'
အမိမြေ

ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ

သမ္မတကြီး ဦးသိန်းစိန် အစိုးရသစ် လက်ထက်တွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းများနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းများကို ခပ်မြန်မြန် ခပ်သွက်သွက် လုပ်လာသည်ကို ဝမ်းမြောက်စရာ တွေ့ရပါသည်။ ထိုကဲ့သို့ အသွင် ကူးပြောင်းရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပြည်သူများ၊ နိုင်ငံရေး အဖွဲ့အစည်းများ၏ အမြင်များကိုပါ မီဒီယာများပေါ်က ဖတ်ရသည် မှာလည်း အားတက်စရာ ကောင်းလှပေ၏။ ကျွန်တော်တို့ တုန်းက ကိုယ်တိုင် မပြောရဲ မဆိုရဲ နေခဲ့ရသည့် အချိန်များနှင့် ယှဉ်လိုက်လျှင် ပြောခွင့် ပေးခဲ့သူများရော၊ မိမိအမြင်ကို ပြောဆို နေကြသူများ ကိုပါ လေးစားမိပါသည်။ 
 
ပြည်တွင်း နိုင်ငံရေး အင်အားစုများနှင့် ပြေလည်မှုအရှိန် ကောင်းလာချိန်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများကို ရပ်ဆိုင်းပြီး ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရန် အတွက် တိုက်တွန်းမှု များလည်း အင်နှင့်အားနှင့် ပေါ်ထွက်လာသည်ကို သတိပြုမိပါသည်။ လွတ်လပ်ရေး ရကတည်းက ပြည်တွင်း သောင်းကျန်းမှု ဒဏ်နှင့် ရင်ဆိုင် နေခဲ့ရသော နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေး ရဖို့ လိုသည်ကလည်း အမှန်ပင် ဖြစ်သည်။ နိုင်ငံတွင် တာဝန်ယူခဲ့သည့် အစိုးရ အဆက်ဆက်က ငြိမ်းချမ်းရေး အတွက် သူ့နည်းသူ့ဟန်နှင့် ကြိုးစား ခဲ့သကဲ့သို့ လူအများ ကြည်ညိုလေးစား ခံရသည့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကဲ့သို့သော ပုဂ္ဂိုလ်ကြီးများ ကလည်း ဦးဆောင် ကြိုးစားခဲ့သည်။ အောင်မြင် သည်လည်း ရှိသလို မအောင်မြင်တာ တွေလည်း ရှိသဖြင့် သောင်းကျန်းမှု ပြဿနာက ယနေ့အထိ ရှိနေဆဲ ဖြစ်သည်။ 
 
ယခုအခါ တွင်လည်း ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ပြောကြရေးကြ တိုက်တွန်းကြသည်ကို တွေ့ရသည်။ ထိုအထဲတွင် မိမိ အနေဖြင့် ထောက်ပြလိုသော အချက်များလည်း ပါနေသည့် အတွက် ဝင်ရောက် ဆွေးနွေးရခြင်း ဖြစ်ပါသည်။ 
 
ပထမဆုံး အချက်မှာ ဝေဖန်သူ အချို့က မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိ့ပက္ခများ ရှိနေသရွေ့ ဒီမိုကရေစီစနစ် ထွန်းကားပြီဟု မဆိုနိုင်ဟု ပြောကြားနေသည့် အချက် ဖြစ်သည်။ ထိုသူတို့က ဒီမိုကရေစီ စနစ်သည် ပြဿနာ အားလုံးကို ဖြေရှင်း ပေးနိုင်သည့် စနစ်အဖြစ် ရှုမြင်ထားသဖြင့် ထိုကဲ့သို့ သုံးသပ်ခြင်း ဖြစ်နိုင်သလို အစိုးရသစ်၏ လုပ်ဆောင်ချက်များ အပေါ် အသိအမှတ် ပြုရန် ဝန်လေးနေဆဲ ဖြစ်သောကြောင့် ပြည်တွင်း သောင်းကျန်းမှု ပြဿနာနှင့် အစိုးရသစ်၏ လုပ်ဆောင်ချက်ကို ချိတ်ဆက်ထားခြင်းလည်း ဖြစ်နိုင်ပေသည်။ 

