'
အမိမြေ

ဖြောင့်မတ် မှန်ကန် ပြည်သူ့ လွှတ်တော် ဥက္ကဌဟန်


 
 ဖြောင့်မတ် မှန်ကန် ပြည်သူ့ လွှတ်တော် ဥက္ကဌဟန်

မြန်မာနိုင်ငံမှာ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် နှစ်ခု ရှိတဲ့အနက် အောက် လွှတ်တော်လို့ ခေါ်ရမယ့် ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းဟာ လွှတ်တော် ရေးရာများကို စီမံခန့်ခွဲတဲ့ အခါမှာ ပျော့ပြောင်း ညင်သာပြီး နားလည်မှု အပြည့်အ၀ ရှိသူလို့ သတင်းမွှေးပါတယ်။ The Voice ဂျာနယ် ဆောင်းပါး တစ်ခုမှာတော့ လွှတ်တော်များ အသက် ၀င်လာမှုဟာ ဦးရွှေမန်းကြောင့် ဖြစ်တယ် ဆိုပြီး အစိုးရသစ် လက်ထက် ထူးခြား အသိအမှတ်ပြုရတဲ့ ဖြစ်ရပ် ခြောက်ခုထဲမှာ တစ်ခု အဖြစ် ဖော်ပြထားခဲ့ပါတယ်။ အခု ဆောင်းပါး ကတော့ ၂၀၁၁ခုနှစ် နိုဝင်ဘာလ (၄) ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်မှာ ဖော်ပြထားတဲ့ ပြည်ခိုင်ဖြိုးအမတ် မဟုတ်တဲ့ ကျန်အမတ်များရဲ့ ဦးရွှေမန်းအပေါ် ရှုမြင်ချက်များ ဖြစ်ပါတယ်။

ပထမအကြိမ် ပြည်သူ့ လွှတ်တော် ပထမပုံမှန် အစည်းအဝေးကို၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီ ၃၁ မှ မတ်လ ၃၀ ရက်အထိ ကျင်းပခဲ့ပြီး ဒုတိယပုံမှန် အစည်းအဝေးကို သြဂုတ် ၂၂ ရက်မှ နိုဝင်ဘာ လဆန်းရက်များ အထိ ကျင်းပလျက်ရှိရာ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များသည် “ပြည်သူ့အသံ- လွှတ်တော် အသံ၊ ပြည်သူ့ဆန္ဒ - လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက်- လွှတ်တော်က ဖော်ဆောင်ရွက်” ဟူသည့် ပြည်သူ့ လွှတ်တော်၏ ဆောင်ပုဒ် အတိုင်း “လွှတ်တော် နိုင်ငံရေး” ကို အတူ ဆောင်ရွက်လျက် ရှိပြီး အပြန်အလှန် သိမြင် နားလည်မှု များလည်း ပိုမို အားကောင်းလာပြီ ဖြစ်သည်။

သို့ဖြစ်၍ ရွေးကောက်ပွဲ အပြီး တစ်နှစ်တာ အတွင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ အပေါ် ကိုယ်စားလှယ်တို့၏ ရှုမြင် ခံစားပုံကို ဖော်ပြအပ်ပါသည်။ (နေရာ အခက်အခဲကြောင့် ကိုယ်စားလှယ် လေးဦး၏ အမြင်ကိုသာ ဖော်ပြခြင်း ဖြစ်သော်လည်း ၄င်းတို့၏ အမြင်မှာ ကျန်ကိုယ်စားလှယ် အများစုကိုယ်စား အဓိပ္ပာယ် သဘောတူ သောကြောင့် ကိုယ်စားလှယ်များ၏ အမြင်အဖြစ် မှတ်ယူနိုင်ပါသည်။)

ဒလမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းဦး

“သူက Flexible ရှိလို့ ကျွန်တော်တို့ သဘောကျတယ်။ ကိုယ်စားလှယ်တွေ အပေါ် နားလည်မှု အပေးနိုင်ဆုံး ပုဂ္ဂိုလ်လည်း ဖြစ်တယ်။ ပွင့်လင်းမှုလည်း ရှိတယ်။ ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေနဲ့ ပတ်သက်ရင် အများကြီး လိုက်လျောတယ်။ လွှတ်တော် နိုင်ငံရေး အစပိုင်းမှာကို ဒီလောက် အထိ ဖြစ်လာတဲ့ အပေါ်  ကျွန်တော်တို့က ကျေနပ်ပါတယ်။

