- မြန်မာ့သမိုင်းတွင် ဘုရင့်နောင်အဖြစ် ကျော်ကြားလာမည့် ရှင်ရဲထွတ်
သက္ကရာဇ် (၈၇၇) ခု၊ တပို့တွဲလဆန်း (၁၂) ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဖြစ်သည်။ ကေတုမတီမြို့သူမြို့သားများသည် ထိုနေ့တွင် ကြောက်မက်ဖွယ် တော်လဲသံကြီးကို ကြားလိုက်ရသဖြင့် အထိတ်တလန့် ဖြစ်ကုန်ကြရသည်။ တော်လဲသံကြီးနှင့်အတူ မြေငလျင် တို့ကပါ ပြင်းထန်စွာ လှုပ်လာသည်။ မြေငလျင်တို့မှာ ဆက်တိုက်ဆိုသကဲ့သို့ပင် အကြိမ်ကြိမ်လှုပ်နေသဖြင့် လူအားလုံးတို့မှာ စိုးရိမ်ပူပန်မှုတို့ ဖြစ်ကုန်ကြရသည်။ (ငလျင်လှုပ်သည့် အကြိမ်မှာ ခုနှစ်ကြိမ်ဖြစ်၏။)
ထိုသို့ ထူးခြားသောအတိတ်နိမိတ်များကိုပြသည့် ထိုနေ့မှာပင် မင်းကြီးဆွေနှင့် တုရွင်းတိုင်ရွာသူ ရှင်မျိုးမြတ်တို့မှ နောင်တွင် မြန်မာ့သမိုင်းတွင် ထင်ရှားကျော်ကြားလာမည့် သူရဲကောင်း အာဇာနည် မင်းကောင်းမင်းမြတ်ဖြစ်သည့် ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင်တော်မူသော ဘုရင့်နောင်ကို ဖွားမြင်ခဲ့ကြသည်။ (ဘုရင့်နောင်မှာ တပင်ရွှေထီးထက် သုံးလနှင့်လေးရက် အသက်ကြီးသည်။) ထိုနေ့တွင် မင်းကြီးညိုအိမ်သို့ မင်းကြီးညို၏ ဆရာတော်ရင်းဖြစ်သည့် အရှင်မဟိန္ဒ ကြွတော်မူလာပြီး မင်းကြီးညိုက ‘ယနေ့ နံနက် နေတက် ၇ ဘွားအချိန်တွင် တပည့်တော်၏ ဇနီးသည်မှ သားယောက်ျားလေး ဖွားမြင်ပါသည်’ ဟု ဆရာတော်အား လျှောက်ထားသည်။
ဤသို့လျှောက်ထားချက်ကို ဆရာတော်ကြားသောအခါ ဆရာတော်က အတိတ်၊ နိမိတ်၊ ကိန်းခန်းများကို စိစစ်ဆင်ခြင်တော်မူပြီး ဤသို့မိန့်ကြားတော်မူသည်။
“မင်းကြီးဆွေ . . . ဖြစ်ပေါ်လာသည့် အတိတ်နိမိတ်တို့ကား လွန်စွာပင်ကောင်းလှသည်။ ထို့ကြောင့် သင့်သား၏ ဖဝါးအောက်သို့ နိုင်ငံပေါင်းများစွာ ခိုလှုံလာကြလိမ့်မည်။ သင်၏သားသည် တချိန်၌ ပြည်သူပြည်သားအပေါင်းတို့၏ အားထားမှီခိုရာကြီး ဖြစ်လာလိမ့်မည်။ မြေငလျှင် တုန်လှုပ်သောအတိတ်နိမိတ်မှာ ဖွားမြင်လာသော သားကောင်းရတနာ၏ ဘုန်းသမ္ဘာ အလွန်ကြီးကြောင်းကို ဤမဟာပထဝီမြေကြီးကပင် သက်သေခံသည့် အထိမ်းအမှတ်ပင် ဖြစ်သည်။ မြေပြင်အားလုံးကို အုပ်စိုးပိုင်ဆိုင်သော