စစ်တပ်ထဲက မြန်မာ
ကျွန်တော် စင်ကာပူရောက်တာ တစ်နှစ်ရှိပြီ။ အလုပ်က စင်ကာပူလေတပ်တစ်ခုအတွင်း
အဆောက်အဦသစ်များတွင် ရေပေးဝေရေးပိုက်လိုင်းများ၊ မီးသတ်ပိုက်လိုင်းများ တပ်ဆင်ရခြင်းဖြစ်သည်။
စစ်တပ်တွင်း အလုပ်လုပ်ရခြင်းကြောင့် အ၀င်တွင် ၀င်ခွင့် Pass လဲရသည်။ ကျွန်တော်တို့
Work Permit ကဒ် များ၊ S Pass ကဒ်များကို စစ်တပ်တွင်းသွားလာခွင့်ကဒ်များဖြင့်
လဲလှယ်ပြီးမှသာလျင် ၀င်၍ လုပ်ကိုင်ခွင့်ရကြလေသည်။
တစ်နေ့တွင် လဲလှယ်ပေးသော ရုံးခန်းရှေ့ တန်းစီနေခိုက် စစ်တပ်မှ ရာထူးကြီး ဗိုလ်များ
တပ်ကြပ်များ ရောက်လာပြီး ရုံးခန်းထဲရှိ တပ်သားများအား စစ်ဆေးကြသည်။ ထိုအခါ
လျော့တိလျော့ရဲစာရင်းများ၊ စနစ်တကျမရှိသော လဲလှယ်ပေးခြင်းများ တွေ့သွားကြသဖြင့်
ဆူပူလေတော့သည်။ အလုပ်သမားများ အဆင်ပြေစေရန် အလွယ်တကူ ၀င်ခွင့်လဲလှယ်ပေးမိသော
စစ်သားလေးများမှာ မျက်နှာငယ်လေးများဖြင့် သနားစဖွယ်။ အပြင်မှ ကျွန်တော်တို့လည်း
ကြည့်၍သာ နေရသည်။ ဗိုလ်များက တင်းကြပ်စွာ လုပ်ကိုင်ဆောင်ရွက်ရန် ညွှန်ကြားရင်း
ပြန်ထွက်သွားကြ၏ ။ ထိုအထဲမှ ဗိုလ်တစ်ဦးကမူ ကျွန်တော်တို့ တန်းစီစောင့်ဆိုင်းနေရာ အပြင်သို့
ထွက်လာပြီး ရှေ့ဆုံးမှ ကျွန်တော့်ကို ရင်းရင်းနှီးနှီး လာရောက်နှုတ်ဆက်လေသည်။
ကျွန်တော် ဘုမသိ ဘမသိဖြင့် ပြန်၍ နှုတ်ဆက်လိုက်ရသော်လည်း သူ့ကိုမသိ။
ကျွန်တော့်အလုပ်သမားများကလည်း လုပ်ငန်းခွင်သို့ နောက်ဆုံးမှ ရောက်လာသော ကျွန်တော်နှင့်
စစ်တပ်က ဗိုလ်တစ်ယောက် ဘယ်လိုလုပ် ခင်နေသလဲဟု အံ့သြနေကြ၏ ။ ထိုစစ်ဗိုလ်က ကျွန်တော့်ကို
ဘာအလုပ်လုပ်သလဲဟု မေးသဖြင့် ကျွန်တော့်အလုပ်ကို ပြောပြလိုက်ရာ အံ့သြသွားပြီး အတူပါလာသော
စစ်ဗိုလ်တစ်ဦးကို တရုတ်လို ပြန်ပြောနေသည်။ ပြီးမှ ကျွန်တော့်ကို ဘယ်နိုင်ငံသားလဲဟု မေးလေသည်။
ကျွန်တော်က မြန်မာ ဟု ဖြေသောအခါ မြန်မာတွေ စိတ်ထားအလွန်ကောင်းကြောင်း ချီးကျူးလေသည်။
ဖြစ်ပုံမှာ ထိုစစ်ဗိုလ်သည် လုံခြုံရေးကင်မရာများကို မကြာခဏ စစ်ဆေးရသူဖြစ်၏ ။
ကင်မရာစောင့်ကြည့်ရသည့် စစ်သားများက ပြောသဖြင့် ကျွန်တော့်ကို သတိထားမိကြောင်း ပြောပြသည်။
သူတို့က ကျွန်တော့်ကို လမ်းဖောက်သည့် ကုမ္ပဏီမှ ကြီးကြပ်သူတစ်ယောက်ဟု ထင်ထားကြသည်။
