တောရော မြို့ပါ တန်းတူဖွံ့ဖြိုးရေး မြန်မာနိုင်ငံအတွက် သော့ချက်ကျဟု ကုလကိုယ်စားလှယ်ပြော


မြန်မာပြည်ကို ငါးရက်ကြာခရီးနဲ့ ရောက်နေတဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးအကြံပေး Vijay Nambiar က မြန်မာပြည်မှာ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးရေးကို ဇောက်ချလုပ်ဖို့ အရေးကြီးတယ်လို့ ပြောကြားလိုက်ပါတယ်။

“မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲရေးစတင်တဲ့အချိန်ကနေ အခုအချိန်အထိ ကဏ္ဍအတော် အများများမှာ တိုးတက်မှုတွေ တွေ့လာရပါတယ်၊ ရှေ့မှာ စိန်ခေါ်မှုတွေက များသလောက် ရှုပ်လည်း ရှုပ်ထွေးပါတယ်၊ ဒါပေမယ့် ပြုပြင်ပြောင်းရေးဆိုတာက မမီတဲ့ ပန်းတော့မဟုတ်ပါဘူး၊ တကယ်လုပ်ရင် အဟုတ်ဖြစ်ပါတယ်” လို့ ဘန်ကီမွန်း ရဲ့ မြန်မာပြည်ဆိုင်ရာ အကြံပေး Vijay Nambiar က ပြောတာကို ကုလသမဂ္ဂရဲ့ ၀ါဒဖြန့်ချိရေး အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂက ချမှတ်ထားတဲ့ ထောင်စုနှစ်ဖွံ့ဖြိုးရေး ရည်မှန်းချက်ဖြစ်တဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးကို အကောင်အထည်ဖော် လုပ်ဆောင်တာနဲ့ တပြိုင်တည်းမှာပဲ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးရေးကိစ္စကို အကောင်အထည်ဖော်လုပ်ဆောင်ဖို့လည်း အရေးကြီးတယ်လို့ ဘန်ကီမွန်ရဲ့ အထူးအကြံပေးက ပြောပါတယ်။

“ဖွံ့ဖြိုးရေးဖြစ်စဉ်တခုလုံး ရေရှည်တည်တံ့ဖို့ဆိုရင် နယ်စပ်ဒေသမကျန် တောနေ မြို့နေ ပြည်သူတွေ အားလုံး ဖွံ့ဖြိုးရေးကို အညီအမျှ ခံစားခွင့်ရဖို့က အရေးကြီးပါတယ်၊   ဖွံ့ဖြိုးရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုဟာ တချိန်ချိန်မှာ လူ့အဖွဲ့အစည်း မငြိမ်မသက်ဖြစ်မလာနိုင်အောင် ကြိုတင် ကာကွယ်တာလည်း ဖြစ်တယ်၊ ဒါကြောင့် အစိုးရပိုင်းရော၊ လူမှုအဖွဲ့အစည်းပိုင်းကရော တိုင်းပြည် ညီညွတ်ရေးရေးနဲ့ တိုင်းပြည်တိုးတက်ရေးအကျိုးကို ရည်စူးပြီး ပြည်သူတွေရဲ့ လူနေမှု အဆင့်အတန်း မြင့်တက်လာအောင် အားစိုက်လုပ်ဆောင်ဖို့က မဖြစ်မနေ အရေးကြီးတယ်” လို့ ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းချထားသူ အရေအတွက် တော်တော်များများကို ပြန်လွှတ်ပေး လိုက်တာနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရတို့ တွေ့ဆုံဆွေးနွေးတာတွေကိုလည်း ကုလသမဂ္ဂက ကြိုဆိုတဲ့ အကြောင်း Vijay Nambiar က ပြောပါတယ်။

ကုလသမဂ္ဂက အကူအညီသစ်တွေပေးလာနိုင်တာနဲ့ပတ်သက်လို့လည်း “တိုင်းပြည်အခြေအနေ (ပြုပြင်ပြောင်းလဲမှု) အတော်လေး ခရီးရောက်လာတာနဲ့ အမျှ မြန်မာပြည်ကို အကူအညီတွေပေးဖို့ ကိစ္စကိုလည်း နောက်ထပ်အချိန်ဆွဲနေဖို့ မကောင်းတော့ပါဘူး၊ ဒါဟာ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့  မြန်မာပြည်သူတွေရဲ့ ကောင်းမွန်တဲ့ဘ၀၊ စီးပွားရေး အခြေအနေ ကောင်းတွေ ဖန်တီးပေးနိုင်ဖို့ အခွင့်အလမ်းဆိုလည်း ဟုတ်ပါတယ်လို့ Vijay Nambiar က ဆက်ပြောပါတယ်။

ဘန်ကီမွန်းရ့ အထူးအကြံပေး Vijay Nambiar ဟာ မြန်မာပြည်မှာ ရှိနေစဉ်မှာ အစိုးရပိုင်းက အရာရှိတွေ၊ နိုင်ငံရေးပါတီတွေ၊ လူထုအခြေပြုအဖွဲ့တွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဖို့ရှိတယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကုလသမဂ္ဂအဖွဲ့အစည်းဖြစ်တဲ့ ယူနက်စကို အဖွဲ့ရဲ့ ညွန်ကြားရေးမှူးချုပ် Irina Bokova လည်း မြန်မာပြည်က ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုမှာ ၀ိုင်းဝန်း လုပ်ဆောင်မယ့် အကြောင်း ပြောခဲ့ပါတယ်။

ယူနက်စကိုအဖွဲ့ဟာ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့တဖွဲ့ဖြစ်တဲ့ ယူနီဆက်ဖ်နဲ့ ပူးပေါင်းပြီး မြန်မာပြည်မှာ ပညာရေးပြုပြင်ပြောင်းလဲမှုနဲ့၊ HIV ကာကွယ်ရေး၊ လွတ်လပ်တဲ့ မီဒီယာ ပေါ်ပေါက်ရေးတွက် မီဒီယာဥပဒေရေးဆွဲရေးတို့မှာ အစိုးရကို အကူအညီပေးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာပြည်က ရှေးဟောင်း အမွေအနှစ်တွေကို ကာကွယ်ရေးအတွက် ကျွမ်းကျင်သူတွေကို စေလွှတ်မယ့် ယူနက်စကိုရဲ့ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကိုလည်း ပြန်စနေပြီလို့ ဆိုပါတယ်။


ညီစောလွင်

No comments:

Post a Comment