'
အမိမြေ

လူမိုက် ၊ လူတော် ၊ ပညာရှိ အယူအဆများ

 
ကြီးကျယ်မြင့်မြတ်ခြင်း

လူမိုက်တို့သည် မိမိကိုယ်မိမိ ကြီးကျယ်မြင့်မြတ်သည်ဟု ယူဆကြ၏။
မိမိတို့မှာ အတိုင်းအဆမရှိသည့် သဘာဝတရား၏ ဖုန်မှုန့်မျှသာ ဖြစ်ကြောင်း သဘော မပေါက်ကြသောကြောင့် သူတို့သည် သေးငယ်၍ တဒင်္ဂ သတ္တ၀ါများသာ ဖြစ်ကြ၏။

လူတော်များသည် သဘာဝတရား၏ ကြီးကျယ် မြင့်မြတ်မှုကို သဘောပေါက်ကြသည့်အလျောက် မိမိကိုယ်မိမိလည်း ထိုသဘာဝတရားထံ ပုံအပ် ပူဇော်ရင်း ဖွင့်ဆို ရှင်းပြခြင်းငှာ မစွမ်းသာသော အဖြစ်အပျက်ကိုကား ဘုရားသခင်လက်ဝယ် ချန်ခဲ့ကြလေ၏။

ပညာရှိများမှာမှု လူသားအားလုံးနှင့် သတ္တ၀ါအပေါင်းတို့သည် စစ်မှန်သော သန့်ရှင်းစင်ကြယ်မှုသို့ ဦးတည်နေကြသည်ကို နားလည် သဘောပေါက်ခြင်းကြောင့် သန့်ရှင်း စင်ကြယ်မှုကိုသာ အကြီအကျယ် အမြင့်မြတ်ဆုံးဟု အသိအမှတ်ပြုကြ၏။


ကတိက၀တ်

လူမိုက်တို့သည် ကတိက၀တ် တစ်စုံတစ်ရာကိုမျှ မပြုရဲကြ။
တာဝန်ရှိမှုဟူသမျှကို ရှောင်လွှဲရန်သာ ကြိုးစားကြ၏။
ထို့ကြောင့် သူတို့သည် မိမိကိုယ်ကို အတွက်ပင် ယုံကြည်စိတ်ချရဖွယ် မရှိ။

လူတော်များသည် မြောက်မြားစွာသော ကတိက၀တ်များကို ပြုကြ၏။
အချို့မှာ ပြီးမြောက် အောင်မြင်ဖွယ်ရှိ၍ အချို့မှာ ထိုသို့မဟုတ်ကြ။
သို့ဖြစ်၍ သူတို့သည် အခါခပ်သိမ်း ယုံကြည်စိတ်ချရသူများ မဖြစ်နိုင်ကြချေ။

ပညာရှိများမှာမူ အစုအဖွဲ့အလိုက် ကတိက၀တ် ပြုကြ၏။
ထိုအစုအဖွဲ့၏ ဘုံပန်းတိုင်သို့ ရောက်ရှိအောင် စုပေါင်းအားကို ရယူကြ၏။
ယင်းအတွက် သူတို့သည် ပိုမို ကြီးကျယ် ကောင်းမွန်သော ရလဒ်ကို ရလေ့ရှိကြ၏။


စာရိတ္တပျိုးထောင်မှု

လူမိုက်တို့သည် အရာရာတွင် သူတစ်ပါးကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလွန်းအားကြီးသောကြောင့် ၄င်းတို့၌ တိုးတက်ရန် နေရာလပ် မကျန်တော့ပေ။

လူတော်များသည် အရာရာကို မိမိကိုယ်တိုင် လေ့လာ ကျင့်သုံးကြရန် ဆန္ဒရှိ၏။ သို့ဖြစ်၍ သူတို့သည် အလုံးစုံကို အပြည့်အ၀ လေ့လာနိုင်စွမ်း မရှိ။

ပညာရှိများမှာမူ မိမိကိုယ်ကို အကောင်းဆုံးဟု ဘယ်သောအခါမှ မယူဆကြဘဲ မိမိတို့ စွမ်းသလောက် အကောင်းဆုံးဖြစ်ရန်သာ သဘာဝကျကျ ပြုမူ ဆောင်ရွက်ကြ၏။


အချစ်နှင့်ချစ်သူ

လူမိုက်တို့သည် အချစ်ကို တမ်းတ၏။
ထို့ကြောင့် သူတို့တွင် မိမိကိုယ်ကို ကျေနပ်နှစ်သိမ့်မှု ဟူ၍ မရှိဘဲ ချစ်သူများ ရှာ၍သာ နေရ၏။

