- ကေတုမတီ တောင်ငူရာဇဝင်
သက္ကရာဇ် (၅၃၆) ခုနှစ်တွင် ပုဂံပြည်ကို စိုးစံတော်မူသော နရပတိစည်သူမင်းသည် အထက်အညာအရပ်ရှိ ရွှေကြက်ယက်၊ ရွှေကြက်ကျ ဘုရားနှစ်ဆူကို ဖူးမြင်တော်မူရန် ရွှေဖောင်တော်ဖြင့် ဧရာဝတီမြစ် မြစ်ညာသို့ ဆန်တက်တော်မူလာစဉ် ရေအောက်မှ မိချောင်းတစ်ကောင်သည် ဖောင်တော်ကို ကျောက်ကုန်းနှင့်ထမ်း၍ ရန်မူလေသည်။
ထိုအခါ ရန်မာန်ငထွေးအမည်ရှိသော သူရဲကောင်းသည် ရေအောက်သို့ဆင်း၍ မိကျောင်းနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရာ မိကျောင်းသေလေသည်။ ထို့နောက် နရပတိစည်သူမင်းသည် လွန်စွာအားရတော်မူပြီးလျှင် သားတော်ဇေယျသိင်္ခ၏ နှမတော်နှင့် ပေးစားတော်မူကာ အနန္တသူရိယ ဟူသောဘွဲ့မည်နှင်းအပ်၍ သူကောင်းပြုတော်မူသည်။
ထိုအနန္တသူရိယမှ သားတော်မင်းလှစောကိုဖွားမြင်၍ ထိုသားတော်မင်းလှစောမှ သားတော် သဝန်လက်ယာကို ဖွားမြင်လေသည်။ အခါတစ်ပါး၌ နရပတိစည်သူမင်းသည် တိုင်းခန်းလှည့်လည်တော်မူရာ ဇေယျာဝဎုသနတိုင်းသို့ ရောက်လာ၍ သရထည်ညီနောင်ဘုရားနှင့် ကျောက်ဆောက်ညီနောင်ဘုရားများကို ဖူးမြင်တော်မူလေရာ ပြိုပျက်နေသောဘုရားများကို ပြုပြင်ရန် အနန္တသူရိယအမတ်အား လွှဲအပ်တော်မူသည်။
သို့ဖြင့် အနန္တသူရိယအမတ်၏ သားတော် မင်းလှစောနှင့် မြေးတော် သဝန်လက်ယာတို့သည် ဇေယျာဝဎုသနတိုင်းရှိ ပေါင်းလောင်းမြစ် လက်တက်၊ ယခု ဆွာချောင်းအထက် တောင်ငယ်အငူတစ်ခုတွင် ကမ်းပါးမြင့်ရွာကို အခြေတည်လျက် လူသူစုရုံးကာ မြို့ရွာ တည်ထောင်ကာ နေကြသည်။ ယင်းကမ်းပါးမြင့်ရွာမှာ သရထည်ညီနောင်ဘုရားမှ မြောက်ဘက်တာ (၂၅၀၀၀) ခန့်အကွာတွင် တည်ရှိသည်။
သဝန်လက်ယာ၏ဝီရိယလုံ့လကြောင့် ထိုကမ်းပါးမြင့်ရွာသည် ဆန်ရေစပါး ပေါများပြည့်ကြွယ်ပြီး စည်ကားတိုးတက်လာကာ သဝန်လက်ယာသည်လည်း ထိုရွာကိုစားသော ရွာစားဖြစ်လာလေသည်။ (မှတ်ချက်။ ။ ကမ်းပါးမြင့်ရွာကား သူရဿတီနတ်တို့ တည်ထောင်ပေသည်ဟူ၍ အယူရှိသဖြင့် “ဆွာစ္စတိ” မြို့ဟု ခေါ်လာကြပြီး ယခုကာလအခေါ်အားဖြင့် “ဆွာမြို့” ဟု ခေါ်ဆိုသည်။)
သဝန်လက်ယာအုပ်ချုပ်သော ကမ်းပါးမြင့်ရွာကြီးသည် လူသူစည်ကားလျက် မင်းနေပြည်သဖွယ် မြို့ရိုးသစ်တပ်ထု ကာရံကာ စစ်သည်အင်အားဖြည့်ထား၍ နေကြရာတွင် ကမ်းပါးမြင့်ရွာ၏ ဂုဏ်သတင်းသည် ကျောစောခြင်းသို့ရောက်လာလေရာ မုတ္တမကို အုပ်စိုးသော မွန်မင်းဝါရီရူသည် စစ်သည်အင်အားအလုံးအရင်းဖြင့် ရောက်ရှိလာပြီး ကမ်းပါးမြင့်ရွာကို တိုက်ခိုက်သိမ်းယူလေသည်။
ထိုမွန်မင်းဝါရီရူသည် ဖမ်းဆီးရရှိသော သဝန်လက်ယာနှင့် ဇနီးသားမယားတို့ကို ယူဆောင်လာကာ ယခင်အခါက ပျူလူမျိုးများနေထိုင်ခဲ့ဖူးရာ ဖြစ်သည့် ပျူရွာဟုခေါ်သော ရွာကြီးတစ်ရွာတွင် အကျယ်ချုပ်ထားသည်။ (မှတ်ချက်။ ။ ယင်း ပျူရွာကို ဖြူးရွာ၊ ထို့နောက်မှ ယခု ဖြူးမြို့ဟု ခေါ်ဆိုကြသည်။)
သက္ကရာဇ် (၆၄၁) ခုနှစ်တွင် ပျူရွာ၌ ဖမ်းဆီးခံထားရသည့် သဝန်လက်ယာသည် မိမိနေရင်း ကမ်းပါးမြင့်ရွာကို အလွန်လွမ်းဆွတ် သတိရသဖြင့် မိမိသား သဝန်ကြီးနှင့် သဝန်ငယ်တို့ကို ခေါ်၍ ဤသို့ မှာကြားလေသည်။