“….သူ့မှာ လွှတ်တော် ဥက္ကဋ္ဌ လုပ်ပိုင်ခွင့်တွေ ရှိသော်လည်း ကိုယ်စားလှယ် တချို့ရဲ့ မေးခွန်းတွေ၊ အဆိုတွေ သတ်မှတ် အချိန်ထက် ပိုကြာ သွားတာမျိုးကို ဥက္ကဋ္ဌက မဖြတ်ဘဲ လိုက်လျောတာတွေ ရှိတယ်။ ပြည်သူ့ အသံတွေကို အပြည့် အဝ ကြားနာရဖို့ အတွက် နားလည်မှု ပေးပြီး အချိန်ပို ခွင့်ပြုပေးတယ်။ အဆိုတစ်ခုကို ဝိုင်းဆွေးနွေး ကြရာမှာလည်း ဥက္ကဋ္ဌရဲ့ လုပ်ပိုင်ခွင့်အရ ပါဝင် ဆွေးနွေးကြတဲ့ ကိုယ်စားလှယ် ဦးရေကို လျှော့ချလို့ ရပေမယ့် ဒေသတွေက မတူတဲ့ အတွက် ဖြစ်နေကြတဲ့ အခက်အခဲတွေလည်း မတူနိုင်တော့ ဒါတွေကို အားလုံး သိခွင့်ရမှ ပြည်သူအတွက် ဘာလုပ်ပေး နိုင်သလဲ ဆိုတာ ရှိလေတော့ ဥက္ကဋ္ဌ အနေနဲ့ နားလည်စွာနဲ့ လိုက်လျောမှုတွေ ပေးခဲ့ပါတယ်။ ဒီအချက်ကို ကျွန်တော်တို့ သဘောကျ ပါတယ်”

အလုံမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးခိုင်မောင်ရည် (ခေါ်) ဦးခင်မောင်ရည်

“သူရဦးရွှေမန်းဟာ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အဆင်အပြေဆုံး ဆောင်ရွက်နိုင်တဲ့ ပုဂ္ဂိုလ်ပါပဲ။ လွှတ်တော်ကလည်း အသစ်၊ ကိုယ်စားလှယ်တွေ ကလည်း အသစ်ဆိုတော့ တစ်ခါတစ်ရံမှာ ဆောင်ရွက် ကြရတဲ့ ကိစ္စတွေမှာ အပြန်အလှန် ပြောဆိုမှုတွေမှာ အမှား အယွင်းတွေ ရှိတယ်။ ဒါကို သူက နားလည် ခွင့်လွှတ် ပေးနိုင်တယ်။ လွှတ်တော်ကြီးကို အသက် ဝင်အောင်၊ အဆင်ပြေအောင် ထိန်းညှိ ပေးသွားနိုင်သူ ဆိုတာ သူ့လုပ်ရပ်တွေက ပေါ်လွင်စေပါတယ်။

“…..သူ့ရဲ့ အားနည်းချက် ဆိုလို့ ဝတ်စား ဆင်ယင်မှုကိုပဲ ပြောရမှာပါ။ နိုင်ငံရေး အသိမှာရော ဆောင်ရွက်မှု အပိုင်းမှာပါ သူက အားမနည်း ပေမယ့် ဝတ်စား ဆင်ယင်ပုံကတော့ အားနည်း နေသလားပဲ။ ပုဆိုးဆိုရင် ချည်ပုဆိုးပဲ ကြိုက်တယ်။ ပိုးပုဆိုး မဝတ်ချင်ဘူးလို့ သူက ရိုးရိုး သားသားပဲ ပြောတယ်။ ပုဆိုးတိုတို ဝတ်တဲ့ အကျင့်ရှိတယ်။ ရှည်ရှည် ဝတ်ရင် ခလုတ် တိုက်လဲမှာ စိုးလို့ပါတဲ့။ ဒါဟာ သူ့ရဲ့ ချစ်ခင် လေးစားစရာ ကောင်းတဲ့ ရိုးသားမှုပါ” လို့ ဦးခိုင်မောင်ရည်က ပြောပါတယ်။