ကျွန်တော်တို့အလုပ်က တစ်နေရာနှင့် တစ်နေရာ ဝေးသဖြင့် ယာဉ်မောင်းလိုင်စင်မရှိသော ကျွန်တော်က
အခြား အလုပ်သမားများနည်းတူ စက်ဘီးဖြင့် သွားလာနေကျ။ သွားတိုင်းလည်း လမ်းပေါ်တွင်
မြေသယ်ကားကြီးများပေါ်မှ ကျသော မြေကြီးကျစ်စာခဲများ၊ ရွှံ့တုံးများကို လမ်းဘေးသို့ တတ်နိုင်သမျှ
ကန်သွားနေကျဖြစ်သည်။ ရှင်းလင်းသူများ ရှိသော်လည်း အမြဲမလုပ်နိုင်ကြသဖြင့် မြေကြီးခဲများမှာ
လမ်းပေါ်တွင် ပြန့်ကျဲပြီး ကားနင်းသွားလျင် အလွန် ညစ်ပတ်လှသောကြောင့် ကျွန်တော်စက်ဘီးစီးလျင်
ခြေနှင့် ဘေးသို့ ကန်ထုတ်ပေးသွားသည်ကို သူတို့စောင့်ကြည့်သူများ အမြဲမြင်တွေ့နေကြခြင်းဖြစ်လေသည်။
ငယ်ငယ်ကတည်းက ဘောလုံးကန်လေ့ရှိခဲ့သောကြောင့် စက်ဘီးပေါ်မှ မြေကြီးခဲတိုင်း
မလွဲအောင် ကန်နိုင်သည်ကို စစ်သားလေးများက စောင့်ကြည့်ရင်း ပြောဆိုကြသည်ဆို၏ ။ တစ်ခါတရံ
သစ်ကိုင်းကျိုးများ၊ ဆူးခက်များ လမ်းပေါ်ကျနေလျင်လည်း ရှင်းလင်း ဖယ်ရှားပေးတတ်သောကြောင့်
ထိုစစ်ဗိုလ်က ချီးကျူးနေခြင်းဖြစ်သည်။ ကျွန်တော်က ဒါ လူတိုင်း အလွယ်တကူလုပ်နိုင်တဲ့ ကိစ္စပါ။
ဘာမှ မခဲယဉ်းပါဘူး၊ အဲလို အသိစိတ်ဓာတ်လေး ရှိနေဖို့ပဲ လိုတာပါ ဟု ပြောသောအခါ
သူတွေ့ဖူးတာတော့ ဘယ်သူမှ အဲလို မရှိကြဘူးလေ ဟု ရယ်ရင်း ပြန်ပြောလေသည်။
အဲဒီနောက်ပိုင်း ကျွန်တော့်ကို စစ်သားတော်တော်များများ သိသွားကြသည်။
ကျွန်တော် pass သွားလဲလျင် အခြားသူများလို Clearance ခေါ်သော မှတ်ပုံတင်ထားသော
လူစာရင်းပုံစံပင် ပြရန်မလို၊ လူမြင်သည်နှင့် ချက်ချင်း လဲပေးကြသည်။ တစ်ခါတရံ pass မလဲဘဲ
ဝင်သွားသော်လည်း လက်ပြ နှုတ်ဆက်ကြသည်မှ လွဲ၍ မစစ်ဆေးကြချေ။ အမှန်မှာ စစ်သားအချင်းချင်းပင်
ကိုယ်ပိုင် Pass များ ပြရသည်။ အလုပ်သမားများမှာမူ မန်နေဂျာဖြစ်ဖြစ် ဥက္ကဋ္ဌဖြစ်ဖြစ် Pass လဲပြီးမှသာ
သူတို့ကိုပြပြီး ၀င်ခွင့်ရကြလေသည်။ ကျွန်တော်ကလည်း တမင်အခွင့်အရေးယူခြင်း မဟုတ်ပါ။
S pass ကဒ် မေ့ကျန်ခဲ့သည့်အခါ သို့မဟုတ် clearance မရှိသည့်အခါများတွင်သာ မလဲဘဲ
ခပ်တည်တည် ၀င်ခြင်းဖြစ်လေသည်။
ဘတ်စ်ကားပေါ်မှာ
အရင်က ခုလို ကြိုပို့ကား မရှိသေး။ ခရီးကလည်း နီးသဖြင့် အလုပ်ကို ဘတ်စ်ကားနှင့်ပဲ