“ငါ့သားများသည် ငါမရှိသည့်နောက်တွင် ဤပျူရွာ၌ မနေကြဘဲ အခွင့်အခါသာသည်နှင့် လှေဖြင့်ပေါင်းလောင်းမြစ်ကို ဆန်တက်၍သွားကြပါလေ။ ထိုနေရာမှ ခရီးတစ်သောင်းခန့်တွင် ပေါင်းလောင်းမြစ်၏ လက်ဝဲဘက်၌ ချောင်းတက် တစ်ခုကို တွေ့ကြရလိမ့်မည်။ ထိုချောင်းတက်အတိုင်း အနောက်ကိုလိုက်သွားသည်ရှိသော် တောင်ငူအငယ်တစ်ခုကို တွေ့ကြရမည်။ ယင်းနေရာတွင် မြို့ရွာတည်၍ နေကြလေ။ အကယ်၍ ယခင်မြို့ရွာဟောင်းကို ပြန်တွေ့သော် ငါ၏နေရာဟောင်းဟု မှတ်ကြလေ”
သဝန်လက်ယာကွယ်လွန်လျှင် သဝန်ညီနောင်တို့သည် ဖင်ခင်မှာထားရင်းစကားအတိုင်း ပေါင်းလောင်းမြစ်ကို ဆန်တက်လာကြရာ ခပေါင်းချောင်းဟုခေါ်သော ချောင်းတက်ကို တွေ့ရှိသည်။
ထိုအခါ ဖခင်သဝန်လက်ယာ အမှတ်ထားအပ်သော နေရာဟုအတွေးမှားကြပြီးလျှင် ထိုချောင်းတက်အတိုင်းအနောက်သို့ လိုက်လာကြရာ အနောက်တောင်ရိုးမ၏ အငူကို တွေ့ကြသည်။ ထိုနေရာကို ဖခင်သဝန်လက်ယာမှာကြားသောအရပ်ဟူ၍ ထင်မှတ်ကြပြီးလျှင် တောင်ငူဟုအမည်မှည့်ဆို၍ မြို့ရွာတည်ထောင်ကြလေသည်။ (မှတ်ချက်။ ။ ထိုတောင်ငူအရပ်မှာ ယခုအခါ တောင်ငူမြို့၏ အနောက်တစ်မိုင်ခန့်အကွာ ကြက်ရိုးပင်ခေါ်သည့်ရွာအနီး၌ တောဖြစ်၍ နေပြီဖြစ်သည်။ ဖခင်သဝန်လက်ယာ မှာထားခဲ့သော ချောင်းတက်မှာ ဆွာချောင်းတက်ဖြစ်ပြီး၊ ယခုတွေ့ရှိသော နေရာကား ပေါင်းလောင်းချောင်းတက်သာ ဖြစ်၏။)
တောင်ငူမြို့ကို တည်ပြီးနောက် လူသူရုံးစည်း၍ နောက်ပါအခြွေအရံများလာသည်နှင့် ဤတောင်ငူကားကျဉ်းလှသည်။ ယခုထက်ကြီးသည့် မြို့ကို တည်အံ့ဟူ၍ မိမိတို့၏ ထောင်မှူးဖြစ်သည့် ကရင်ဘကိုခေါ်၍ မြို့ရွာတည်ရန် နေရာသစ်ကို ရှာကြပြန်သည်။ ထောင်မှူးကရင်ဘသည် တောင်ငူငယ်၏ မြောက်ဘက်တွင် နေရာသစ်ကိုတွေ့သဖြင့် ထိုနေရာ ကြခတ်တောကြီးကို ရှင်းပြီးလျှင် မြို့တည်ကြသည်။ ထိုမြို့၏ အမည်ကို တောင်ငူကြီးဟူ၍ ခေါ်ကြသည်။ (မှတ်ချက်။ ။ တောင်ငူကြီးသည် ယခုကြက်ရိုးပင်ရွာ၏ မြောက်ဘက်၊ ခပေါင်းမြစ်ဖျားမြောက်ဘက်တွင် တည်ရှိသည်။ ယခု တောဖြစ်နေပြီဖြစ်သော်လည်း ယင်းနေရာကို ယခုတိုင် တောင်ငူတော်ဟု ခေါ်ဆိုကြသည်။)
တောင်ငူကို စိုးစံသည့် မင်းများ
တောင်ငူကြီးကို သဝန်ညီနောင်တို့က သက္ကရာဇ် (၆၄၁) ခုနှစ်၊ ကဆုန်လဆန်း (၉) ရက် တနင်္လာနေ့တွင် စတည်ထောင်သည်။ ထိုတောင်ငူကို စိုးစံအုပ်ချုပ်သော မင်းများကာ အောက်ပါအတိုင်းဖြစ်သည်။
- သဝန်ကြီးမင်း၊ သက္ကရာဇ် ၆၄၁ မှ ၆၇၉
- သဝန်ငယ်၊ သက္ကရာဇ် ၆၇၉ မှ ၆၈၆
- စောနစ်၊ သက္ကရာဇ် ၆၈၆ မှ ၆၈၇
- ကရင်ဘ၊ သက္ကရာဇ် ၆၈၇ မှ ၇၀၄
- လက်ယာစကြာ၊ သက္ကရာဇ် ၇၀၄ မှ ၇၀၆
- ထောက်လှေကား၊ သက္ကရာဇ် ၇၀၆ မှ ၇၀၈
- သိင်္ဂပါမင်း၊ သက္ကရာဇ် ၇၀၈ မှ ၇၂၀
- တောင်ငူပျံချီကြီး၊ သက္ကရာဇ် ၇၂၉ မှ ၇၃၇
- မြို့စောင့်တလိုင်းမစ်န်၊ သက္ကရာဇ် ၇၃၇ (ခုနှစ်လသာ)
- တောင်ငူပျံချီငယ်၊ သက္ကရာဇ် ၇၃၇ မှ ၇၄၁
- စုက္ကတေး၊ သက္ကရာဇ် ၇၄၁ မှ ၇၄၅
- မင်းဖောင်းကား၊ သက္ကရာဇ် ၇၄၅ မှ ၇၅၉
- မင်းစောဦး၊ သက္ကရာဇ် ၇၅၉ မှ ၇၆၁
- မင်းနေမိ၊ သက္ကရာဇ် ၇၆၁ မှ ၇၇၀ (တောင်ငူတွင် မင်းတစ်နှစ် လပ်၏)