ဂုဏ်နှင့် ပြည့်စုံလိမ့်မည်။ မဟာပထဝီမြေကြီးကပင် ရှိခိုးဦးတင်ကာ ခုနှစ်ကြိမ်တိုင်တိုင်ကန်တော့သည့် အသွင်ဖြင့် လှုပ်သည်မှာ ဤမြေပြင်ပေါ်တွင်ရှိကြသည့် ထီးဆောင်းမင်းအပေါင်းတို့က သင်၏သားကောင်းရတနာကို ကျိုးနွံစွာ ဦးခိုက်ကြလိမ့်မည်ဟူသည့် အတိတ်နိမိတ်ပင် ဖြစ်သည်။ ဗုဒ္ဓဟူးနေ့ မြေငလျှင်တုန်လှုပ်သော ကိန်းခန်းတိတ္ထုံသဘောမှာ ဆင်ဖြူရတနာ ရောက်လာခြင်း၊ ဆင်ဖြူကို အစိုးရခြင်း၊ တိုင်းနိုင်ငံတကာမှ သမီးကညာနှင့် လက်ဆောင်ပဏ္ဍာများ ဆိုက်ရောက်လာကြလိမ့်မည်၊ ‘ဆင်ဖြူရှင်’ ဟူသော ဘွဲ့ထူးကို ခံယူရလိမ့်မည်” ဟု ဆရာတော်က နိမိတ်ဖတ်တော်မူသည်။
(မှတ်ချက် ။ ။ ဗုဒ္ဓဟူးနေ့၌ မြေငလျင်တုန်လှုပ်လျှင် ဆင်ဖြူရတနာရောက်ခြင်း၊ တိုင်းကြီးပြည်ကြီးတို့မှ သမီးကညာ ဆိုက်ရောက်လာခြင်းများ ဖြစ်လိမ့်မည်ဟူ၍ ငလျင်လှုပ်ကိန်းကို ဟောသော တိတ္ထုံကျမ်းတို့၌ ပြဆိုထား၏။)
ထို့နောက် ဆရာတော်က မင်းကြီးဆွေ၏ သာငယ်အမည်အား ‘ရဲထွတ်’ ဟု မှည့်ခေါ်ရန် မိန့်ဆိုတော်မူပြီးလျှင် ကျောင်းသို့ ပြန်ကြွ သွားသည်။ (ဆရာတော်မှာ မင်းကြီးညိုကိုးကွယ်သည့် ဆရာတော်ဖြစ်သောကြောင့် ‘မင်းကြီးဆရာတော်’ ဟူ၍လည်း ခေါ်ဆိုသည်။)
မင်းကြီးဆွေသည် ဆရာတော်ပေးတော်မူသည့် အမည်အတိုင်း ထူးခြားစွာဖွားမြင်လာသည့် မိမိသားငယ်ကို ‘ရှင်ရဲထွတ်’ ဟု ခေါ်ဆိုသည်။ (ရဲထွတ်ဟူသည့် အမည်သညာ၏ အဓိပ္ပာယ်မှာ ‘ရဲရင့်သူတို့၏အထွတ်အထိပ်’ ဟူ၍ဖြစ်၏။)
တပင်ရွှေထီးကို ဖွားမြင်တော်မူပြီးနောက် မင်းကြီးဆွေက တပင်ရွှေထီး၏ အထိန်းတော်ကြီး၊ မင်းကြီးဆွေ၏ ဇနီး ရှင်မျိုးမြတ်က တပင်ရွှေထီးကို နို့တော်ရည်တိုက်ရသည့် နို့ထိန်းကြီးအဖြစ် ခန့်ထားခံရသကဲ့သို့ သားငယ် ရှင်ရဲထွတ်မှာလည်း တပင်ရွှေထီး၏ ဖွားဖက်တော် ဖြစ်လာခဲ့ရသည်။ မင်းသားငယ် တပင်ရွှေထီးနှင့် ရှင်ရဲထွတ်တို့ မိသားစုသည် ရှေးရှေးဘဝဟောင်းက အကြောင်းရေစက်ပါလာ၍ ဟုပင် ဆိုရမည်။ မိသားစုရင်းချာပမာ ချစ်ခင်ကြ၏။ တပင်ရွှေထီးနှင့် ရှင်ရဲထွတ်တို့မှာလည်း ညီနောင်နွယ်ရင်းများပမာ တစ်ဦးကိုတစ်ဦး ချစ်ခင်ကာ သွားအတူ၊ စားအတူ၊ ကစားအတူ ဖြစ်ခဲ့ကြသည်။
