ဒီနေ့ ကမ္ဘာ့နိုင်ငံရေးမှာ ကျယ်ကျယ်လောင်လောင် ပြောနေကြတာက ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး အကြောင်းပါ။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးကို လေးစား လိုက်နာမှု မရှိဘူးဆိုရင် အဲဒီနိုင်ငံကို မသက်သာလို့ ဆက်ဆံ ရရင်တောင်မှ နိုင်ငံတကာရဲ့ ဝေဖန်မှုတွေကနေ မလွတ်ကင်း နိုင်ပါဘူး။ အဲဒါကြောင့် နိုင်ငံတိုင်း လိုလိုဟာ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး ကိုတော့ အနည်းနဲ့အများ ဆိုတာလို ဂရုစိုက် လာကြရတယ်၊ လုံးဝ ဥပက္ခာ ပြုထားလို့တော့ မရဘူး။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း နိုင်ငံရေး အရရော၊ စီးပွားရေး အရရော အပြောင်းအလဲတွေ ပြုလုပ်နေတာ တွေ့ရတယ်။ အဲဒီလို ပြောင်းလဲ လာတာဟာ အသွင်သဏ္ဍာန်ပိုင်း အရလည်း ပြောင်းလဲ လာသလို၊ အနှစ်သာရပိုင်း အရလည်း ပြောင်းလဲလာတာ တွေ့ရပါတယ်။ အလွယ်ဆုံး ပြောရရင်တော့ တပ်မတော် အစိုးရ အုပ်ချုပ်ရာ ကနေ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အုပ်ချုပ်တဲ့ အစိုးရသစ် အဖြစ် ပြောင်းလဲ လာခဲ့တယ်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး စနစ် စတဲ့ အပြန်အလှန် ထိန်းကျောင်းတဲ့ စနစ်တစ်ရပ် ပေါ်ထွန်းလာခဲ့တယ်။ အရင်ကလို အထက်ကအမိန့် အောက်က အကောင် အထည်ဖော်တဲ့ စနစ်မျိုး မဟုတ်တော့ဘူး။ ဒါဟာ သိသာ ထင်ရှားတဲ့ အပြောင်းအလဲ တစ်ခု ဖြစ်ပါတယ်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံ နိုင်သေးတဲ့ သူတွေကိုတောင် သဘောထား ကွဲလွဲတာတွေ ဘေးဖယ်ပြီး တူတာတွေ ပူးပေါင်း ဆောင်ရွက်မယ်လို့ နိုင်ငံတော် သမ္မတကြီး ကိုယ်တိုင်က ပြောဆိုထားတယ်။ မှန်ကန်တဲ့ စေတနာကို ပြသဖို့ လိုနေ သေးတယ်လို့ အဲဒီလောက်ထိကို ပွင့်ပွင့်လင်းလင်း ပြောဆိုသွားတယ်။ ဒီနေ့ နိုင်ငံရေး လောကမှာ ပြောဆိုသုံးနှုန်း နေကြတဲ့ ပွင့်လင်းမြင်သာမှု (Transparency) ဆိုတာ လက်တွေ့ပြသ လိုက်တဲ့ သဘောပဲ ဖြစ်ပါတယ်။
မတူညီတဲ့ အမြင်တွေ ရှိပေမယ့် တူညီတာတွေကို ဘုံအကျိုးစီးပွား အတွက် ဆောင်ရွက်သွားမယ်၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ဖော်ဆောင်ရာ မှာလည်း ဒီနေ့အထိ လက်နက်ကိုင် ဆန့်ကျင်နေဆဲ ဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကိုလည်း ငြိမ်းချမ်းရေးအတွက် ၁/၂၀၁၁ ကို ထုတ်ပြန် ကမ်းလှမ်းခဲ့တယ်။ ငြိမ်းချမ်းရေး တံခါးကိုလည်း အမြဲဖွင့်ထားဆဲ ဖြစ်တယ်လို့ နိုင်ငံတော် သမ္မတကြီး မတ်လ (၃၀)ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ ပြောဆိုခဲ့တဲ့ ပထမဆုံးမိန့်ခွန်းမှာ ပြောဆိုသွားခဲ့တယ်။ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပ ရောက်နေကြတဲ့ သူတွေကိုလည်း နိုင်ငံရဲ့ အကျိုးစီးပွားကို ဆောင်ရွက်နိုင်ဖို့အတွက် အမိနိုင်ငံကို ပြန်လာ နိုင်ကြောင်းလည်း ဖိတ်ခေါ်ထားပြီး ဖြစ်ပါတယ်။ ပြန်လာကြ ဖို့လည်း ဆက်သွယ်နေကြပြီ ဖြစ်ပါတယ်။