- မင်းလက်ယာ၊ သက္ကရာဇ် ၇၇၁ မှ ၇၇၃
- စတုသင်္ခယာကြီး၊ သက္ကရာဇ် ၇၇၃ မှ ၇၇၇
- သင်္ခယာငယ်၊ သက္ကရာဇ် ၇၇၇ မှ ၇၈၀ (ရှမ်းဖျက်၍ တောင်ငူ တစ်နှစ်လပ်၏)
- ပန်းတောင်းမင်း၊ သက္ကရာဇ် ၇၈၁ မှ ၇၈၃
- စောလူးသင်္ခယာ၊ သက္ကရာဇ် ၇၈၃ မှ ၇၉၇
- ဥဇနာ (ဥစ္စနာ)၊ သက္ကရာဇ် ၇၉၇ မှ ၇၉၈
- ဒုတိယမင်းစောဦး၊ သက္ကရာဇ် ၇၉၈ မှ ၈၀၄
- မင်းတရဖျား၊ သက္ကရာဇ် ၈၀၄ မှ ၈၀၇
- မင်းခေါင်ငယ်၊ သက္ကရာဇ် ၈၀၇ မှ ၈၁၃
- မင်းငယ်ကျော်ထင်၊ သက္ကရာဇ် ၈၁၃ မှ ၈၂၁
- မင်းကြီးဇေယျသူ၊ သက္ကရာဇ် ၈၂၁ မှ ၈၂၈
- လက်ယာဇလသင်္ကြန်၊ သက္ကရာဇ် ၈၂၈ မှ ၈၃၂
- စည်သူကျော်ထင်၊ သက္ကရာဇ် ၈၃၂ မှ ၈၄၃
- မင်းကြီးစည်သူ၊ သက္ကရာဇ် ၈၄၃ မှ ၈၄၇
- မင်းကြီးညို၊ သက္ကရာဇ် ၈၄၇ မှ ၈၉၂
- တပင်ရွှေထီး၊ သက္ကရာဇ် ၈၉၂ မှ ၉၀၂
- မင်းရဲသိင်္ခသူ၊ သက္ကရာဇ် ၉၀၂ မှ ၉၁၀
- မင်းခေါင်၊ သက္ကရာဇ် ၉၁၀ မှ ၉၁၂
- ဘုရင့်နောင်၊ သက္ကရာဇ် ၉၁၂ မှ ၉၁၄ (တောင်ငူမှ ဟံသာဝတီသို့ ပြောင်းရွှေ့စိုးစံသည်။)
- မင်းခေါင်၊ သက္ကရာဇ် ၉၁၄ မှ ၉၄၆
- မင်းရဲသီဟသူ၊ သက္ကရာဇ် ၉၄၆ မှ ၉၇၁
- နတ်သျှင်နောင်၊ သက္ကရာဇ် ၉၇၁ မှ ၉၇၄
တောင်ငူကို သက္ကရာဇ် ၉၇၄၊ ဝါခေါင်လတွင် သံလျင်ငဇင်ကာ လာရောက်တိုက်ခိုက်သိမ်းယူကာ မြို့ကို မီးတိုက်ဖျက်ဆီးပြီး နတ်သျှင်နောင်ကို သံလျင်သို့ ခေါ်ဆောင်သွားသဖြင့် တောင်ငူပျက်သည်။
မင်းကြီးညိုတည်သည့် ကေတုမတီတောင်ငူမြို့
မင်းဆက် (၂၉) ဆက်မြောက်အဖြစ် စိုးစံသော မင်းကြီးညိုသည် ယခုတောင်ငူသည် ကျဉ်းမြောင်းလှသည်။ ပေါင်းလောင်းမြစ်နှင့်လည်း အလှမ်းကွာသည်။ မြို့ကို ပြောင်းရွှေ့ရန် မြို့သစ်တည်ရသော် ကောင်းအံ့ဟု ကြံ၍ တောင်ငူကြီးမှသည် ပဲပုပ်ချောင်း အနီးသို့ပြောင်း၍ မြဝတီအမည်ဖြင့် မြို့သစ်တည်ကာ ထိုနေရာတွင် ငါးနှစ်ခန့် စံမြန်းသည်။ (မှတ်ချက်။ ။ မြဝတီမြို့နေရာဟောင်းမှာ ယခုတောင်ငူမြို့၏ အနောက်မြောက် ပဲပုပ်ချောင်းအရှေ့ဘက်ရှိ သရက်မှော်တည်ရှိရာ နေရာဖြစ်သည်ဟု အဆိုရှိ၏။)
ထိုမှတဖန် မြဝတီနေရာကိုလည်း မကြိုက်နှစ်သက်ပြန်သဖြင့် ခပေါင်းချောင်းနှင့် ပေါင်းလောင်းမြစ်ဆုံရာ အရပ်ဖြစ်သောနေရာကို ရွေးချယ်၍ မြို့ပြောင်းစံမြန်းတော်မူပြန်သည်။ ယင်းမြို့အမည်မှာ ဒွာရာဝတီဖြစ်သည်။ ဒွါရာဝတီကို သက္ကရာဇ် (၈၅၃) ခုနှစ်တွင် တည်တော်မူ၍ နှစ်ပေါင်း (၂၀) ကျော်မျှ စံမြန်းတော်မူသည်။
ထိုဒွါရာဝတီမြို့မှာ လူနေများပြားစည်ကား သိုက်မြိုက်လာသည်သာမက အင်းဝမှာလည်း ရွှေအနော်ရထာ အရေးကြောင့် ကောင်းစစ်လေးမှူး၊ လှော်ကားသုံးထောင်မှူး၊ ရှင်ထွေးနာသိန်တို့နှင့် လူအများခိုဝင်လာကြသည့်အတွက် မြို့သစ် တည်ရန် ကြံတော်မူပြန်သည်။
မြို့တည်နေရာကို ရှာရာတွင် ပေါင်းလောင်းမြစ်၏ အနောက်ဘက်တွင် လျော်ကန်သင့်မြတ်သည့်နေရာကို တွေ့ရသဖြင့် သက္ကရာဇ် (၈၇၂) ခုနှစ်၊ တန်ဆောင်မုန်းလပြည့်၊ အင်္ဂါနေ့တွင် တောင်ငူမြို့ကို တည်ထောင်တော်မူပြီး၊ ကေတုမတီဟူသော အမည်ကို သမုတ်တော်မူသည်။ မြို့ကို တည်သောအခါ ယခု လေးကျွန်းကန်တော်ဟု ခေါ်ကြသော “ကြာအင်း” ကို မြို့အတွင်းသို့ သွင်း၍တည်တော်မူသည်။