လူတော်များသည် အချစ်ကို ငြင်းပယ်ကြ၏။ အထီးတည်းနေခြင်းဖြင့်သာ ကျေနပ်ကြ၏။
သို့ဖြစ်၍ သူတစ်ပါးအား မှီခိုအားကိုးရမည့်အချိန်သို့ ရောက်သောအခါတွင်မူ ဒုက္ခကို ခံစားရလေ၏။

ပညာရှိများမှာမူ အချစ်ကို မတမ်းတ။ ချစ်ရန်သော်လည်းကောင်း၊ အချစ်ခံရရန်သော်လည်းကောင်း ငြင်းဆိုခြင်းမရှိ။ ယင်းအတွက် သူတို့သည် အထီးတည်းလည်း ပျော်၏၊ ချစ်သူနှင့်လည်း ပျော်ရွှင်သည်သာဖြစ်၏။


ချစ်ခြင်း

လူမိုက်တို့သည် ရမက်နှင့် ချစ်ခြင်း၌သာ အညံ့ခံကြ၏။
ထို့ကြောင့် မကြာခဏ ပူဆွေးသောက ရောက်ရ၏။

လူတော်များသည် ချစ်ခြင်းနှင့် ကင်းလွတ်အောင် ကြိုးစားကြ၏။
သို့သော် မိမိကိုယ်ကို ချစ်ခြင်းနှင့်မူ လုံးထွေးရုန်းကန်နေရ၏။

ပညာရှိများမှာမူ မိမိ၏ ချစ်ခြင်းကို ဖွံ့ဖြိုးစေ၏။
ဖြစ်ရိုးဖြစ်စဉ် အချစ်မှ အချစ်စစ်သို့ လည်းကောင်း၊
အချစ်စစ်မှ လွှမ်းခြုံဖြန့်ကြက်သော အချစ်သို့ လည်းကောင်း၊
လွှမ်းခြုံဖြန့်ကြက်သော အချစ်မှ ပကတိ သန့်စင်သော အချစ်သို့ လည်းကောင်း
ဖွံ့ဖြိုးစေ၏။
ဤနည်းဖြင့် ပျော်ရွှင် ချမ်းမြေ့မှုကို ရှာတွေ့ကြ၏။


မိတ်ဆွေဖွဲ့ခြင်း

လူမိုက်တို့သည် ပျော်ပွဲရွှင်ပွဲများ၌ မိတ်ဆွေရှာကြ၏။
ထို့ကြောင့် ၄င်းတို့၏ဘ၀ကို ပျက်စီးစေသော မရိုးသာသူများနှင့်သာ မိတ်ဆွေ ဖွဲ့ကြရ၏။

လူတော်များသည် အလုပ်ခွင်ထဲ၌ မိတ်ဆွေဖွဲ့ကြ၏။
ထို့ကြောင့် မိမိကို အောင်မြင်မှုများ နောက်ထပ် ပေးစွမ်းနိုင်သော အကျိုးကျေးဇူးပြုမည့် မိတ်ဆွေကို ရ၏။
သူတို့သည် အလုပ် စပ်တူလုပ်နေသမျှ ကာလပတ်လုံး မိတ်ဆွေဖြစ်ကြ၏။
အလုပ် မအောင်မမြင်ဖြစ်သွားသောအခါတွင်မူ မိတ်ဆွေဖြစ်ခြင်းသည်လည်း ကွယ်ပျောက်ရ၏။

ပညာရှိများမှာမူ မိတ်ဆွေဖွဲ့ခြင်းကို ဘာသာရေးအသိအမြင်ပေါ်တွင် အခြေခံ၏။
ထို့ကြောင့် လောကီအခြေအနေများကို ကျော်လွန်သော စစ်မှန်သည့် မဟာမိတ်ဆွေကြီးများကို ရ၏။


လောကအမြင်

လူမိုက်တို့သည် အဆိုးမြင်တတ်ကြ၏။
ယင်းတို့၏ အဆိုးဖြစ်ရပ်များကိုသာ သူတစ်ပါးအား မျှဝေခံစားစေ၏။
ထို့ကြောင့် ၄င်းတို့သည် ပူဆွေးခြင်းနှင့် ဘေးဒုက္ခများကို ဆုလာဘ်အဖြစ် ရကြ၏။

လူတော်များသည် အကောင်းမြင်တတ်၏။
ယင်းတို့၏ အကောင်းဖြစ်ရပ်များကိုသာ သူတစ်ပါးအား မျှဝေခံစားစေ၏။
သို့ဖြစ်၍ သူတို့သည် ကောင်းခြင်းများကို ဆုလာဘ် ရကြ၏။
သို့သော် သူတို့သည် ဟန်ဆောင်ရခြင်းဖြင့် နွမ်းနယ်ကြ၏။