သူရဦးရွှေမန်းဟာ တပ်မတော်ရဲ့ ဗိုလ်ချုပ်ကြီးဟောင်းလည်း ဖြစ်ခဲ့၊ နိုင်ငံတော်ရဲ့ ကြီးမားတဲ့ တာဝန်တွေကိုလည်း ယူခဲ့ရသူ ဖြစ်လို့ အခုလို လွှတ်တော်မှာ ဥက္ကဋ္ဌ တစ်ဦးအနေနဲ့ ခေါင်းဆောင် ရပ်တည်ပြီး ကိုယ်စားလှယ်တွေ အပေါ်မှာရော၊ ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်တွေ အပေါ်မှာပါ ထိန်းညှိပေးမှုတွေဟာဒီမိုကရေစီနည်းလမ်းကျကျ ဆောင်ရွက် နိုင်တယ်လို့ မြင်ပါသလားလို့ မြန်မာတိုင်း(မ်)
မေးတဲ့အခါ သူက
“ဥက္ကဋ္ဌကြီးဟာ တစ်ခါတစ်ရံမှာတော့ သူ့ကိုယ်သူ တပ်ကလာတာလို့ ပြောဆို သုံးနှုန်းတာ ရှိပါတယ်။ ဒါပေမယ့် တပ်မတော်နဲ့ ပတ်သက်တဲ့ ကိစ္စမျိုးမှသာ သုံးလေ့ရှိတာပါ။ သူ ဖြတ်သန်းခဲ့ရတဲ့ ဘဝကို ထောက်ပြတဲ့ သဘောပါ။ တကယ်တမ်း သူ အပြောများတာက 'ကျွန်တော်လည်း ကိုယ်ရည်သွေး ပြောရမယ် ဆိုရင် လယ်သမား သားသမီးပါ' လို့ပဲ ပြောလေ့ ရှိပါတယ်။"

“….ကျွန်တော်တို့ အနေနဲ့ တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကိုယ် '၈' လေးလုံး (ကျောင်းသားဟောင်းတွေ) ဖြစ်ခဲ့တာကို ပြောမိပါတယ်။ ကျွန်တော်တို့ကို '၈' လေးလုံး သောင်းကျန်း သူတွေလို့  အပြောခံရတဲ့ အခါ မခံနိုင်ပါဘူး။ ဒါနဲ့ ပတ်သက်ပြီး ဥက္ကဋ္ဌကြီးက ကျွန်တော့်ကို 'ရင်ထဲမှာ အမာရွတ်တွေ ရှိသေးသလား' လို့ ပွင့်ပွင့် လင်းလင်း မေးပါတယ်။ အဲဒီလို မေးနိုင် သူလည်း ဖြစ်ပါတယ်။ ပြီးတော့ သူကိုယ်နှိုက်က သူ့ကိုယ်သူ 'ဒီမိုကရေစီ ဘက်တော်သား အပေါင်းတို့' လို့ ရဲရဲတင်းတင်း ပြောပါတယ်။ လွှတ်တော်ထဲမှာ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲ မရှိဘဲ ဒီမိုကရေစီ ကျကျ ကျင့်သုံးကြဖို့ သူက အမြဲ တိုက်တွန်းလေ့ ရှိသလို သူကိုယ်တိုင်ကလည်း ကျင့်သုံးနေသူလို့ မြင်ပါတယ်”