ဆက်ရန် (အပိုင်း - ၄) သမိုင်းထင်ရှား ဖြောင့်မတ်သည့်မင်းနှစ်ပါး
- သမိုင်းထင်ရှား ဖြောင့်မတ်သည့်မင်းနှစ်ပါး
‘မင်းတရားရွှေထီး’ ဟုလည်း သိရှိကြသည့် တပင်ရွှေထီးကား လက်ရုံးရည်၊ နှလုံးရည် ဘုန်းသမ္ဘာတို့နှင့် ပြည့်စုံသော မြန်မာ့သမိုင်းတွင် ထင်ရှားကျော်ကြားသည့် မင်းကောင်းမင်းမြတ်တစ်ပါးပင် ဖြစ်သည်။
စိတ်ထားဖြူစင်မြင့်မြတ်ပြီး အာဇာနည်ယောက်ျားကောင်း ယောက်ျားမြတ်ဖြစ်သော ထိုမင်းလက်ထက်တွင် ရန်သူ့ နယ်မြေ ဖြစ်သည့် ရွှေမော်ဓောစေတီတော်၌ နားထွင်းမင်္ဂလာ ဆင်ယင်ကျင်းပခြင်း၊ ဖောင်ဖျက်နွှဲခဲ့သည့် ဘုရင့်နောင်၏ နောင်ရိုးတိုက်ပွဲ၊ ယိုးဒယားကို ချီတက်၍ အနိုင်တိုက်ကာ မြန်မာတို့၏ သတ္တိသွေးကို ပြခြင်းအပါအဝင် သမိုင်းကို လေ့လာလိုသူများအတွက် စိတ်ဝင်စားဖွယ် သမိုင်းဖြစ်ရပ်များစွာ ပေါ်ပေါက်ခဲ့သည်။
ဆိုရလျှင် တပင်ရွှေထီးဟု ရေးလိုက်သည်နှင့် ဘုရင့်နောင်ပါလာရမည်ဖြစ်သလို ဘုရင့်နောင်အကြောင်း ရေးရမည်ဆိုလျှင်လည်း တပင်ရွှေထီးပါ ပါလာရတော့မည်ဖြစ်သည်။ ထိုမင်းနှစ်ပါးကို ခွဲ၍မရ၊ ငယ်စဉ်ကလေးဘဝမှစ၍ ညီနောင်နွယ်ရင်းများထက်ပင် တစ်ဦးနှင့်တစ်ဦး ချစ်ခင်ကြသူများဟု ဆိုရမည်။ မင်းနှစ်ပါးစလုံးက သမိုင်းတွင် ရှားရှားပါးပါးဆိုရလောက်အောင် အလွန်ဖြောင့်မတ် ကြသည်။ တည်ကြည်ပြီး စိတ်သဘောထား အလွန်ပြည့်ဝကြသည်။ ဘုရင့်နောင်ကလည်း ယောက်ျားကောင်း ယောက်ျားမြတ် ဖြစ်သည့်အတိုင်း တပင်ရွှေထီးအပေါ်တွင် အလွန်သစ္စာရှိခဲ့သည်။
မြန်မာ့သမိုင်းတွင် အာဏာပလ္လင်အတွက် သားက အဖသတ်၊ ညီက အစ်ကိုသတ်၊ အစ်ကိုက ညီသတ်ဖြင့် တစ်ဦးနှင့်တစ်ဦး ယုတ်မာကောက်ကျစ်ရက်စက်မှုများက ကုန်းဘောင်ခေတ် မြန်မာ့နောက်ဆုံးမင်းဆက်ထိအောင် ရှိခဲ့သော်လည်း တပင်ရွှေထီးမင်းနှင့် ဘုရင့်နောင်မင်းတို့ကား သမိုင်းတွင်အပြစ်ဆိုစရာမရှိအောင် အညစ်အစွန်းကင်းစွာ စိတ်ရင်းပြည့်ဝ နှလုံးလှခဲ့ကြသဖြင့် သမိုင်းထင်ရှား ဖြောင့်မတ်သည့် မင်းနှစ်ပါးဟု ဆိုရလိမ့်မည်ဖြစ်သည်။
ဆက်ရန် (အပိုင်း - ၅) တပင်ရွှေထီးကို ဖွားမြင်ခြင်း
- တပင်ရွှေထီးကို ဖွားမြင်ခြင်း
မြန်မာ့သမိုင်းတွင် မင်းတရားရွှေထီးဟုလည်း သိရှိခဲ့ကြသည့် တပင်ရွှေထီးသည် တောင်ငူမင်းစဉ် (၂၉) ဆက်မြောက် ဖြစ်သည့် ကေတုမတီ တောင်ငူဘုရင်မင်းကြီးညို၏ သားတော် ဖြစ်သည်။ မင်းကြီးညိုသည် သက္ကရာဇ် (၈၄၇) ခုတွင် ကေတုမတီ တောင်ငူထီးနန်းကို စိုးစံခဲ့ပြီး နန်းစံသက်မှာ (၄၅) နှစ်ဖြစ်ကာ၊ ယခု တောင်ငူမြို့ကို တည်ခဲ့သောမင်း ဖြစ်သည်။
မင်းကြီးညို ပထမစံတော်မူသည့် မြို့မှာ ဒွါရာဝတီဖြစ်ပြီး၊ မြို့မှာ ကျည်းသည်။ ပေါင်းလောင်းမြစ်နှင့် ခပေါင်းချောင်းများမှ မြို့တော်နှင့် နီးကပ်လျက်ရှိသည့်အတွက် ဗိုလ်ပါ၊ ဆင်မြင်းတို့မှာ မလွန့်သာအောင် ရှိကြရသည်။ သို့ဖြစ်၍ နေရာသစ်ကို ရှာဖွေကာ တောင်ငူကို မြို့တည်စိုးစံခဲ့ခြင်း ဖြစ်သည်။