 
နိုင်ငံတကာ ဖြစ်ရပ်များကို လေ့လာမည် ဆိုလျှင် ဒီမိုကရေစီ နိုင်ငံများတွင်လည်း ပြည်တွင်း သောင်းကျန်းမှု သို့မဟုတ် အကြမ်းဖက် ပြဿနာများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်ကို တွေ့ရမည် ဖြစ်သည်။ အမေရိကန် နိုင်ငံပင်လျှင် ယနေ့အထိ ပြူတိုရီကန် လွတ်မြောက်ရေး လှုပ်ရှားမှုအတွက် အကြမ်းဖက် ကြိုးစားမှုများနှင့် ရင်ဆိုင် နေရသကဲ့သို့ ပြည်နယ်များ၏ အခွင့်အရေးကို ကာကွယ်လိုသည့် လူဖြူ အစွန်းရောက် အဖွဲ့အစည်းများ၏ လှုပ်ရှားမှု များနှင့်လည်း ရင်ဆိုင်နေရဆဲ ဖြစ်သည်။ အိုကလာဟိုးမား ဗုံးခွဲ တိုက်ခိုက်မှုနှင့် ပထမအကြိမ် ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံကို ဗုံးခွဲ တိုက်ခိုက် ခဲ့မှုများမှာ ထို လူဖြူ အစွန်းရောက် အုပ်စုများ၏ လက်ချက်ပင် ဖြစ်သည်။ အလားတူပင် ဒီမိုကရေစီ ဘိုးအေဖြစ်သည့် ဗြိတိန်နိုင်ငံ ပင်လျှင် မြောက်ပိုင်း အာယာလန် ခွဲထွက်ရေး လှုပ်ရှားမှု ဖြစ်သည့် အိုင်အာရ်အေ အဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှု များကို ၁၉၂၀ ပြည့်လွန် နှစ်များကနေပြီး ၂၀၀၇ ခုနှစ် လောက်အထိ ရင်ဆိုင် ခဲ့ရပြီး မြောက်ပိုင်း အိုင်ယာလန်ကို အစိုးရက စစ်အုပ်ချုပ်ရေး ပုံစံဖြင့် တိုက်ရိုက် အုပ်ချုပ်ခဲ့ရသည့် အချိန်များပင် ရှိခဲ့ဖူးသည်။ အာရှတိုက်က သက်တမ်းရှည် ဒီမိုကရေစီ နိုင်ငံ ဖြစ်သည့် အိန္ဒိယနိုင်ငံ မှာလည်း ယနေ့အထိ မော်ဝါဒီ သူပုန်များ၊ နာဂ၊ ကူကီးချင်းနှင့် အာသံပြည်နယ် ခွဲထွက်ရေး လှုပ်ရှားမှုများကို ရင်ဆိုင် တိုက်ခိုက် နေရဆဲ ဖြစ်သည်။ အိမ်နီးချင်း ထိုင်းနိုင်ငံ တွင်လည်း တောင်ပိုင်း ပြည်နယ်များတွင် အစ္စလမ်ဝါဒီ ခွဲထွက်ရေး သူပုန်များ၏ လှုပ်ရှားမှုများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် ဖိလစ်ပိုင်မှာလည်း တောင်ပိုင်း မင်ဒါနာအို ကျွန်းတွင် အစ္စလမ် ခွဲထွက်ရေး ဝါဒီများနှင့် တိုက်ပွဲ ဝင်နေရဆဲ ဖြစ်ကာ အမေရိကန် နိုင်ငံမှပင် ဝင်ရောက် ကူညီနေရသည့် အခြေအနေတွင် ရှိပါသည်။ အမေရိကန်တို့ ဦးစီးပြီး ဒီမိုကရေစီ ဖော်ဆောင်ရေးကို ဆောင်ရွက် ပေးနေသည့် အီရတ်၊ အာဖဂန် နိုင်ငံများ မှာလည်း ရွေးကောက်ပွဲ များမှတဆင့် ဒီမိုကရေစီ အစိုးရများ ပေါ်ထွက် လာသည့်တိုင် ပြည်တွင်း သောင်းကျန်းမှု တိုက်ပွဲများနှင့် ရင်ဆိုင် နေရာက အမေရိကန်နှင့် နေတိုးအဖွဲ့ ကိုယ်တိုင် ဝင်တိုက် နေရသည့် အခြေအနေတွင် ရှိနေသည်ကို တွေ့နိုင်ပါ၏။ 
 