ဤအကြောင်းကို မင်းကြီးညို သိတော်မူရာ “ငါ့သားတော်သည် မင်းကြီးဆွေ၊ ရှင်မျိုးမြတ်တို့နှင့် နီးစပ်သည့် လက္ခဏာပင် ဖြစ်သည်။ နန်းတော်တွင် ပျော်ရွှင်လိုသောဆန္ဒရှိဟန်မတူ မင်းကြီးဆွေ၏ အိမ်ကိုသာ နှစ်သက်သည်။ ထို့ကြောင့် ငါ့သားတော်ရတနာ၏ စိတ်အလိုကို ဖြည့်ဆည်းသည့်အနေဖြင့် မင်းကြီးဆွေနှင့် ရှင်မျိုးမြတ် မိသားစုကို ချီးမြောက်တော်မူမည်” ဟု တွေးတော်မူပြီးလျှင် နန်းတော်အနီး၌ အိမ်ကြီးတစ်ဆောင်ဆောက်စေကာ မင်းကြီးဆွေတို့ မိသားစုနေထိုင်ရန် ချီးမြှင့်သနားတော်မူသည်။
မင်းကြီးညိုသည် သားတော်အား မင်းသားတို့တတ်မြောက်အပ်သည့် အဋ္ဌာရသတစ်ဆယ့်ရှစ်ရပ်သောပညာတို့ကို သင်ကြားပေးရာ ရှင်ရဲထွတ်မှာ တပင်ရွှေထီးနှင့်တွဲ၍ သင်ကြားရသည်။ နှစ်ဦးစလုံးက သတ္တိအရာတွင် အလွန်ရဲရင့်ထက်မြက်ကြသည်။ စစ်သွေးစစ်မာန် ထက်သန်ကြသည်။ ကြီးမြင့်သောရည်ရွယ်ချက်များ ရှိနေကြသည်။ မင်းကြီးညိုမှာလည်း ယောက်ျားပီသခန့်ညားပြီး ငယ်စဉ်ကပင် ရဲရင့်တည်ကြည်ဖြောင့်မတ်သည့် သားတော် တပင်ရွှေထီး မင်းသားအတွက် လွန်စွာကျေနပ်နှစ်သက်အားရခြင်း ဖြစ်တော်မူရလေသည်။
ဆက်ရန် (အပိုင်း - ၇) ရှင်ရဲထွတ်နှင့် သခင်ကြီးတို့၏ အပြစ်မကင်းသောချစ်ခြင်း
- ရှင်ရဲထွတ်နှင့် သခင်ကြီးတို့၏ အပြစ်မကင်းသောချစ်ခြင်း
သခင်ကြီးမင်းသမီးကား တပင်ရွှေထီးနှင့် ခမည်းတော်တူ မယ်တော်ကွဲ မောင်နှမတော် ဖြစ်သည်။ တပင်ရွှေထီး၏ အစ်မတော်ဖြစ်ပြီး၊ မယ်တော်မှာ မိုးဗြဲစားသမီးတော် ခင်နွယ် ဖြစ်သည်။ ရှင်ရဲထွတ်နှင့် အသက်အရွယ်မတိမ်မယိမ်းဖြစ်ကာ ကစားဖော်ကစားဖက် ဖြစ်ခဲ့သည်။ ငယ်စဉ်ကာလကပင် ရှင်ရဲထွတ်နှင့် တစ်ဦးပေါ်တစ်ဦး သံယောဇဉ်တွယ်တာမှုများ နှောင်ဖွဲ့လာမိခဲ့ကြသည်ဟုဆိုလျှင် မှားမည်မဟုတ်ပေ။
ရှင်ရဲထွတ်မှာမင်းပျိုမင်းလွင်အရွယ်သို့ ရောက်လာချိန်တွင် သခင်ကြီးအပေါ် မေတ္တာစိတ်များ သက်ဝင်လာမိသည်။ ထို့အတူ သခင်ကြီးမှာလည်း က္ကုတ္ထိယတို့သဘာဝ ရွယ်နုငယ် တစ်ဆယ်ကျော်အပျိုအရွယ်သို့ ကူးလာသောအချိန်တွင် ယောက်ျားပီသခန့်ညားပြီး အားကိုးချင်စဖွယ်ဖြစ်သည့် ရှင်ရဲထွတ်အပေါ် စိတ်ကစားကာ တိမ်းညွှတ်လာမိပြီး၊ နောက်ဆုံး၌ မေတ္တာချင်း ကူးလူးယှက်သွယ် မိကြတော့သည်။ အချစ်စိတ်က ဖုံးလွှမ်းကာဆီးထားသဖြင့် ရှင်ရဲထွတ်မှာ ဘုရင့်သမီးတော်အား ချစ်မိမှားသည့်အတွက် ကျရောက်လာမည့် ရာဇဝတ်ဘေးကိုလည်း မတွေးမမြင်နိုင်တော့ပေ။
ထိုကိစ္စကို သခင်ကြီး၏ မယ်တော် သိရှိသွားပြီးနောက် မယ်တော်ဖြစ်သူမှတဆင့် ဖခမည်းတော် မင်းကြီးညို၏ ရွှေနားတော်သို့ ပေါက်ကြားသွားရတော့သည်။
“အဘယ်မိဖုရား . . . ငါ၏သမီးတော်ကို အဘယ်ငမိုက်သားက ကျူးကျော်စော်ကားလေဘိသနည်း”
“မှန်လှပါ . . . အထိန်းတော်သား ရှင်ရဲထွတ်ငယ်ပင် ဖြစ်ကြောင်းပါဘုရား”
မိဖုရား၏လျှောက်တင်ချက်ကို ကြားတော်မူလိုက်ရသည်တွင် ဘုရင်မင်းကြီးညိုမှာ ဒေါသအမျက်သို့ ပြင်းစွာ ဖြစ်ရတော့သည်။
“မိုက်လိုက်လေ ငထွတ်ငယ်၊ ငမိုက်သား ငထွတ်ငယ်အား ဖမ်းဆီးကြစေ”
ယင်းအမိန့်တော်ထုတ်ပြန်ချက်ကို ကြားသိလိုက်ရချိန်တွင် သခင်ကြီးမှာ ရှင်ရဲထွတ်အတွက် ကြီးစွာသော စိုးရိမ်ပူပန်မှုတို့ကို ခံစားရပြီး ရှင်ရဲထွတ်အား အကြောင်းကြားစေကာ ရှောင်ပြေးခိုင်းသည်။ သို့သော် ရှင်ရဲထွတ်က မပြေး။
“လောကတွင် သေခြင်းတရားကား ထူးဆန်းသည်မရှိ၊ မွေးလျှင်သေရမည်မှာ လောကဓမ္မတာဖြစ်သည်၊ ရဲရင့်သူသည် တစ်ဘဝတွင် တစ်ကြိမ်သာသေရ၏၊ ကြောက်ရွံ့သောသူကား အကြိမ်ကြိမ်အဖန်ဖန် သေရ၏၊ သေနေ့စေ့က သေရမည်၊ ကျွန်ုပ်ကား ပြေးလိမ့်မည်မဟုတ်” ဟု ရာဇဝတ်ဘေးမှ လွတ်ရေးအတွက် ပြေးရန် သတိပေးလာကြသူများကို ထိုသို့ဆိုလိုက်၏။
ဘာမထီယောက်ျားမြတ်ဖြစ်သည့် ရှင်ရဲထွတ်၏ သတ္တိကား အံ့ဖွယ်ရှိလှပေစွ။ ရှင်ရဲထွတ်ကား အထိန်းတော်၏သားဟုသာ ဆိုသော်လည်း သာမညပုဂ္ဂိုလ်မဟုတ်။ တိဟိတ်စင်စစ် ပုရိသအာဇာနည် ယောက်ျားကောင်းဖြစ်လေရာ စိတ်ဓာတ်အလိုအားဖြင့် သံမဏိကဲ့သို့ ခိုင်မြဲတည်တံ့လှ၏။ သံမဏိစိတ်ဓာတ်ဟု ဆိုရလိမ့်မည်။ ဤလောကတွင် မိမိအနေနှင့်အကြီးမြတ်ဆုံးဘဝကို မရောက်ရှိပဲ မသေနိုင်သေးဟု မိမိကိုယ်ကို ယုံကြည်စိတ်ဖြင့် မှတ်ယူထားသူ ဖြစ်သည်။ ယခုကိစ္စကိုလည်း ဘုရင့်ရှေ့တော်မှောက်သို့ ဝင်ရောက်ကာ ရဲရဲဝံ့ဝံ့ရင်ဆိုင်မည်ဟု ဆုံးဖြတ်ချက်ချလိုက်၏။
သို့ဖြင့် နောက်တစ်နေ့နံနက် အရုဏ်တက်တွင် ရွှေနန်းတော်တွင်းသို့ ဝင်ကာ မင်းကြီး၏ မျက်နှာတော်သစ်ရေ အကျကို စောင့်သည်။ မျက်နှာတော် သစ်ရေကျသည်ဆိုသည်နှင့်တစ်ပြိုင်နက် ဘုရင်မင်းကြီးညိုကို လက်အုပ်ချီကာ ခစားလိုက်သည်။