တောင်ငူကို သက္ကရာဇ် (၈၇၂)ခုတွင် တည်သည်။ တိကျစွာရေးရမည်ဆိုလျှင် သက္ကရာဇ် (၈၇၂) ခု၊ တန်ဆောင်မုန်းလပြည့်၊ အင်္ဂါနေ့နံနက် နှစ်ချက်တီးအချိန်တွင် တည်သည်။ မြို့တော်သည် မြန်မာနိုင်ငံ၏ အချက်အချာဖြစ်သော ဗဟိုမဏ္ဍိုင်၌တည်၍ မြောက်အရပ်၌ ဆွာချောင်း၊ အရှေ့အရပ်၌ ပေါင်းလောင်းမြစ်နှင့် မြတ်စောညီနောင် တောတန်း၊ တောင်အရပ်၌ ခပေါင်းချောင်း၊ အနောက်အရပ်၌ မင်းဝံတောင်တန်းကြီးများ ကာဆီးပိတ်တန်းလျက်ရှိကာ အလွန်သာယာပြီး စိမ်းလန်းစိုပြည်သည့် နေရာပင်ဖြစ်သည်။ မြို့တော်တွင်း၌ လေးကျွန်းတန်ဆောင်ဟုခေါ်သည့် ကြာအင်းကြီး ရှိသည်။
တောင်ငူရွှေနန်းတည် မင်းကြီးညိုကား ဘုန်းသမ္ဘာနှင့် ပြည့်စုံပြီး မြန်မာ့သမိုင်းတွင်ထင်ရှားသည့် မင်းတစ်ပါးဖြစ်သည်။ မျိုးရိုးစဉ်ကို ကြည့်လျှင် မြင်စိုင်းငါးစီးရှင်ကျော်စွာ (သက္ကရာဇ် ၇၀၄-၇၁၂) မှ စဉ်ဆက်လာသည့် သရေသင်္ခယာ၏ သားတော် မဟာသင်္ခယာနှင့် တောင်ငူရွှေနန်း (၂၇) မြောက် စည်သူကျော်ထင်မင်း၏ သမီးတော် မင်းလှညက်တို့ စုံဖက်ရာမှ ဖွားမြင်လာသည့်မင်း ဖြစ်သည်။
သက္ကရာဇ် (၈၇၆) တွင် မင်းကြီးညိုသည် တပင်ရွှေထီး၏ မယ်တော်ဖြစ်သည့် ခင်ဦးနှင့် ဖူးစာရေစက် အကြောင်းဆက်၍ ပေါင်းဖက်ရန် ဖန်လာခဲ့သည်။ ထိုနှစ်တွင် မိုးကြီးများ နေ့ညမစဲ သည်းထန်စွာ ရွာသွန်းသဖြင့် နိုင်ငံတော် တခွင်တွင် ရေကြီးကာ ကန်တော်၊ ဆည်တော်များ ကျိုးပေါက်ခြင်း ဖြစ်ရလေသည်။ ကျိုးပေါက်သည့် ကန်တော်၊ ဆည်တော်များတွင် ငနွယ်ကုန်း (ပဲနွယ်ကုန်း) အနီးရှိ ဆင်အုံကန်တော်ကြီးမှာ အခြေအနေအဆိုးဆုံးဖြစ်သဖြင့် မင်းကြီးညိုသည် ထိုကန်တော်ရှိရာသို့ ဆင်မြင်း၊ ဗိုလ်ပါရံကာ ကိုယ်တော်တိုင် ဆည်ဖို့ရန်ထွက်ကြွတော်မူသည်။
ဝါးနွယ်ကုန်းမြို့သူကြီး သူရကျော်ခိုင်၏ သမီးမှာ ခင်ဦးဖြစ်သည်။ တင့်တယ်ပြေပြစ်လှပသည့် ရုပ်ဆင်းသွင်ပြင် လက္ခဏာနှင့် ပြည့်စုံသော ဝါးနွယ်ကုန်းမြို့တော်၏ ကျက်သရေဆောင် အလှပိုင်ရှင်လေးဖြစ်ကာ ကောင်းသတင်းတို့နှင့် ပြည့်စုံသည်။ ဗဟိဒ္ဓအဆင်းတွင်သာမက၊ အဇ္စုတ္တအတွင်း နှလုံးအချင်းကပါ လှပသဖြင့် စိတ်ရင်းဖြူစင်လျက် မြတ်သောကောင်းမှု တို့ကို ပြုသူ ဖြစ်သည်။
မင်းကြီးညိုသည် ဆင်အုံကန်တော်ကို ဆည်ဖို့တော်မူရန် ရွှေဝေါတော်ဖြင့် ထွက်ကြွခဲ့ရာ ကန်တော်ကိုဆည်ရာ၌ ပါဝင်ကြသည့် ပြည်သူပြည်သားများထဲ၌ ဝါးနွယ်ကုန်းသူကြီးသမီး ခင်ဦးလည်း ပါဝင်ခဲ့သည်။ မင်းကြီးညိုသည် ကန်တော်ကို ဆည်ဖို့သူများအား ရှုစားတော်မူစဉ် ရုပ်ဆင်းပြင်လျာ ကောင်းခြင်းတို့၏ လက္ခဏာနှင့် ပြည့်စုံသည့် ခင်ဦးကို မြင်တော်မူ မိသည်။ မြင်တော်မူလျှင် မူခြင်းပင် မင်းကြီးညိုမှာ ခင်ဦးအပေါ် ထိန်းချုပ်မနိုင်အောင် မြတ်နိုး တပ်မက်ခြင်း ဖြစ်ရသည်။
ထို့ကြောင့် ဆင်အုံကန်တော်ကို ဆည်ဖို့တော်မူသည့်အရေးကိစ္စပြီးသည်တွင် ခင်ဦးကို ကောက်တော်မူကာ နေပြည်တော်သို့ ပြန်လည် ကြွချီသည်။ ရွှေနန်းတော်အရောက်တွင် အပါးတော်၌ ထားကာ မြတ်နိုးစွာဖြင့် မြှောက်စားတော်မူသည်။ ဝါးနွယ်ကုန်းသူကြီးသမီး ခင်ဦးကို ကောက်တော်မမူမီက မင်းကြီးညိုတွင် ထင်ရှားသော မိဖုရားကြီး လေးပါး ရှိပြီးဖြစ်သည်။
ထိုမိဖုရားများမှာ . . .