သွားလိုက်သည်။ ဘတ်စ်ကားနှင့်ဖြစ်သောကြောင့် ထချင်သည့်အချိန်မှ ထ သွားလို့ရသည်။
ပြန်ချင်သည့်အချိန် ပြန်၍ ရသည်။ ထို့ပြင် ကားခ ပြန်တောင်းလို့ ရသေးသည်။ ထို့ကြောင့်
ဘတ်စ်ကားက ကျွန်တော့်အတွက် အဆင်ပြေ၏ ။ ညနေဘက် အပြန်နောက်ကျလျင်တော့
လူကြပ်တတ်လေသည်။
တစ်ညနေ၊ မှတ်တိုင်တစ်ခုတွင် အဘိုးကြီး အဘွားကြီးတွေချည်း ပြုံတက်လာသည်။
သင်္ချိုင်းမှာ ဘိုးဘွားကန်တော့ကြချိန်ဖြစ်ရာ လူတွေ များလှသည်။ ဂိတ်အစပိုင်းမှ စီးလာသော
ကျွန်တော်က ရှေ့ဆုံးခုံမှာ နေရာရထားသည်။ ဘေးမှာ လူတစ်ယောက်ပါသည်။ ကျွန်တော့်မှာက
အထုပ်တွေ အိတ်တွေနှင့်၊ သို့သော် မြန်မာပြည်ကအတိုင်း အသက်ကြီးသူတွေကို နေရာဖယ်ပေးလိုက်သည်။
ကျပ်သပ်နေသည့် လူတွေထဲ တိုးကာ အဘိုးကြီးတစ်ဦးကို လက်တို့၍ ဒီမှာ လာထိုင်ပါဟု ပြောလိုက်သည်။
အဘိုးကြီးက လှည့်ကြည့်ပြီး လက်ခါပြကာ တစ်ဖက်သို့ လှည့်သွားသည်။ နောက် အနီးမှ
အဘွားကြီးတစ်ဦးကို ထိုင်ရန် ပြောလိုက်ပြန်သည်။ ထိုအဘွားကြီးက တစ်ချက်မော့ကြည့်ကာ
တုန်တုန်ချည့်ချည့်ဖြင့် အတွင်းသို့ အတင်းတိုးသွားတော့သည်။
အနီးအနားမှ အဘိုးကြီးအဘွားကြီးအားလုံး ထိုအတိုင်းပင် အတင်းငြင်းကြသည်။
ထိုင်ရမှာ ကြောက်သောကြောင့် ကားလာတိုးစီးကြသည့်နှယ် မတ်တပ်ရပ်ရမည့်အခွင့်အရေးကို
အသည်းအသန် ကာကွယ်နေပုံရလေသည်။ ပြန်ထိုင်ချင်စိတ်လည်း မရှိ၊ ထို့ကြောင့် ဘေးက
ကိုယ့်ထက်ကြီးသူတွေ ထိုင်ဖို့ ပြောတော့လည်း အားလုံးက ငြင်းကြပြန်သည်။ ထိုခုံက
နှစ်မှတ်တိုင်လောက် လွတ်နေသည်။ နောက်မှ တက်လာသော မိန်းမကြီးတစ်ယောက် ၀င်ထိုင်သွား၏ ။
ဘေးမှ ဦးလေးကြီးတစ်ဦးက မေးလာသည်။
“မောင်ရင်က မြန်မာလား” .. တဲ့။
“ဟုတ်ကဲ့.. ဦးလေးက ဘယ်လိုလုပ် သိလဲ”
“သိပါတယ်.. ဒါက မြန်မာလူမျိုးတွေမှာပဲ တွေ့ရတဲ့ လေးစားသမှုပြုခြင်းပဲဟာ.. တခြား ဘယ်နိုင်ငံသားမှ
အဲလို မရှိဘူးလေ”
ကျွန်တော် ဂုဏ်ယူမိသွားသည်။ ပြုံးပြီး
“ကျွန်တော်တို့ဆီမှာတော့ အဲလိုပဲ ထပေးနေကျကိုး။ လူတိုင်းက ထပေးတတ်ကြတယ်။ သက်ကြီးရွယ်အိုတွေကလည်း မငြင်းပါဘူး။ ဒီမှာတော့ ဘာလို့ ငြင်းလဲ မသိဘူး”
“သြော်.. စင်ကာပူလူမျိုးတွေက အဲလိုပဲကွ.. ဦးတို့လူမျိုးတွေကိုယ်စား ဦးကပဲ တောင်းပန်ပါတယ်။