“ဤမျှစောစီးသောအချိန်တွင် ငါ့အား လာရောက်ခစားသူကား အဘယ်နည်း”
“ဘုန်းတော်ကြောင့် အထိန်းတော်သား ငရဲထွတ်ဖြစ်ကြောင်းပါဘုရား”
“အဘယ်ကြောင့် ဤအချိန်တွင် ငါ့အား ခစားလာရသနည်း”
“ဘုန်းတော်ကြောင့် အရှင်မင်းကြီး ချမှတ်တော်မူသည့် ရာဇဝတ်အပြစ်ဒဏ်ကို ခံယူရန်အတွက် လာရောက်ရခြင်း ဖြစ်ပါသည်”
မင်းကြီးညိုမှာ ရှင်ရဲထွတ်လျှောက်တင်ချက်ကြောင့် တအံ့တသြဖြစ်ရသည်။
“ဤသူငယ်ကား ရာဇဝတ်ဘေးကျရောက်သည်ကိုပင် ကြောက်ခြင်း၊ ရွံ့ခြင်း၊ ကင်းလေစွ၊ အဘယ်သို့သောသူငယ်ပေနည်း” ဟု တွေးကာ ရဲရင့်ခြင်းနှင့်ပြည့်စုံသော ရင်ရဲထွတ်အပေါ် အထင်ကြီးစိတ်များ ဖြစ်ပေါ်တော်မူလာရသည်။
“လျှောက်တင်ပါသည်ဘုရား . . . ကျွန်တော်မျိုး ရာဇဝတ်အပြစ်ဒဏ်မခံရမီ ကျွန်တော်မျိုး၏ ဇာတာကို အရှင်မင်းကြီးအား ဆက်သလိုပါသည်၊ ကြည့်ရှုတော်မူပါဘုရား”
ရှင်ရဲထွတ်က အသင့်ယူဆောင်လာသည့် ဇာတာကို ဆက်သလိုက်သည်။ ကိုယ်တော်တိုင်ပင် လောကီပညာဗေဒင်အရာကို တတ်ကျွမ်းသည့် မင်းကြီးညိုသည် ရှင်ရဲထွတ်၏ဇာတာကိုယူ၍ သေချာစွာစစ်ဆေးလိုက်သည်။
“စန်းလဂ် အလွန်ကောင်းမွန်သည့် ထူးခြားရှားပါးလှသော ဇာတာပါတကား။ ရှင်ရဲထွတ်ကား သာမန်ဇာတာရှင်မဟုတ်။ ဤဇာတာအရ ရှင်ရဲထွတ်မှာ တစ်ချိန်တွင် ထီးဆောင်းမင်းဧကရာဇ်ပင် ဖြစ်နိုင်သည်။ သားတော် တပင်ရွှေထီးနှင့်လည်း ညီနောင်နွယ်ရင်းသဖွယ် အလွန်ချစ်ခင်ကြသည်။ ဤသူငယ်မှာ ဥပဓိကလည်း ကောင်းသည်။ ဖြောင့်မတ်တည်ကြည်သည့် လက္ခဏာလည်း ရှိသည်။ တစ်ဖန် ကေတုမတီ(တောင်ငူ) သိုက်စာဟောင်းတွင်လည်း ‘ဆင်ဖြူသုံးစီး၊ ဘုန်းဘုန်းကြီး၊ နေမီး တန်ဆောင်ထွန်း လတ္တံ့။ နောက်ဆုံးဆင်ကြီး၊ စွယ်ရောင်ညီး၊ အမြီးရှည်သွယ်ဖား လတ္တံ့’ ဟု ပါရှိသည်။ ဆင်ဖြူသုံးစီးမှာ ဗုဒ္ဓဟူးနေ့ မင်းသုံးပါးတို့ ကေတုမတီနန်းတွင် စိုးစံမည့်အကြောင်း ဖြစ်သည်။ ငါသည် ဗုဒ္ဓဟူးသား၊ သားတော်သည် ဗုဒ္ဓဟူးသား၊ ရှင်ရဲထွတ်လည်း ဗုဒ္ဓဟူးသား၊ ဤသုံးဦးသာလျှင် ဆင်ဖြူသုံးစီးဖြစ်အံ့သည်။