ထို့ကဲ့သို့ ထောက်ပြ နေခြင်းသည် ဒီမိုကရေစီ စနစ်သည် အများစု ဆန္ဒဖြင့် အုပ်ချုပ်သည့် စနစ် ဖြစ်သော်လည်း လူနည်းစုက လူများ၏ ဆန္ဒကို လိုက်နာရန် ငြင်းဆန်ခြင်း၊ သို့မဟုတ် ၎င်းတို့ကို ပစ်ပယ် ထားသည်ဟု ယူဆခြင်း တို့ကြောင့် ဖြစ်ပေါ်လာသည့် မကျေနပ်မှု များကို လက်နက်ကိုင် နည်းဖြင့် ဖြေရှင်းရန် ကြိုးစားမှုများ ဖြစ်ပေါ် နိုင်သည်ကို ထောက်ပြခြင်းသာ ဖြစ်သည်။ ထိုလက်နက်ကိုင် ပဋိပက္ခများ ရှိနေခြင်းကြောင့် သက်ဆိုင်ရာ နိုင်ငံကို ဒီမိုကရေစီ မထွန်းကားဟု ပြော၍လည်း ရမည်မဟုတ်ပေ။ ဒီမိုကရေစီ ရှိခြင်း မရှိခြင်းသည် ကျင့်သုံးသည့် နိုင်ငံရေး စနစ်အပေါ်တွင် မူတည်နေခြင်း ဖြစ်ပြီး လက်နက်ကိုင် ပဋိပက္ခ များမှာ သက်ဆိုင်သူ များ၏ သဘောထား အပေါ်တွင် မူတည်နေသဖြင့် နှစ်ခုကို ထပ်တူပြုပြီး စဉ်းစား၍ မဖြစ်နိုင်ဟု မြင်မိပါသည်။ မြန်မာ့သမိုင်းတွင် ဒီမိုကရေစီ စနစ်ကို ပီပီပြင်ပြင် ကျင့်သုံး ခဲ့ပါသည်ဟု ပြောဆိုနေသည့် ၁၉၄၈-၁၉၆၂ ကာလသည် ပြည်တွင်း သောင်းကျန်းမှု အရှိန် အမြင့်ဆုံး ဖြစ်ခဲ့သည် ကိုလည်း တွေ့နိုင်ပါသည်။ သို့သော် ဒီမိုကရေစီ စနစ်တွင် လူအများက မိမိတို့ အယူအဆများကို ပွင့်လင်းစွာ တင်ပြနိုင်ခြင်း၊ မိမိတို့ အယူအဆများကို အကောင်အထည် ဖော်ရန်အတွက် နိုင်ငံရေး လမ်းကြောင်း ရှိခြင်းတို့ကြောင့် ပဋိပက္ခများ အဖြေရှာရန် အတွက် ပိုမို လွယ်ကူသည် ဟုတော့ ဆိုနိုင်ပါသည်။
နောက်ထပ် ဆွေးနွေးလိုသော အချက်မှာ အစိုးရဘက်မှ အပစ်အခတ် ရပ်ဆိုင်းရေးကို တစ်ဘက်သတ် စတင် ပြုလုပ်ပြီး နိုင်ငံရေး ဆွေးနွေးမှုများ စတင်ပြုလုပ်ရန် ဆိုသည့် တောင်းဆိုချက် ဖြစ်သည်။ တကယ်တော့ လက်နက်ကိုင် ပဋိပက္ခ ဆိုသည်မှာ ဘယ်အကြောင်းကြောင့် စခဲ့သည် ဖြစ်ဖြစ် နှစ်ဘက်လုံး လက်နက်ကိုင် တိုက်ခိုက်နေခြင်းသာ ဖြစ်သည်။ ပမာ ဆိုရလျှင် ဓားကိုင်ပြီး ရန်ဖြစ်နေသော လူနှစ်ယောက်နှင့် တူ၏။ တစ်ယောက်ထဲကို ဓားချခိုင်း၍ မရ နှစ်ယောက်လုံး ပြိုင်တူ ဓားချပြီးမှ ဖြန်ဖြေ၍ ရမည်ဖြစ်သည်။ နောက်ပြီး ယခင် ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် အစိုးရဘက်မှ တစ်ဘက်သတ် အပစ်အခတ် ရပ်စဲမှုများ လုပ်ခဲ့ဖူးသည်။ သို့သော် တစ်ဖက် အဖွဲ့အစည်းက အခွင့်အရေး ယူပြီး နယ်မြေ တိုးချဲ့မှုများ၊ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည် ကိုသာ တွေ့ခဲ့ရသည့် သင်ခန်းစာလည်း ရှိသည်။ ဖဆပလ လက်ထက်က ဦးနုကလည်း လုပ်ဖူးသည်။ ထိုအခါ ဗကပ တို့က အခွင့်အရေး ယူပြီး ဗကပ၊ အလံနီ ကွန်မြူနစ်၊ ပြည်သူ့ရဲဘော် ပေါင်းပြီး တပ်ပေါင်းစု ဖွဲ့ခြင်း၊ မုံရွာခရိုင်နှင့် ဂန့်ဂေါခရိုင် တို့တွင် သုံးပါတီ စုစည်းပြီး အစည်းအဝေး ကျင်းပခြင်းများ ပြုလုပ်ခြင်းဖြင့် အစိုးရ အပေါ် အမြတ်ထုတ်ရန် ကြိုးစားခဲ့သဖြင့် ငြိမ်းချမ်းရေး ကမ်းလှမ်းမှု ပျက်ပြယ် ခဲ့ရဖူးသည်။ တော်လှန်ရေး အစိုးရ လက်ထက်ကလည်း အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် ပေးပြီး တပ်များကို တစ်ဖက်သတ် အပစ်အခတ် ရပ်စဲရန် အမိန့် ပေးခဲ့သည်။ သို့သော် ဗကပနှင့် ကေအင်ယူ တို့က မြစ်ဝကျွန်းပေါ်နှင့် ပဲခူးရိုးမ ဒေသတွင် ၎င်းတို့ လက်လွတ်ခဲ့ရသော နယ်မြေများတွင် ပြန်လည် ဝင်ရောက်လာခြင်း၊ မြို့ပေါ်ရှိ ၎င်းတို့ အမာခံများနှင့် အဆက်အသွယ်များ ပြန်လည် ထူထောင်ခဲ့ခြင်း တို့ကို ပြုလုပ်ရုံ သာမက မြို့ပေါ် ဆန္ဒပြပွဲ များဖြင့် အစိုးရ အပေါ် ဖိအားပေးရန် ပြုလုပ် ခဲ့သဖြင့် ငြိမ်းချမ်းရေး ပျက်ခဲ့ရသည်။ ထိုအကြောင်း အချို့ကို သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ စာအုပ်တွင် ဖတ်နိုင်ပါသည်။ ထိုအချိန်က မြစ်ဝကျွန်းပေါ်တွင် အရာရှိငယ် ဘဝနှင့် တာဝန်ကျခဲ့ရာ မြောင်းမြခရိုင်တွင် တပ်မတော် တပ်ခွဲ တစ်ခုကို ဗကပနှင့် ကေအင်ယူ ပူးပေါင်းမဒညတ တပ်ပေါင်းစု အဖွဲ့က ဝင်တိုက်သဖြင့် တပ်ခွဲမှူးနှင့် ရဲဘော်ငါးဦး ကျဆုံးပြီး အတော်များများ ဒဏ်ရာရသဖြင့် မိမိတို့ သဘောင်္ဖြင့် သွားသယ် ခဲ့ရသည် ကိုလည်း မှတ်မိသေးသည်။ ထိုအချိန်က တပ်မတော် ဘက်က အပစ်အခတ် ရပ်စဲ ထားသဖြင့် အေးအေး ဆေးဆေး နေချိန်တွင် နံနက် လင်းအားကြီး အလစ် ဝင်တိုက်သဖြင့် အထိအခိုက် များခဲ့ရသည်။ ဝင်တိုက်သော အဖွဲ့များက စခန်းကို တိုက်သည့်အပြင် စပါးဒိုင်မှ ငွေများကိုပါ လုယက် သွားခဲ့သေးသည်။ ထိုကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်တွင် ရောက်နေသော မဒညတ အဖွဲ့က အောက်ခြေက မသိလို့ လုပ်မိတာပါဟု ဆင်ခြေ ပေးခဲ့သည့်အပြင် နောင် မဖြစ်စေရေး အတွက် အစိုးရတပ် များကို သူတို့နှင့် ထိစပ်နေသော နယ်မြေများ ကနေ နောက်ဆုတ်ပေးဖို့၊ အပစ်အခတ် ရပ်စဲထားစဉ် ကာလတွင် မဒညတ အဖွဲ့ဝင် ဖြစ်သည့် ဗကပနှင့် ကေအင်ယူ တပ်ဖွဲ့များ အနေဖြင့် လုပ်ရိုးလုပ်စဉ် အခွန်ကောက်ခြင်း၊ လူသစ်စုခြင်းတို့ လုပ်ခွင့်ပေးဖို့ တင်ပြခဲ့သည် ကိုလည်း မှတ်မိသေးသည်။ ထို့အတူ ၁၉၈၀ ခုနှစ် လမ်းစဉ်ပါတီ အစိုးရက ကေအိုင်အေနှင့် ဆွေးနွေးရန် အတွက် အပစ်အခတ် ရပ်စဲထားချိန်တွင် ကေအိုင်အေက ဗကပများကို ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း အတွင်း ခေါ်သွင်း လာခဲ့သည်။ ထို့ပြင် အပစ်အခတ် ရပ်စဲရေးကို အကြောင်းပြုပြီး မြို့များတွင် ရှိနေသည့် ပြည်သူ့ ကောင်စီနှင့် တပ်မတော်တွင် အမှုထမ်း နေသူ ကချင် လူမျိုးများ၊ ၎င်းတို့၏ မိသားစုများကို ဖမ်းဆီး သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဘဝမှ အငြိမ်းစား ယူပြီး ဗန်းမော် ဒေသတွင်း ခရစ်ယန် ဘာသာ ပြန့်ပွားရေးကို လုပ်ဆောင်နေသည့် ဗိုလ်မှူးကြီး ခွန်နောင်ကို ဖမ်းပြီး သတ်ရန် လုပ်ခဲ့သဖြင့် ခရစ်ယန် အသင်းတော်များက ငွေပေးပြီး ပြန်ရွေးခဲ့ရသည်။ တပ်မတော်တွင် ပထမဆုံး ကချင်လူမျိုး ဗိုလ်မှူးချုပ် ဖြစ်ခဲ့သည့် ဗိုလ်မှူးချုပ် လဇွန်တန်ဂျီး (ငြိမ်း) ကိုလည်း ဝင်ဖမ်းသဖြင့် လက်လွတ် ထွက်ပြေးခဲ့ရသည်။ ဖားကန့်၊ တနိုင်း ဒေသတွင် ကေအိုင်အေ တပ်မဟာ ၂ က အစိုးရ စခန်းများကို ဝင်တိုက်ပြီး သိမ်းပိုက်ခဲ့သည်။ နောက်ဆုံးတော့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ပျက်ပြား သွားခဲ့ရသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးအတွက် ဆိုလျှင် အစိုးရ တစ်ဘက်တည်း မှာသာ တာဝန်ရှိသည် မဟုတ် နှစ်ဘက်လုံးတွင် တာဝန်ရှိသည်။ အစိုးရဘက်ကို ပြောသလို ယနေ့ ကချင်ပြည်နယ်တွင် ဖြစ်နေသည့် ဗုံးခွဲမှုများ၊ တံတားချိုးမှုများ အတွက်လည်း ကေအိုင်အေကို ပြောဖို့ တာဝန်ရှိသည်ဟု ဆိုချင်သည်။
ငြိမ်းချမ်းရေးကို အားလုံး လိုချင်ကြသည်သာ ဖြစ်သည်။ သို့သော် တစ်ဖက်တည်း ကိုသာ ဖိပြောနေလျှင် ကျန်တစ်ဖက်က သူတို့ဘက်က ဘာမှ လိုက်လျောဖို့ မလိုဟု ယူဆခဲ့လျှင် အပေးအယူ လုပ်ဖို့ ပိုခက်မည် ဖြစ်သည်။ ထို့ကြောင့် တကယ် ငြိမ်းချမ်းရေးကို လိုလားလျှင် နှစ်ဘက်လုံး ရွေ့အောင် တွန်းဖို့ လိုကြောင်း၊ နှစ်ဘက်လုံးက လက်သီးဆုတ် ဖြေဖို့ လိုကြောင်း ဖြည့်စွက် ပြောလိုပါသည်။ 

အဏ္ဏ၀ါစစ်သည်

0 comments:

Post a Comment


Popular Posts