်အရ လာမည့် နှစ်နှစ်တာ ကာလအတွင်း ယူရိုသန်း ၁၅၀ ထပ်တိုး ကူညီထောက်ပံ့မှုများ ပြုလုပ်သွားမည်ဖြစ်သည်။ “နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေဆဲကာလ၊ အမှန်တကယ် အပြောင်းအလဲဖြစ်ဖို့ လိုအပ်နေဆဲ ကာလမှာပဲ ကျွန်တော်တို့ အချို့သော အရေးယူမှုတွေကို ဖယ်ရှားပေးခဲ့ပါတယ်။ အီးယူရဲ့ ထောက်ပံ့ ကူညီမှုတွေအပေါ် တာဝန်ရှိသူတွေအနေနဲ့ ဘယ်လိုအသုံးချမယ်၊ ဘယ်လို အသုံးချသင့်သလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေနဲ့ ဆွေးနွေးတိုင်ပင်သွားမှာပါ။ အထူးသဖြင့် အီးယူက ထောက်ပံ့တဲ့ ငွေကြေးတွေဟာ ကျန်းမာရေး၊ ပညာရေးနဲ့ဆိုင်တဲ့ အခန်းကဏ္ဍတွေအတွက် ပိုပြီး အသုံးပြုသွားရပါလိမ့်မယ်။ ကျွန်တော်တို့ မြန်မာပြည်သူတွေကို အကောင်းဆုံး ကူညီသွားချင်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေကိုလည်း ရှေ့ဆက်ပြီး လုပ်ဆောင်သွားချင်ပါတယ်။ နောက်ပြန်မလှည့်ချင်ပါဘူး” ဟု ဥရောပသမဂ္ဂဖွံ့ဖြိုးရေး ကော်မရှင်နာမင်းကြီး Andris Piedalgs က ပြောဆိုခဲ့သည်။ Andris Piedalgs ၏ ဖေဖော်ဝါရီ (၁၂) ရက်မှ (၁၄) ရက်ထိ ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံသွားမည် ဖြစ်ပြီး အီးယူ၏ ငွေကြေးအကူအညီဖြင့် ဖွင့်လှစ်ထားသော ဆေးပေးခန်းများကိုလည်း လည်ပတ် ကြည့်ရှုမည် ဖြစ်ကြောင်း အီးယူကော်မရှင်မှ ထုတ်ပြန်ခဲ့သည်။ အီးယူအနေဖြင့် ပြီးခဲ့သည့်လက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများကို ပြန်လည်လွှတ်ပေးခဲ့သည့် လုပ်ရပ်ကြောင့်  မြန်မာအစိုးရအဖွဲ့ အကြီးအကဲများအပေါ် ချမှတ်ထားသည့် အရေးယူမှုတစ်ခုဖြစ်သော ခရီးသွားလာခွင့်ဆိုင်ရာ အရေးယူမှုကိုလည်း ပြန်လည်ဖယ်ရှားပေးခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

No comments:

Post a Comment