သူတို့က ဒီလိုပဲ။ နားမလည်တတ်ကြဘူး။ မြန်မာတွေလို အားလည်း မနာကြဘူး။
ဦးတို့အလုပ်ထဲမှာလည်း မြန်မာတွေ အများကြီး ရှိတယ်။ တော်တော်များများက ကောင်းကြတယ်”
ကောင်းတဲ့ မြန်မာများအတွက် ဂုဏ်ယူရပါသည်။ ထိုဦးလေးကြီးမှာ ကုမ္ပဏီတစ်ခုမှ
မန်နေဂျာဖြစ်ကြောင်း သိရ၏ ။ နောက် သုံးလေးမှတ်တိုင်ရောက်သောအခါ ကျွန်တော်
ဆင်းရတော့မည်ဖြစ်ကြောင်း နှုတ်ဆက်လိုက်သည်။ ထိုလူကြီးက ကျေးဇူးတင်ပါတယ် ဟု ဆို၏ ။
အနားမှာ ရပ်နေသော စစ်သားများထဲမှ တစ်ဦးက အလေးပြုဟန် လုပ်ပြသည်။ ကျွန်တော်ကလည်း
ပြန်လုပ်ပြလိုက်ပြီး ဆင်းမည်ဟု ရှေ့ပေါက်ကို တိုးထွက်တော့ ဒရိုင်ဘာမိန်းမကြီး
(ဒီမှာတော့ Bus Captain ဟု ခေါ်ကြသည်) က ပြုံးပြီး လက်ပြနေလေသည်။ သြော်.. လုပ်လိုက်တာက
ဘာမှမဟုတ်၊ အကျိုးကတော့ တော်တော်ပီတိဖြစ်ရပါလား ဟု တွေးလိုက်မိပါသည်။
မြန်မာ့နည်း မြန်မာ့ဟန်
အလုပ်ထဲမှာ မြေတူးပြီး ပိုက်လုံးကြီးတွေ ဆက်ကာ ကွန်ကရစ်လောင်းရစဉ်က ဖြစ်သည်။
ကျွန်တော်က ကြီးကြပ်ပြီး၍ စစ်ဆေးပုံစံတင်ရန် ပုံဆွဲပြီး လုပ်ငန်းခွင်ရှိရာသို့ ပြန်သွားသောအခါ
ပြဿနာတစ်ခုနှင့် ကြုံရ၏ ။ Main Contarct မှ ကျွန်တော်တို့ကို ကြည့်ရှုစစ်ဆေးပေးရသော
မြန်မာအကိုကြီးနှင့် ကျွန်တော့်အောက်ရှိ ကြီးကြပ်သူ တရုတ်အဘိုးကြီးများ ဘိလပ်မြေမဆလာ (Cement)
ဘယ်လောက်မှာရမည်ကို ငြင်းခုံနေကြလေသည်။ ကျွန်တော့်ကို တွေ့သောအခါ မြန်မာအကိုကြီးက
ဟိုမှာ အင်ဂျင်နီယာလာပြီ၊ သူ့မေးကြည့်ဦး ဟု ဆိုလေသည်။ တကယ်တော့ ကျွန်တော်က ရောက်တာ
၆ လသာ ကြာသေးသည်။ သူတို့တွေ အားလုံးက လုပ်သက် နှစ် ၃၀ ၄၀ ရှိပြီးသား အဖိုးကြီးတွေ၊
မြန်မာအကိုကြီးသည်ပင် ၁၅ နှစ်ရှိပြီး ဖြစ်သည်။ သူတို့ ငြင်းခုံနေရသည်က လောင်းရမည့် မြောင်းမှာ
ပုံမှန်မဟုတ်၊ အကျဉ်းအကျယ် မညီသဖြင့် ပုံမှန်တိုင်း တွက်၍ မရ။ ရေပြင်ညီလည်း ရှိမနေ၊
တဖြည်းဖြည်း နိမ့်ဆင့်သွားပြီး မြောင်းကြီးတစ်ခုအောက်မှ သွယ်ကာ အပေါ်ကို
ထောင်တက်ထားခြင်းဖြစ်ရာ တွက်ချက်ကြသည်များမှာ အမျိုးမျိုး ထွက်နေကြလေသည်။
မြန်မာအကိုကြီးက Cement ခုနစ်မီတာဟု ဆို၏ ။ တရုတ်အဖိုးကြီးတွေက ၁၂ ဆိုသူဆို
၁၄ ဆိုသူဆို၊ နောက်ဆုံး ၁၄ မီတာ မှာပေးရန်သာ တောင်းဆိုနေ၏ ။ ကျွန်တော့်ကိုတော့