ဦးစိုင်းဆောင်ဆီ (ခေါ်) ဦးအယ်လ်ဆင်၊ ကျောက်မဲ မဲဆန္ဒနယ်

“ဦးရွှေမန်းအပေါ် အသားလွတ် ဝေဖန်တာထက် စာရင် ကိုယ်တွေ့တစ်ခု ပြောပြချင်တယ်။ ဂျွန်မက်ကိန်း လွှတ်တော်ကို လာတုန်းက ဥက္ကဋ္ဌနဲ့ရော ကိုယ်စားလှယ်တွေနဲ့ပါ တွေ့ပြီးကြတဲ့အခါ အခုလို စကားဝိုင်း ထိုင်ဖြစ်ကြတယ်။ ဥက္ကဋ္ဌကြီးကို ကျွန်တော်က 'လူထုအတွက် ဥပဒေပြုရေး အပိုင်းမှာ ဥက္ကဋ္ဌကြီးက တကယ့် စေတနာနဲ့ စိတ်အား ထက်သန်စွာနဲ့ ဆောင်ရွက် ပေးမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ အားကိုး ယုံကြည်မိပါတယ်' လို့ ပြောလိုက်တော့ သူက 'ကျွန်တော့်ကို ဒီလိုဝေဖန်တဲ့ အတွက် ကျေးဇူးတင်တယ်။ ကျွန်တော့် ဘက်ကလည်း ပြောစရာ ရှိတယ်။ ကျွန်တော်တို့ဟာ အရင် အစိုးရကနေ လာတာ ဆိုတော့ လူတွေရဲ့ အမြင်မှာ ဒီလိုပဲ ထင်ကြမယ်။ အရင်က န.အ.ဖ က လာတဲ့ လူတွေပေါ့။ ဒါပေမယ့် ကျွန်တော်ကလည်း ကျွန်တော့် အလုပ်ကို လူထုအတွက် ပီပီပြင်ပြင် လုပ်ပါ့မယ်။ ကျွန်တော့်ကို အားကိုးသလို အားကိုးထိုက်တဲ့ လူတစ်ယောက် ဖြစ်အောင်လည်း ကြိုးစားပါမယ်' လို့ ပြန်ဖြေခဲ့တယ်။

“သူ့ရဲ့လက်တွေ့ လုပ်နည်းလုပ်ဟန်တွေ အပေါ်မှာလည်း ကျွန်တော်တို့ ကျေနပ်ပါတယ်။ အလုပ်မှာ သူ့ရဲ့ စေတနာက ပေါ်လွင်ပါတယ်။ တကယ်တမ်း ဆိုရင် အခု လွှတ်တော်ထဲမှာ ကိုယ်စားလှယ်တွေနဲ့ ဥက္ကဋ္ဌကြီးနဲ့ တိုက်ရိုက် ဆက်သွယ်ပြီး ဆောင်ရွက်ရတဲ့ အလုပ်တွေမှာ သူက မခြွင်းမချန် ဆောင်ရွက် ပေးတာတွေ ရှိတယ်။ ဥပမာ - နေပြည်တော် စည်ပင် ဧည့်ရိပ်သာမှာ ဧည့်ရိပ်သာရဲ့ စည်းကမ်းပိုင်း တချို့နဲ့ အဆင်မပြေမှုတွေနဲ့ ကိုယ်စားလှယ်တွေ ကြုံရတဲ့အခါ သူကိုယ်တိုင် လိုက်လာပြီး အဆင်ပြေအောင် စီစဉ် ပေးတာမျိုးတွေ၊ ဒေသခံ မဲဆန္ဒရှင် ပြည်သူတွေက ကိုယ်စားလှယ်က တဆင့် တိုင်ကြားမှုအပေါ် အစ- အဆုံးတိုင် အရေးတယူ ဆောင်ရွက် ပေးတာမျိုးတွေ ရှိတဲ့အတွက် ကျွန်တော်တို့ သူ့ကို သဘောကျပါတယ်”

ဦးသိန်းညွန့်၊ သင်္ဃန်းကျွန်း မဲဆန္ဒနယ်

“ဥက္ကဋ္ဌကြီးက ပြောတယ်။ သူဟာ ပါတီခေါင်းဆောင် အဖြစ် လွှတ်တော်မှာ မရပ်တည်ဘဲ လွှတ်တော် ဥက္ကဋ္ဌ အဖြစ် လွှတ်တော် နိုင်ငံရေး ခေါင်းဆောင် အဖြစ် ရပ်တည်ခဲ့တဲ့ အတွက် အခုလို လွတ်ငြိမ်း ချမ်းသာခွင့် အဆိုမျိုးတွေ အောင်မြင်တယ် ဆိုတာ သိသာပါတယ်။ ကျွန်တော်တို့ ကြိုးပမ်းမှုက တစ်ဝက်ပါခဲ့ရင် သူ့ခေါင်းဆောင်မှုက တစ်ဝက် ပါတယ်လို့ ဆိုရမယ်။

