နာမည်ကြောင့် မဟုတ်ဘူး
ငွေကြေးကြောင့် မဟုတ်ဘူး
ရာထူးကြောင့် မဟုတ်ဘူး
ဘာအတွက်ကြောင့်မှ မဟုတ်ဘူး
လူပီသစိတ် တစ်ခုတည်းကြောင့်
သူ့အသက်တစ်ခုလုံး အလဲအထပ်လုပ်သွားခဲ့
အများအတွက်။
နာမည်မကြီးခဲ့ဘူး၊ နာမည်မကြီးချင်ဘူး
အားလုံးရဲ့ ခေါင်းထဲမှာ သူ့အမည် မရှိခဲ့ဘူး
သူ့ခေါင်းထဲမှာ အားလုံးအတွက်ပဲရှိတယ်
သူ့အတွက်ကျ
သူ့အသက်ကိုတောင် ငဲ့မကြည့်ဖြစ်ခဲ့ဘူး။
အာဇာနည်တွေအားလုံးနဲ့ တစ်တန်းတည်း
အညတြ အာဇာနည်
သူ့ရုပ်ကြွင်း ပြာမှုန်ကလေးတောင်
ဂုဏ်သိက္ခာရှိတယ်။
ကျဆုံးသွားသူတွေ နောက်ဆံမငင်ရအောင်
သေလုမြောပါး အသက်တစ်ချောင်းထားခဲ့
ကျနော် ဘယ်ရောက်နေတာလဲ၊
အဖေရောဟင်၊
အမေရော အန္တာရယ်ကင်းရဲ့လား၊
ညီလေး မတွေ့ပါလား၊
ညီမလေး ဘာမှမဖြစ်ဘူးနော်၊ …
ဆိုတဲ့ ကြားနေကျစကားတွေ မဟုတ်ဘူး
နာရီပေါင်းများစွာ သေမင်းနဲ့စစ်ခင်း
သတိရရချင်းမှာ ထွက်လာတဲ့စကား
“မီးငြိမ်းသွားပြီလား၊ မိုးလင်းပြီလား” တဲ့။
“အားလုံးဘေးကင်းရဲ့လား၊
ဘယ်အချိန်မှာ မီးငြိမ်းသွားသလဲ၊
အသေအပျောက်မရှိဘူး မဟုတ်လား၊
လူတွေ အထိတ်တလန့် ဖြစ်နေတုန်းလား၊
အိုးမဲ့ အိမ်မဲ့တွေများ ဖြစ်ကုန်ကြသေးသလား၊
…. …. …. …..
…. ….. …. ….. ….. ….
မင်း .. မေးထားလိုက်ပါ
လိုအပ်နေသူတွေအတွက် မင်းရှိနေပေးမှဖြစ်မယ် ”
လို့များ ….
ကျဆုံးသွားသူတွေက မှာခဲ့လေသလား။
အာဇာနည်တွေအားလုံးနဲ့ တစ်တန်းတည်း
အညတြ အာဇာနည်
သူ့ နှုတ်ထွက်စကားလေးတစ်ခွန်းတောင်
လူပီသနေတယ်။
========================================================
မင်္ဂလာတောင်ညွန့်မြို့နယ် မီးဘေးတွင် အများအတွက် အသက်ပေးလှူသွားသော ကျဆုံးမီးသတ်ရဲဘော်များ၊
နှင့် သေမင်းဆီသို့ လက်တစ်ကမ်းထိ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သော မီးသတ်ရဲဘော်များသို့
အထူးတလည် ဂုဏ်ပြုရည်ညွှန်းပါသည်။
ပြုခဲ့ဖူးလေသမျှ ကုသိုလ်အစုစုကို တိုင်တည်ပြီး … ဒီစာမျက်နှာ၊ ဒီနေရာမှ …
ဒီကဗျာရေးသူက အမျှပေးဝေလိုက်ပါတယ် အာဇာနည်အပေါင်းခင်ဗျာ ….။
ကိုကြည်နိုင်
ကျုံးတိုင်းရွာမှ ကူးယူဖော်ပြပါသည် ..
0 comments:
Post a Comment