ဘာမှ မပြောကြ၊ ဒီကောင် မသိလောက်ပါဘူးဟုသာ ထင်ကြပုံရသည်။ ကျွန်တော်က ၆လလောက်
မျက်မှန်းတန်းမိနေပြီဖြစ်သဖြင့် ကိုးမီတာမှာပေးပါ ဟုသာ ပြောလိုက်သည်။ သူတို့တွက်သည်နှင့်
အလွန်ကွာနေသဖြင့် အဖိုးကြီးတွေက မျက်စောင်းထိုးကြသည်။ မင်း ဘယ်လို တွက်လိုက်တာလဲ ဟု
ဆိုကြ၏ ။ ကျွန်တော်က ရောက်ရောက်ချင်း တစ်ချက်ကြည့်ပြီး ပြောလိုက်သည်ကိုး။ ဒါ မြန်မာ့နည်း
မြန်မာ့ဟန်ပါ ဟုသာ ပြန်ပြောလိုက်သည်။ မြန်မာတွေ စိတ်ထဲမှ တွက်တတ်တာ သူတို့ သိနေကြသဖြင့်
ဘာမှတော့ ပြန်မပြောကြ။
(ဟုတ်သည်။ သူတို့က ၆၀ ကို ၆ နဲ့စား ဆိုတာတောင် ချတွက်ချင် တွက်ကြသည်။
ကျွန်တော့်မန်နေဂျာကအစ လက်ချိုး အသံထွက်၍ တွက်တတ်သည်။ ချက်ချင်း မပြောနိုင်ကြချေ။
ထိုအခါ သင်္ချာညံ့သော ကျွန်တော်က သူတို့ထက်တော့ မြန်တာ သိနေကြသည်။
၁၂ အလီထိတော့ ငယ်ငယ်ထဲက ရထားသည်ကိုးး :D )
တကယ်က မျက်မှန်းနှင့် ရမ်းလိုက်ခြင်းသာ ဖြစ်သည်။ ဟုတ်ရင်ဟုတ်ပေါ့ကွာဟု
အောင့်သက်သက်ဖြင့်ငြိမ်နေကြလေသည်။သူတို့အထက်ကဖြစ်နေ၍ ပြန်တော့ မပြောသာ။
မှားလျင်တော့ ကျွန်တော့်ကို ၀ိုင်းပြော၍ မန်နေဂျာကို အလုအယက် တိုင်ကြမည်ဖြစ်သည်။
(အန္တရာယ်တော့ များသည်။) သို့သော် ကွန်ကရစ်လောင်းပြီးသောအခါ ကိုးမီတာလည်း ကုန်
ပိုက်တွေလည်း ကွက်တိ ဖုံးပြီးလေပြီ။ သူတို့ အံ့သြနေကြ၏ ။ မင်းမြန်မာ့နည်းက တယ်ဟုတ်ပါလားဟု
တစ်ယောက်က ဆိုလေသည်။
(ကွန်ကရစ် တစ်မီတာကျုလျင် ထုထည်မှာ ရေခဲသေတ္တာအကြီးတစ်လုံးစာသာသာလောက် ရှိသည်။
တစ်မီတာ ဟုသာ ခေါ်လေ့ရှိပါသည်။)
မြန်မာ - စင်ကာပူ ဘောလုံးပွဲ
ကျွန်တော်နေရသည်က သူဋ္ဌေးပေးသော အခန်းတွင် ဖိလစ်ပိုင်များ တရုတ်များနှင့်
နေရခြင်းဖြစ်သည်။ ဖိလစ်ပိုင်တွေက ကျွန်တော်နှင့် အတော်ခင်ကြသည်။ သူတို့လည်း
ဘောလုံးဝါသနာ ပါကြရာ ကျွန်တော့်ကို တစ်ရက်တွင် ဘောလုံးလာကန်ဖို့ ခေါ်လေသည်။
သူတို့က စင်ကာပူမလေးနှစ်ယောက်၊ စင်ကာပူတရုတ်တစ်ယောက်ပါသည်။ ဖိလစ်ပိုင်နှစ်ယောက်နှင့်
ပေါင်း ငါးယောက်၊ ကျွန်တော်က အလုပ်ထဲမှ ကန်နေကျ မြန်မာသူငယ်ချင်းတွေ ခေါ်သွားသည်။
ငါးယောက် ငါးယောက် ကွင်းသေးကန်ကြခြင်း ဖြစ်သည်။
စင်ကာပူတရုတ်က ကျွန်တော်တို့ရုံးမှ ဖြစ်ပြီး ကျောင်းလက်ရွေးစင်မှန်း ထိုအခါကျမှ