“….အခု သူ့ဆောင်ရွက်ချက် အားလုံးကို ခြုံကြည့်ရင် လွှတ်တော် အတွင်းမှာ ဥပဒေ၊ နည်းဥပဒေတွေနဲ့ အညီ အကောင်းဆုံး ကိုင်တွယ် သွားနိုင်တဲ့ ဥက္ကဋ္ဌကောင်း တစ်ဦးဖြစ်ပြီး တိုင်းပြည်အတွက် အကောင်းဆုံး အဖြေတွေရအောင် ကြိုးစားနေသူ ဖြစ်တယ် ဆိုတာ တွေ့ရတယ်။ သူပြောနေကျ စကားနဲ့ ပြောရရင် နိုင်ငံတော်နဲ့ နိုင်ငံသားတွေ အကျိုးစီးပွား အတွက် အစွမ်းကုန် အလုပ်လုပ်နေတဲ့ ဗိုလ်ချုပ်ဟောင်း တစ်ယောက် ဖြစ်တယ်လို့ ကျွန်တော်မြင်ပါတယ်။

“…လောကမှာ ဘယ်သူမှ perfect မဟုတ်ဘူး။ ဒါကြောင့် တော်တော် များများက လွှတ်တော် အတွေ့အကြုံတွေ နုနယ်သေးတဲ့ အခုလို အချိန်မှာ သူက လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အလိုကို လိုက်ပြီး ဆောင်ရွက် ပေးတာတွေ ရှိပါတယ်။ ဒါကို အားနည်းချက်လို့ ပြောရင်ရမှာပါ။ ဒီနေ့ပဲ ထမင်းစားခန်းမှာ ကျွန်တော်သူ့ကို အလွတ်သဘော အကြံ ပြုခဲ့ပါတယ်။ နောက်တစ်ကြိမ် လွှတ်တော် အစည်းအဝေးတွေမှာ မေးခွန်းတွေ အခုထက်ပိုပြီး ကျစ်ကျစ်လျစ်လျစ် ရှိဖို့ မေးတဲ့ သူတွေရော ဖြေတဲ့ သူတွေကိုပါ ဥက္ကဋ္ဌကြီးက တိုက်တွန်း စေလိုပါတယ်လို့။

“…တချို့ မေးခွန်းတွေဟာ ဇယား - ၂ အရ တိုင်းဒေသကြီး လွှတ်တော်တွေမှာ မေးရမှာ ဖြစ်တယ်။ ဒီမှာ မေးခွင့် ပြုလိုက်တော့ အချိန် အတော်များများ ကုန်တယ်။ အဖြေတွေမှာ အချိန်ထပ် အစည်းအဝေးတွေမှာ ဘယ်လို လုပ်သင့်သလဲ ဆိုတာ အကြံပေးလိုကြောင်း သူ့ကို ပြောဖြစ်ပါတယ်။ ဒါတွေကို ဥက္ကဋ္ဌကြီးက သိသော်လည်း အကြောင်း ကြောင်းကြောင့် အခွင့်အရေး ပေးတဲ့ သဘောလို့ နားလည်မိပါတယ်။

“…အရေးတကြီး ပြင်စေလိုတဲ့ အချက်ကတော့ လွှတ်တော် ဆိုတာ Debate ပါ။ အပြန်အလှန် ဆွေးနွေးမှုပါ။ စကား အချေ အတင်ပြောတဲ့ အဆင့်ကို ရောက်အောင် သွားဖို့ လိုပါတယ်။ လွှတ်တော်ရေးရာ ကော်မတီတွေလည်း ဖွဲ့ထား ပြီးပါပြီ။ အဲဒီ ကော်မတီတွေပါ တကယ် အလုပ်လုပ်လာကြရင် ကျွန်တော် ယုံကြည်ပါတယ်။ ပြည်သူ့ လွှတ်တော်ကို လူထုက ပိုမို ယုံကြည် အားကိုးလာတဲ့ လွှတ်တော် ဖြစ်လာအောင် ဥက္ကဋ္ဌကြီးက လုပ်ပေးနိုင်ပါလိမ့်မယ်”