ပညာရှိများမှာမူ အမှန်ကို အမှန်အတိုင်း ရှုမြင်ကြ၏။
အကောင်း-အဆိုး နှစ်မျိုးစလုံးနှင့် ပတ်သက်၍ သိမြင်နားလည်ခြင်းကို သူတစ်ပါးအား မျှဝေ၏။
ယင်းအတွက် သူတို့သည် အသက်ကြီးလာသည်နှင့်အမျှ ဘ၀လည်း ပိုမိုကြံ့ခိုင် သန်စွမ်းလာ၏။


ဆက်ဆံရေးကိုခိုင်မာစေခြင်း

လူမိုက်တို့သည် သူတစ်ပါးအပေါ် အခွင့်ကောင်းယူတတ်သဖြင့် ရေတို ဆက်ဆံရေးကိုသာ ရ၏။

လူတော်များသည် မိမိအပေါ် အခွင့်အရေးယူခြင်းကို နှစ်သက်၏။
သို့ဖြစ်၍ သူတစ်ပါး၏ ချစ်ခင်ခြင်းကို ရသော်လည်း ယင်းတို့၏ ဆက်ဆံရေးကို အမြဲ မကျေမချမ်း ဖြစ်နေရ၏။

ပညာရှိများမှာမူ အခွင့်အရေးယူခြင်းကို အများနှင့် မျှဝေခံစား၏။
ယင်းအတွက် သူတို့သည် မေတ္တာနှင့် အကြည်ညိုကို ရရုံသာမက ရေရှည်တည်တံ့သော ဆက်ဆံရေးကိုလည်း ရ၏။


ကျေးဇူးရှင်

လူမိုက်တို့သည် ကျေးဇူးရှင်ကိုပင်လျှင် သစ္စာဖောက်၏။
မည်သူကမျှ ယင်းတို့ကို ဆက်ဆံရန် မ၀ံ့ကြ။
ထို့ကြောင့် သူတို့သည် ရထားသည်ထက် ပို၍ ပေးဆပ်ရ၏။

လူတော်များသည် ကျေးဇူးရှင်မပေါ် ကျေးဇူးသိတတ်သဖြင့် လူတိုင်းက သူတို့ကို နှစ်သက်ကြ၏။
သို့ဖြစ်၍ သူတို့သည် ၀တ္တရားများကို တစ်သက်လုံး ထမ်းဆောင်ရမည်ဟု ခံစားနေရလေ၏။

ပညာရှိများမှာမူ ကျေးဇူးရှင်တို့အား စိတ်၏ချမ်းသာမှုကို ရရှိစေ၏။
အကြောင်းမှာ ဤသည်ပင်လျှင် တစ်ခုတည်းသော မှန်ကန်သည့် ကျေးဇူးဆပ်နည်းဖြစ်၏။
ရလာဒ်အဖြစ် ကျေးဇူးရှင်များအား ပို၍ ကြီးစွာသော ပေးကမ်းခြင်းကို လှုံ့ဆော်ပေး၏။
ဤနည်းအားဖြင့် သူတို့သည် လူ့ဘောင်တစ်ခုလုံးကို အကျိုးကျေးဇူး ရရှိစေ၏။


အမှန်တရား

လူမိုက်တို့သည် ကတိစကားကို မတည်နိုင်ကြ၍ မည်သူကမျှ သူတို့ကို မယုံကြည်ကြပေ။
ထို့ကြောင့် သူတို့သည် ကိုယ့်ကိုယ်ကိုယ် လေးစားနိုင်မှုကိုပင် ပျောက်ဆုံးကြရ၏။

လူတော်များသည် အမှန်တရား၏ စီးနင်းလွှမ်းမိုးထားခြင်းကို ခံနေကြရ၍ အမှန်တရား၏ အားသာချက်နှင့် အားနည်းချက်တို့ကို ခွဲခြားနိုင်စွမ်း မရှိကြပေ။
သို့ဖြစ်၍ သူတို့သည် အမှန်တရားထဲတွင် မကြခဏ ချုပ်မိနေတတ်ကြ၏။

ပညာရှိများမှာမူ အမှန်တရားနှင့် ဉာဏ်ပညာတို့ကို တစ်သားတည်း ဖြစ်သွားအောင် သွန်းလောင်းယူကြ၍ အမှန်တရား၏ အကာအကွယ်ကို ရကြ၏။
ယင်းအတွက် သူတို့၏ စကားများသည်လည်း အမှန်တရားချည်းသာ ဖြစ်ကြရ၏။

(The Foolish, The Clever, The Wise by Charles Akara)
ကို တူဒေးအယ်ဒီတာအဖွဲ့ ဘာသာပြန်သည်။
 

0 comments:

Post a Comment


Popular Posts