သိရသည်။ ဘောလုံးနည်းပညာကြွယ်သည်။ အခြေခံကောင်းပြီး ပိုင်နိုင်သည်။ ဘောလုံးသည်
သူ့ခြေထောက်ထဲတွင် လိုသလို လှုပ်ရှားနေရသည်။ မလေးနှစ်ယောက်ကလည်း
အတော်ကစားတတ်သည်။ ဖိလစ်ပိုင်နှစ်ဦးထဲမှ တစ်ဦးသာ ပုံမှန် ကစားတတ်ရုံဖြစ်ပြီး
အားလုံးမှာ ဘောလုံးကန်ကောင်းကြသူချည်း။ ကျွန်တော် ခေါ်သွားသော မွန်နှစ်ယောက်နှင့်
မြန်မာနှစ်ယောက်တွင် တစ်ယောက်သာ သိပ်မကစားတတ်။ကျန်သူများက အတော်ကစားတတ်ကြပြီး
ပါးနပ်ကြပါသည်။ ခြေစမ်းကြသည့်ပွဲက ပွဲကြီးပွဲကောင်း။ ကြေးကတော့ အပျော်
ဘီယာတစ်ကဒ်ကြေးဖြစ်ပြီး ကျွန်တော့်အတွက်တော့ ကျွဲရိုင်းပေါ့။
ပွဲစသည်နှင့် တရုတ်က မွှေပါတော့သည်။ ရှေ့တန်းမှ ကစားပြီး သူ့ဆီ ဘောလုံးရောက်သွားလျင်
လု၍မရ။ သူ့ခြေထဲမှာသာလည်နေသည်။ ဂိုးသွင်းခြေလည်းမှန်သည်။ အသည်းအသန် ကာကွယ်နေရသည်။
မလေးနှစ်ယောက်ကလည်း လျင်မြန်ကျွမ်းကျင်ကြသည်။ ကျွန်တော့် မြန်မာများက အမ်းနေပြီး
သိပ်မရဲကြချေ။ တွန့်ဆုတ်ဆုတ် ဖြစ်နေစဉ် နှစ်ဂိုးသွင်းခံလိုက်ရသည်။ ဖိလစ်ပိုင်တစ်ယောက်က
လူဝသလောက် ဖြတ်လတ်လှရာ အားလုံးကို လိုက်ထိန်းနေရတာနှင့်ပဲ အကွက်က တည်မရတော့။
ဘောလုံးက သူ့ခြေထဲမှာသာ အနေများနေတော့သည်။
ပထမပိုင်း တစ်နာရီ ပြီးသွားတော့ ကျွန်တော်တို့က လေးဂိုး တစ်ဂိုးဖြင့် အရှုံးကြီး ရှုံးနေပြီ။
သူတို့က ဘာဘီယာသောက်မယ် ရွေးချယ်နေကြပြီ။ ကျွန်တော်တို့က ခံစစ်က မတက်နိုင်သေး။
မွန်နှစ်ယောက်၏ ကစားအားကလည်း ရှေ့မှာ အပျက်များနေရသည်။ ကျွန်တော်က အလယ်မှာ
ဗျာများနေပြီး နောက်က နှစ်ကောင်က မတည်ငြိမ်၊ တက်ချင်တက် ဆင်းချင်ဆင်း လုပ်ချင်သလို
လုပ်နေကြရာ ဖြစ်သလို ကန်နေကြသည့်အတိုင်းပင်။ သို့နှင့် နားချိန် ဆယ်မိနစ်လောက်အတွင်း
ကျွန်တော်က အကွက်ပြင်လိုက်ပြီး နေရာတကျ ကစားကြဖို့ စီလိုက်သည်။
ဒုတိယပိုင်း ပြန်စတော့ လူတွေက ဒီပုံအတိုင်း၊ ထူးထူးခြားခြား မပြောင်းလဲသဖြင့် သူတို့
အမှတ်မဲ့သာ ရှိကြသည်။ ရှေ့မှာ နှစ်ယောက်တစ်တန်းတည်းပုံစံမှ ရှေ့နောက်ပုံစံသာ ပြောင်းသွားပြီး
ဂိုးသွင်းသေချာသော မွန်တစ်ယောက်က ထိပ်ဆုံးမှာ၊ နေရာယူတတ်သော လူပေးတိကျသော
မြန်မာတစ်ယောက်ပြီး ကျွန်တော်၊ ဘေးမှာ မွန်တစ်ယောက်ရှိသည်။ နောက်မှာ ဂိုးပိတ်ထားသော