သူရဦးရွှေမန်း ကိုယ်ရေး အကျဉ်း
မှတ်ပုံတင် - ၇/သကန (နိုင်) ၀၀၇၉၅၂
မွေးသက္ကရာဇ် - ၁၁.၇.၁၉၄၇
ဇာတိ - ကညွှတ်ကွင်း၊ ဖြူးမြို့နယ်
ပညာအရည်အချင်း - B.Sc (D.S.A) ၊ H.G.P ၊
အဘ - ဦးဖိုးဖေ (ကွယ်လွန်)၊ အမိ - ဒေါ်ဌေးရီ
ဇနီး - ဒေါ်ခင်လေးသက်၊ အ. ထ. ပြ (ငြိမ်း)
သားသမီး - ဦးအောင်သက်မန်း၊ ဦးတိုးနိုင်မန်း
ပါတီ - ပြည်ခိုင်ဖြိုး
မဲဆန္ဒနယ် - ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ဇေယျာသီရိမြို့နယ်
သင်ကြားခဲ့သော ကျောင်းများ -
(၁) အ.မ.က၊ တောင်ပိုင်းရပ်၊ ကညွှတ်ကွင်း
(၂) အ.ထ. က ၊ ကညွှတ်ကွင်း
(၃) အမှတ်စဉ် (၁၁) ဗိုလ်လောင်း သင်တန်း၊ စစ်တက္ကသိုလ်၊ ပြင်ဦးလွင်

5 comments:

kyawgyi said...

တိုးနိုင်မန်းအကြောင်း အပြည့် အစုံကို ဖိုးတရုတ် ဘလော့ မှာ အရင် လေ့လာပြီး ..မင်းဘကြီးသူရ ( ငါမရ )ဦးရွှေမန်း ( အပြောကတော့) ကို ချီးမွမ်းခန်းဖွင့်ကွယ်။

Anonymous said...

ဦးရွှေမန်းရဲ့ ဒီမိုကရေစီအရေး အတွေးအခေါ် လုပ်ရပ်တွေကို လုံးဝအပြည့်အ၀ ထောက်ခံတယ်။ လေးစားတယ်။
ဗိုလ်ချုပ်ဟောင်းတွေထဲမှာ.. လက်ရှိအမြင်အရ.. စိတ်သဘောထား ပြည့်ဝမှု အရှိဆုံးလို့ မြင်တယ်။ ဒီမိုကရေစီ အနှစ်သာရကို သူတတ်စွမ်းသရွေ့ ဖေါ်ဆောင်သွားလိမ့်မယ်လို့ ယုံကြည်မိတယ်။

Anonymous said...

ဟုတ်လားတကယ်ဘဲလားမယုံနိုင်းဘူးအရက်သမားပုံကြီးနှင့်လူလိမ်း
ဒိလိုဆိုရင်2010တုန်းကဘာဖြစ်လိုလိမ်းခဲ့တာလဲဟင်

Unknown said...

Some time some people pretend look like good man/mind. But remember you can not see what he thinking in his mind. Just look about his sons business. If I have to note from this comment about him he come from farmer. How can he become so rich? Please do not so happy just for simple reason. Find out for difficult complaint how he handle it.

ကမ္ဘာကျော် said...

2010မှာမကအခုလဲလိမ်နေတာသူငယ်ချင်းတို့...
သူဘယ်လိုဘ၀မျိုးကတတ်လာတယ်ဆိုတာအရင်ဆုံးလေ့လာပါ...
စည်းစိမ်တွေဘယ်လိုရလာတာလဲသူ့သားတွေဘာတွေလုပ်ခဲ့လဲ
သူမှမဟုတ်ပါဘူးစစ်အာဏာရှင်တွေကိုလေ့လာရမယ်...သိထားရမယ်

Post a Comment


Popular Posts