- ဦးရီးတော် တောင်ငူဘုရင် စည်သူငယ်၏ သမီးတော်ဖြစ်သည့် မိဖုရားခေါင်ကြီး စိုးမင်းထိပ်တင်။
- သတိုးဓမ္မရာဇာ၏ သမီးတော် မင်းလှထွတ်။
- မိုးဗြဲစော်ဘွား၏ သမီးတော် ခင်နွယ် နှင့်
- ဝတီမိဖုရား
မင်းကြီးညိုသည် ခင်ဦးကို အလွန်ချစ်မြတ်နိုးတော်မူသဖြင့် မိမိအပါးတော်တွင်သာ ထားသည်။ ယုံကြည်တော်မူသဖြင့် မင်းကြီးညို စက်တော်ခေါ်လျှင် အပါးတော်မှ ခင်ဦးက ယက်လေဆက်သွင်းရသည်။
ထို့နောက် ခင်ဦးတွင် ပဋိသန္ဓေရှိလာသည်။ ထိုသို့ ပဋိသန္ဓေရှိလာပြီး သုံးလကြာသည့်အခါ ခင်ဦးတွင် မကြုံစဖူး ချင်ခြင်း ဖြစ်ပေါ်လာသည်။ ထိုချင်ခြင်းမှာ မွန်တို့၏ဌာနေ ဟံသာဝတီ (ပဲခူး) တွင် ရှိသည့် မြေစေးနှင့် သရေခေတ္တရာ (ပြည်) နဝင်းချောင်း မှ ရေအေးကို သောက်သုံးလိုသည့် ဆန္ဒ ဖြစ်သည်။
မင်းကြီးညိုသည် ခင်ဦး၏အလိုတော် ချင်ခြင်းပြည့်ဝစေရန် ဟံသာဝတီမှ မြေစေကိုလည်းကောင်း၊ သရေခေတ္တရာ နဝင်းချောင်းမှ ရေအေးကို လည်းကောင်း လုပ်ရည်ကြံရည်ဖြင့် ပြည့်စုံသော သူရဲကောင်းများကို ယူဆောင်စေကာ ခင်ဦးအား စားသုံးစေသည်။ ပဋိသန္ဓေရှိစဉ် ခင်ဦးမှာ ထူးခြားသော အိပ်မက်များကိုလည်း မြင်မက်ခဲ့သဖြင့် မင်းကြီးညိုကို လျှောက်တင်ခဲ့သည်။
“သံတော်ဦးတင်ပါသည်ဘုရား၊ ကျွန်တော်မျိုးသည် အရှင့်အား ယပ်လေဆက်သွင်းနေစဉ် ငိုက်မျဉ်းလာသဖြင့် အရှင့်ခြေတော်ကို ဖက်ကာ အိပ်စက်မိပါသည်ဘုရား”
“ကဲ . . . ဆက်၍လျှောက်တင်ပါဦး”
“ထိုသို့ အိပ်မက်စဉ် ရောင်ခြည်တစ်ထောင် အလင်းဆောင်သည့် ရှင်နေမင်းသည် ကောင်းကင်ယံ၌ လှည့်ပတ်သွားလာနေရာမှ ဤရွှေနန်းတော်ရှိရာသို့ သက်ဆင်း၍ လာပြီးလျှင် ဘုရားကျွန်တော်မျိုးမ၏ ဝမ်းဗိုက်အတွင်းသို့ အတင်းခွဲ၍ ဝင်လာပါသည်ဘုရား”
မင်းကြီးညိုမှာ လောကီပညာ၊ ဗေဒင်ယတြာမှစ၍ အိပ်မက်တိတ္တုံအရာတို့တွင် တတ်သိပြည့်စုံသော မင်းဖြစ်သဖြင့်၊ ယခု ခင်ဦး၏ အိပ်မက်အလိုကိုထောက်လျှင် လက်ရုံးရည်၊ နှလုံးရည်၊ ဘုန်းသမ္ဘာတို့ဖြင့် ပြည့်စုံမည့် သားတော်ရတနာတစ်ပါးကို ခင်ဦးမှ ဖွားမြောက်လာမည်ဟု မြင်တော်မူသည်။ မင်းကြီးညိုမှာ မိမိ၏ ထီးညှောက်နန်းနွယ်အဖြစ်ထားတော်မူရန် သားတော်ရတနာကို ချင်ခြင်းဖြစ်တော်မူနေသည်မှာ ကြာပြီဖြစ်သည်။ မိဖုရားကြီးလေးပါးမှလည်း သားတော်ဖွားမြင်နိုင်ခြင်းမရှိကြသေး။ ယခုတော့ မိမိဆန္ဒပြည့်ဝရန် ဖန်လာပြီဟုတွေးကာ ပျော်ရွှင်ချမ်းမြေ့တော်မူကာ ခင်ဦးကိုလည်း ရှေးကထက်ပင် မြတ်နိုးခြင်းဖြစ်တော်မူရလေသည်။
“ခင်ဥိးငဲ့ . . . ယခုမြင်မက်သည့် အိပ်မက်မှာ လက်ရုံးရည်၊ နှလုံးရည်၊ ဘုန်းသမ္ဘာတို့နှင့် ပြည့်စုံတော်မူသည့် သားတော်ကို ဖွားမြင်လာရန် ကြိုတင်ပြလာသည့် နိမိတ်တော်ဖြစ်သည်။ ယင်း ပဋိသန္ဓေနေလာသူတွင် နေကဲ့သို့ ဘုန်းကြီးမည်။ သားတော်အမှန်တကယ်ဖွားမြင်ခဲ့လျှင် အသင်ခင်ဦးအား မိဖုရားအရာသို့ မြှောက်တော်မူမည်”
မင်းကြီးညိုသည် သားတော်ရမည့်အရေးကို တွေးမျှော်ကာ ကိုယ်လုပ်တော်မျှသာရှိသည့် ခင်ဦးအား နှုတ်ကတိစကား ပေးတော်မူခဲ့သည်။
သို့ဖြင့် သက္ကရာဇ် (၈၇၈) ခု၊ ကဆုန်လပြည့်ကျော် (၁) ရက်၊ ဗုဒ္ဓဟူးနေ့သို့ ရောက်ရှိသည်တွင် ကေတုမတီမြို့တော်ကြီး၌ ထူးထူးခြားခြား မကြုံစဖူးသော အတိတ်နမိတ်တို့ ဖြစ်ပေါ်၍ လာလေသည်။
ယင်းနမိတ်တို့မှာ . . .