တစ်ယောက်သာ ကျန်တော့သည်။ ဘောလုံးအရည်အသွေးကောင်းသော ကျောင်းလက်ရွေးစင်
တရုတ်ကတော့ ရှေ့ဆုံးမှာ နောက်ပြန်မဆင်းတမ်း နေသည်။ အလယ်ထိ ဆင်းယူပြီး မွှေမြဲ မွှေလေသည်။
Zip-Zap ပုံ ကန့်လန့်ဖြတ် အတန်းလိုက် နေရာယူထားသော ကျွန်တော်တို့ကို ဒီတစ်ခါတော့
အလုံးစုံလွတ်မြောက်ရန် မတတ်နိုင်တော့။ တစ်ယောက် နှစ်ယောက် ကျော်ပြီးသောအခါ
ကျွန်တော်တို့က ကျွံထွက်လာသော ဘောလုံးကို ဖျတ်ကနဲ ပြေးတက်ယူပြီး ရုတ်တရက် ထုတ်ပြေးတော့
သူကျန်ခဲ့ပြီ။ ကပ်လာသူများကို ကျွန်တော်က မလိမ်၊ ရှေ့မှ ရှိနေနှင့်သူများနှင့် ၀မ်းတူး ရိုက်ထွက်သည်။
ဘေးမှ မွန်တစ်ယောက်ကတော့ ဘောလုံးရလျင် ပြေးအားကောင်းကောင်း အလိမ်အခေါက်
ကောင်းကောင်းဖြင့် တစ်ယောက်နှစ်ယောက် လွတ်အောင် ထွက်လျင် ဘောလုံးက
ဂိုးရှေ့ရောက်ပြီ ဖြစ်သည်။
ကျွန်တော်က ဂိုးသွင်းသည့်နေရာမှာတော့ ဘယ်လိုပိတ်ပိတ်၊
ဘယ်လောက်ကာကာ ရအောင်သွင်းတတ်သည်။ ဘောလုံးတစ်လုံးစာ အပေါက်မြင်ရလျင်ပင်
ဂိုးဖို့သေချာသလောက်ရှိနေပြီ။ နှစ်ယောက်သုံးယောက် ဂိုးရှေ့ပိတ်ကာလျင်တော့ ကျွန်တော်တို့ကလည်း
နှစ်ယောက်သုံးယောက် စုပြုံတိုးဝင်ပြီး အပြင်းကန်ကြသည်။ ထိုသို့ တရုတ်က ဆွဲလာလိုက်၊
နောက်က ဖြတ်ယူပြေးပြီး လူပေးရင်း ဆွဲသွင်းသွားလိုက်ဖြင့် ၄ ဂိုးစီ ညီသွားသောအခါ သူတို့ သိသွားကြပြီ။
အမြန်ကာကွယ်ကြတော့သည်။ တရုတ်လည်း ရှေ့မတက်နိုင်တော့။ ဂိုးရှေ့နားက သိပ်မတက်ရဲကြတော့။
ကျွန်တော့်လူတွေတော့ လွတ်လပ်စွာ ယုံကြည်မှုအပြည့်ဖြင့် လှုပ်ရှားနေကြပြီဖြစ်လေသည်။
ပွဲပြီးခါနီးသောအခါ ကျွန်တော်တို့က နောက်ဆင်းလိုက်ကြသည်။ ကောင်တာချောင်းကစားကြရန်
အားလုံးကို နောက်တွင်သာ နေစေသည်။ သူတို့တက်ဖိလာသည်။ ရှေ့မှာမွန်တစ်ယောက်ပဲကျန်ခဲ့ပြီး
ကျွန်တော်တို့ ဂိုးရှေ့မှာပိတ်ထားကြရသည်။ သူတို့က တဒိုင်းဒိုင်းသွင်း၏ ။ ရုတ်တရက် ကျွန်တော်က
လုရင်း ရှေ့ကို ပြေးတက်သွားပြီး လူရှင်းသည့်နေရာမှ သွားစောင့်လိုက်သည်။ ရှေ့ကို မဲနေကြသော
သူတို့တွေ သတိမထားမိ။ မြန်မာတစ်ယောက် ခြေထဲ ဘောလုံးရောက်လာသောအခါမှ ကျွန်တော်က
အော်တောင်းလိုက်သည်။ လွတ်နေတာ မြင်သောကြောင့် သူက အမြောက်ကန်တင်လိုက်ရာ ကျွန်တော်