စီးပွားရေး ပိုင်းမှာလည်း နိုင်ငံတော်ရဲ့ မိုက်ခရိုနဲ့ မက်ခရိုစီးပွားရေး တိုးတက်ကောင်းမွန်လာဖို့ အတွက် အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ တွေနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျော့ချရေး အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ တွေ ကျင်းပခဲ့တာ တွေ့ရတယ်။ ဒီဆွေးနွေးပွဲတွေကနေ ထွက်ပေါ်လာတဲ့ ရလာဒ်တွေကို Action Plan တွေအဖြစ် ရေးဆွဲ အကောင်အထည်ဖော်နေပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။
လူ့အခွင့်အရေး ပိုင်းနဲ့ ဒီမိုကရေစီပိုင်းကို ပြန်ကြည့်မယ် ဆိုရင်လည်း အစိုးရသစ်က နိုင်ငံသားတွေရဲ့ မူလ အခွင့်အရေးကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေအညီ ရရှိအောင် ဦးစားပေး ဆောင်ရွက်မယ် လို့လည်း အတိအလင်း ကြေငြာထားပြီး ဖြစ်ပါတယ်။ မီဒီယာ လွတ်လပ်ခွင့် ပိုင်းမှာလည်း တိကျတဲ့ ဥပဒေတွေ ထွက်ပေါ်လာတာ မရှိသေး ပေမယ့် အတော်လေး ဖြေလျော့ ပေးထားတာ တွေ့ရပါတယ်။ အရင်က ဖော်ပြခွင့်မရတဲ့ သတင်းတွေကို မီဒီယာ စာမျက်နှာတွေမှာ တွေ့မြင်လာရပါတယ်။ ILO ရဲ့အကူအညီနဲ့ အလုပ်သမား အခွင့်အရေး ဆိုင်ရာ ဥပဒေကြမ်း တွေလည်း အမျိုးသား လွှတ်တော်မှာ ဆွေးနွေးနေပြီ လို့လည်း သိရပါတယ်။ နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ ICRC နဲ့လည်း ပူးပေါင်း ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနား ကိုလည်း မြန်မာနိုင်ငံကို လာရောက်ခွင့်ပြုခဲ့တာ တွေ့ရပါတယ်။
ခြုံပြီးကြည့်ရင် အစိုးရသစ်ရဲ့ ရက်ပေါင်း(၁၅၀)ကျော် သက်တမ်းအတွင်းမှာ နိုင်ငံရေး၊ စီးပွားရေး ဆိုင်ရာ အပြောင်းအလဲ တွေဟာ အသွင်သဏ္ဍန်ပိုင်း အရရော အနှစ်သာရပိုင်း အရရော ပြောင်းလဲ လာတာကို တွေ့ရပါတယ်။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး အခြေအနေတွေ ဟာလည်း အစိုးရသစ်ရဲ့ သက်တမ်းနဲ့ နှိုင်းယှဉ် ကြည့်မယ်ဆိုရင် များစွာ တိုးတက် ပြောင်းလဲ လာတယ်လို့ ဆိုနိုင်ပါတယ်။ ရက်(၁၅၀)ကျော် သက်တမ်းသာ ရှိသေးတဲ့ အစိုးရသစ်ရဲ့ လုပ်ဆောင်ချက်နဲ့ ရလာဒ်တွေကို နှစ်ပေါင်း (၁၅၀)ကျော် သက်တမ်းရှိတဲ့ အစိုးရတွေနဲ့ နှိုင်းယှဉ်ပြီး တိုးတက်ပြောင်းလဲမှု မရှိဘူးလို့ ဆိုရင်တော့ အောင်မင်းပြောတာ ဒီတစ်ခါတော့ တကယ် လွန်တယ်လို့ပဲ ဆိုချင်တယ်ဗျာ။
0 comments:
Post a Comment