- နေဝန်းမပေါ်ဘဲ အမိုက်တိုက်ကြီးစွာကျခြင်း။
- အရပ်ရှစ်မျက်နှာမှ လေပြင်းမုန်တိုင်းတို့ တိုက်ခတ်လာကြခြင်း။
- လျှပ်ပန်းတို့ ပြက်သန်းကာ လျှပ်စစ်လျှပ်နွယ်တို့ ထွန်းလင်းခြင်း။
- ဥက္ကာများ ပျံသန်းခြင်း။
- မိုးကြိုးတို့ ထစ်ချုန်းပစ်ချခြင်း။
- မြေငလျှင် အကြိမ်ကြိမ်လှုပ်၍ တော်လဲသံကြီးများ ပေါ်လာခြင်း။
- စစ်ဆင်အပေါင်းတို့ အသံကျိုးကျိုးကျည်ကျည် အော်ဟစ်ကြ၍ စစ်မြင်းများဟီကြခြင်း။
- တောတောင်မြို့ရွာသို့ မီးလျှံကဲ့သို့ တောက်ခြင်း။
- မိုးသည်းထန်စွာရွာ၍ ရှောက်သီးလုံးပမာဏကြီးသော မိုးသီးကြီးများ ရွာချခြင်းတို့ပင်ဖြစ်သည်။
မင်းကြီးညိုသည် ခင်ဦးမှ သားတော်ရတနာကို ဖွားမြင်တော်မူသည်ဟု ကြားလျှင်ကြားချင်းပင် ခင်ဦး၏ အဆောင်တော်သို့ ကြွချီတော်မူသည်။ မိမိ၏ ပထမဦးဆုံးသော ရင်သွေးငယ်မြတ်ကို ကိုယ်တော်တိုင် ပွေ့ပိုက်လျက် ရှုစားတော်မူသည်။ သားတော်၏ သန့်ပြန့်သောရုပ်ရည်၊ တည်ကြည်သည့် မျက်နှာနှင့် ရာဇရုပ်လက္ခဏာတော်တို့ကို ရှုမြင်ရသည့်အတွက် အလွန်ပင်ဝမ်းမြောက်ခြင်း ဖြစ်တော်မူရသည်။
ပို၍ထူးခြားသည်ကား အဆောင်တော်တွင်ရှိသည့် ရွှေတိုင်တော်၏ အလင်းရောင်တွင် သားတော်ထံမှ ထူးခြားသောလက္ခဏာကို တွေ့ရှိလိုက်ရခြင်းပင်။ ယင်းကား အခြားမဟုတ်။ သားတော်သည် မိမိကို ဖွားမြင်စဉ်က ကဲ့သို့ပင် ထူးထူးခြားခြား ဝင်ရိုးဖျားပမာဏရှိသည့် ရွှေရောင်တောက်ပနေသော ဆံပင်တော်တစ်ချောင်းပါရှိလာခြင်းပင် ဖြစ်သည်။ ထို့ပြင် သားတော်၏ လျှာ၌လည်း နက်မှောင်သည့် စက်လက္ခဏာအမည်းစက်များ ပါရှိလာသည်ကို အံ့သြဖွယ်တွေ့တော်မူရသည်။
(တပင်ရွှေထီး၏လျှာတွင် နက်မှောင်သော စက်လက္ခဏာပါရှိသည့်အတွက် ယိုးဒယား (ထိုင်း) ရာဇဝင်တို့၌ တပင်ရွှေထီးကို ‘လျှာနက်မင်း’ ဟု ဖော်ပြကြသည်။)
မင်းကြီးညိုသည် ဝမ်းမြောက်တော်မူစွာဖြင့် သားတော်ကို ပွေ့ပိုက်ထားရင်းမှ ဤသို့မိန့်ကြားတော်မူသည်။
“ငါ၏သားတော်သည် အများနှင့်မတူ တစ်မူထူးခြားကြန်အင်လက္ခဏာတော်များနှင့် ပြည့်စုံလှပေသည်၊ ဇာတာတော်ကို စစ်ဆေးကြည့်သောအခါ၌လည်း ထူးခြားမွန်မြတ်လှပေသည်။ ငါကိုယ်တော်ထက်ပင် ဘုန်းသမ္ဘာကြီးမား၍ လက်ရုံးတော်အား စွမ်းထက်ပေလိမ့်မည်။ ငါ၏ဦးခေါင်းတော်တွင် ရွှေစင်ရောင်ရှိသော ထူးမြတ်သည့် ဆံတော်တစ်ပါးပါသကဲ့သို့ ငါ၏ သားတော်တွင်လည်း အလားတူ ဆံပင်တော်မြတ် ပါပေသည်။ ထို့ကြောင့် သားတော်၏ အမည်နာမတော်ကို တပင်ရွှေထီးဟု ဘွဲ့အမည်နှင်းအပ်မည်၊ မှတ်သားကြစေ”
သို့အားဖြင့် ထူးခြားလှသည့် လက္ခဏာတော်တို့နှင့် ပြည့်စုံသည့် သားတော်ရတနာမှာ ဖွားမြင်သည့် ညည့်၌ပင် ဖခမည်းတော် တောင်ငူရွှေနန်းရှင် မင်းကြီးညို အပ်နှင်းတော်မူသည့် မြန်မာ့သမိုင်းတွင် ထင်ရှားကျော်ကြားမည့် ‘တပင်ရွှေထီး’ ဟူသော ဘွဲ့အမည်တော်ကို ရရှိတော်မူခဲ့ပေသည်။