ဆွဲပြေးသည်။ နောက်က မလေးတစ်ယောက် အတင်းလိုက်လာသည်။ ကျွန်တော်က အရှိန်မြှင့်ပြေးသည်။
သူကလည်း အရှိန်မြှင့်လိုက်လာသည်။ ဂိုးရှေ့ရောက်သည်အထိ ဇွတ်ဆွဲပြေးပြီး ကန်သွင်းဟန် ခြေကို
လွှဲလိုက်သောအခါ ပိတ်ထားသော ဖိလစ်ပိုင်တစ်ယောက်က ဂိုးတစ်ဖက်ကို ကာလေသည်။ ကျွန်တော်က
ဟန်ပြပြီး ဘောလုံးကို နောက်သို့ချပေးခဲ့ခြင်းဖြစ်၏ ။ အသင့်စောင့်နေသော မွန်က
အပြင်းကန်သွင်းသွားလေသည်။
ထို့ပြင် ပွဲသိမ်းကာနီးတွင်လည်း ကျွန်တော်က ရှေ့အနည်းငယ်တက်နေသော
နောက်ခံလူအလစ် အဝေးမှ ကန်သွင်းလိုက်ပြီး ၆ ဂိုး - ၄ ဂိုးဖြင့် ရွှေမြန်မာတွေ နိုင်ပွဲရခဲ့သည်။
သူတို့က ပြောင်းလဲသွားသော အကွက်ကို သတိထားမိစွာ ချီးကျူးကြသည်။ ရုတ်တရက် အရှုံးကနေ
အနိုင်ဖြစ်သွားလောက်အောင် မြန်မာတွေ နည်းဗျူဟာပိုင်ကြသည်ဟု ပြောလေသည်။ အမှန်တော့
သူတို့က ဘယ်နေရာမှာ ဘယ်သူက ဘယ်လိုကစားဟု ကြိုတင်အကွက်ချ ကြံစည်ထားခဲ့ကြသည်။
ကျွန်တော်တို့က ကိုယ့်ကိုယ်ကို အထင်ကြီးပြီး ဒီကောင်တွေလောက်တော့ နိုင်မှာပါဟု ပေါ့ပေါ့တန်တန်
သဘောထားမိခြင်း ဖြစ်လေသည်။ ကွင်းထဲကျမှ သူတို့အလွန်ကောင်းကြောင်း သိရခြင်းဖြစ်လေသည်။
သို့သော် မြန်မာတွေကိုတော့ ဘယ်မီမလဲ.. နော့။ ကျွန်တော်တို့က မွေးလာကတည်းက
စွဲစွဲမြဲမြဲကစားစရာ ဒါပဲ ရှိခဲ့ကြသည်ကိုး။
သူတို့ကလည်း ဘက်စကတ်ဘော ဘယ်လိုကစားရမည် မသိကြသော ခပ်ပုပု ခပ်သေးသေး
မြန်မာများကို အထင်သေးထားကြသည်။ မြန်မာတွေ ဘယ်လောက်မြန်ပြီး ဘယ်လောက်မာကြောင်း
ဘီယာသောက် ပြန်သွားကြတော့မှ နားလည်သွားကြသည်။ ဒါတောင် ကျွန်တော်က ပြောလိုက်သေးသည်။
ငါ ခေါ်လာတာက သာမန်အလုပ်သမားလေးတွေ၊ ကျောင်းလက်ရွေးစင် မပြောနဲ့
ရပ်ကွက်လက်ရွေးစင်တောင် မပါဘူး ဟု။ ကြွားတာတော့ မဟုတ်ပါ။ တကယ်လည်း ကျွန်တော်တို့
မြန်မာတွေ စနစ်တကျ လေ့ကျင့်သင်ကြားခဲ့ရခြင်းမရှိဘဲ ၀ါနှင့် သမ္ဘာနှင့်သာ ကစားရခြင်း ဖြစ်ပါသည်။
ယခုတော့ ကျွန်တော်တို့ကို ဘောလုံးကန်ဖို့ သူတို့မခေါ်ရဲတော့ပါ။
မြန်မာတွေလည်း ကောင်းပါတယ်ဟု ပြောတတ်နေကြပြီ ဖြစ်လေသည်။
(မြန်မာဖြစ်ရတာ ဂုဏ်ယူပါ။ မိမိကိုယ်ကိုယ် မြှင့်တင်ပါ။ မိမိတိုင်းပြည်ကို မြှင့်တင်ပါ။
ထို့နောက် မိမိကိုယ်ကိုယ် ဂုဏ်ယူပါ)
From Facebook Page
0 comments:
Post a Comment