မင်းကြီးညိုသည် ထူးခြားသောအတိတ်နမိတ်၊ ထူးခြားသောလက္ခဏာတော်တို့ဖြင့် ဖွားမြင်လာသော သားရတနာတော်အတွက် လွန်စွာနှစ်သက်ဝမ်းမြောက်ခြင်း ဖြစ်ရသဖြင့် သားတော်အား ကြီးကျယ်ခမ်းနားလှသည့် မင်းခမ်းမင်းနားများ ကျင်းပဆင်ယင်ကာ ချီးမြှင့်မြှောက်စားတော်မူသည်။ ချက်ကြွေသောအခါ ပုခက်တင်မင်္ဂလာကို စီရင်တော်မူပြီး၊ ထိုပုခက်တင်မင်္ဂလာတွင်ပင် သားတော်ကို အိမ်ရှေ့ဥပစာအဖြစ် အပ်နှင်းတော်မူသည်။
ထို့နောက် အထိန်းတော်၊ အချီတော်များနှင့် နို့ထိန်းများကို ရွေးချယ်ခန့်ထားတော်မူသည်။ ဆင်ယာဉ်၊ မြင်းယာဉ်မှစ၍ စိုးပိုင်သမျှသော ဘဏ္ဍာတော်များကိုလည်း သားတော်အား အပ်နှင်းတော်မူသည်။ တစ်ဖန် ‘နေရောင်ပြနန်းတော်ရာသည် ဘူမိနက်သန်မှန်သည့် အောင်မြေ ဖြစ်သည်။ ထိုအောင်မြေရှိရာသို့ သွားရောက်၍ သားတော်ကို ဘိသိက်မြှောက်ရလျှင် ဘုန်းသမ္ဘာကြီးမြတ်ခြင်း ဧကန်ပင်ဖြစ်လိမ့်မည်’ ဟု ကြံစည်တွေးတောတော်မူပြီးလျှင် ထိုနေရောင်ပြ စံနန်းတော်သို့ သွားရောက်၍ သားတော်ကို ရတနာစုံအဖုံဖုံထက်သို့၌ တင်ကာ အဘိသေကမင်္ဂလာအခမ်းအနားကို ကျင်းပပြီးလျှင် ဘိသိက်မြှောက်တော်မူသည်။
ထို့နောက်မှ နေပြည်တော်ဝန်းကျင်ရှိ မိမိ၏သားတော်နှင့် သက်တူရွယ်တူမျှရှိသော ကလေးများမှ ဆွေကောင်းမျိုးကောင်း ရုပ်ဆင်းအင်္ဂါသဏ္ဍန်လက္ခဏာသွင်ပြင်ကောင်းသော ကလေးငယ်တစ်ထောင်ကို စီစစ်ရွေးချယ်လျှက် သားတော်၏ ဖွားဖက်တော်များအဖြစ် ခန့်ထားတော်မူရာ၊ ထိုကလေးများထဲတွင် နောင်တစ်ချိန်၌ ဘုရင့်နောင်အဖြစ်ထင်ရှားလာမည့် ရှင်ရဲထွတ်မှာ ဖွားဖက်တော်ချုပ် ဖြစ်လေသည်။
ထို့ပြင် မျိုးရိုးဇာတိ မြင့်မြတ်သူများမှ ရွေးခြယ်လျက် သားတော်အတွက် အထိန်းတော်ကြီး (၇)ဦးကိုလည်း ခန့်ထားသည်။ ထိုအထိန်းတော်များမှာ မင်းယောက်ျား (၅)ဦး၊ မင်းမိန်းမ (၂)ဦး၊ ဖြစ်ပြီး၊ ထိုအထိန်းတော်များက သားတော်တပင်ရွှေထီးအား သူငယ်ဘဝမှစ၍ ကြီးပြင်းလာသည့်တိုင်အောင် မင်းရေးမင်းရာ၊ တိုင်းပြည်နိုင်ငံရေး၊ လောကီလောကုက္တရာဆိုင်ရာတို့၌ တတ်မြောက်လိမ္မာစေရန်နှင့် သားတော်၏ ကျန်းမာရေးအတွက်ပါ စောင့်ရှောက်ကြည့်ရှု အုပ်ထိန်းရသည့် တာဝန်များကို ယူကြရသည်။ ထိုအထိန်းတော်ကြီးများထဲတွင် ရှင်ရဲထွတ်၏ ဖခင် မင်းကြီးဆွေလည်း ပါဝင်သည်။ (မင်းကြီးဆွေသည် တပင်ရွှေထီး မင်းအဖြစ်သို့ ရောက်သောအခါ ‘မင်းရဲသင်္ခသူ’ ဟူသော ဘွဲ့အမည်ဖြင့် တောင်ငူဘုရင်ခံ ဖြစ်လာသည်။)
သားတော်အတွက် နို့ထိန်းခန့်တော်မူရာတွင်လည်း မင်းကြီးဆွေ၏ဇနီး၊ ရှင်ရဲထွတ်၏ မိခင်မှာ နို့ထိန်းကြီးအဖြစ် ခန့်ထားခံရသည်။ မင်းကြီးညိုသည် သားတော်ကို အလွန်ချစ်တော်မူသကဲ့သို့ သားတော်၏မယ်တော် ခင်ဦးကိုလည်း အလွန်မြတ်နိုးတော်မူကာ ‘ရာဇဒေဝီ’ ဟူသော ဘွဲ့အမည်ဖြင့် မြောက်နန်းမိဖုရားအဖြစ် မြှောက်စားတော်မူသည်။
ဆက်ရန် (အပိုင်း - ၆) မြန်မာ့သမိုင်းတွင် ဘုရင့်နောင်အဖြစ် ကျော်ကြားလာမည့် ရှင်ရဲထွတ်
0 comments:
Post a Comment