ဤသို့ဆိုလျှင် ရှင်ရဲထွတ်သည် ‘နောက်ဆုံးဆင်ကြီး စွယ်ရောင်ညီး’ ဆိုသည့် အတိတ်နိမိတ်ရသူ ဖြစ်ပေလိမ့်မည်။ သမီးတော်သခင်ကြီးသည်လည်း ရှင်ရဲထွတ်နှင့် သင့်မြတ်ခြင်းဖြင့် မိဖုရားကြီးအရာကို ရနိုင်သည်။ ရှင်ရဲထွတ်မှာ တောင်ခမင်းကြီး၏ မြေးတော်ဖြစ်သဖြင့်လည်း အမျိုးညံ့သည်ဟု ဆို၍မရ။ ငါနတ်ရွာစံလျှင်လည်း ငါ့သားတော်မှာ တစ်ပါးတည်းကျန်ရှိခဲ့မည်။ ထိုအခါ ညီနောင်နွယ်ရင်းသဖွယ်ဖြစ်သည့် ရှင်ရဲထွတ်ကို အနီးတွင်ထားကာ လက်ရုံးသဖွယ် အားကိုးမှု ပြုရလိမ့်မည်။ ရှင်ရဲထွတ်သည် ငါ့သားတော်အပေါ်တွင်လည်း ငါ့သားတော် သက်ရှိထင်ရှားရှိနေသမျှ သစ္စာရှိမည့်သူပင် ဖြစ်လိမ့်မည်” ဟု သားတော်တပင်ရွှေထီးနှင့် သမီးတော် သခင်ကြီးတို့အတွက် နောင်အရှည်ကိုပါ မင်းကြီးညို မျှော်တွေးတော်မူသည်။
ထို့နောက် ဇာတာကိုရှင်ရဲထွတ်လက်သို့ ပြန်ပေးလိုက်ပြီး
“ငရဲထွတ်ငယ် . . . နင်၏ ဇာတာကား ကောင်းလှ၏။ ထို့ကြောင့် ဇာတာကို ကောင်းမွန်စွာ သိမ်းဆည်း၍ ထားလေ” ဟု မိန့်တော်မူသည်။
သို့အားဖြင့် ရှင်ရဲထွတ်မှာ အသက်ပင်ဆုံးနိုင်သည့်ရာဇဝတ်တော်ဘေးမှ လွတ်ကင်းသွားရတော့သည်။
ဆက်ရန် (အပိုင်း - ၈) တပင်ရွှေထီး တောင်ငူထီးနန်းကို စိုးစံတော်မူခြင်း
- တပင်ရွှေထီး တောင်ငူထီးနန်းကို စိုးစံတော်မူခြင်း
ကေတုမတီ (တောင်ငူ)မြို့တည်နန်းတည် ဘုရင်မင်းကြီးညိုသည် နန်းစံနှစ် (၄၆)နှစ်၊ သက်တော် (၇၂) နှစ်၊ သက္ကရာဇ် (၈၉၂)ခု၊ နတ်တော်လဆန်း (၅)ရက်နေ့တွင် နတ်ရွာစံတော်မူသည်။
မင်းကြီးညိုကား အင်းဝနိုင်ငံတော် လက်အောက်မှ လွတ်မြောက်အောင် ကြိုးစားကာ မြို့သစ်နန်းသစ်တည်ပြီး လွတ်လပ်စွာ သီးခြားစိုးစံတော်မူသော မင်းဖြစ်သည်။ မင်းကြီးညိုတည်ထောင်တော်မူခဲ့သော ကေတုမတီ(တောင်ငူ) ရွှေမြို့တော်ကြီးကား မြန်မာနိုင်ငံ ၏ ဗဟိုချက်မသဖွယ်လည်းဖြစ်သည်။ မြို့ခင်းမြို့နေ အလွန်ပြန့်ပြူးသာယာလှသည်။ မြေသြဇာလည်း အလွန်ကောင်းသည်။ မြို့တော်၏ ဝန်းကျင်မှာလည်း မြစ်ချောင်း၊ တောတောင်၊ သစ်ပင်တို့ဖြင့် ဝန်းရံကာ စိမ်းလန်းစိုပြေနေသည်။
မြို့တော်တွင် ထင်ရှားသည့် မြတ်စောညီနောင်ဘုရား၊ မြထီးတင်ခေါ်သည့် ကန်းနီဘုရား၊ ရှင်ပင်ကျောက်ဆောက်ဘုရား၊ မြင်ပုန်းမြင်တင်ဘုရား၊ ဆံတော်ဘုရား၊ စည်းခုံဘုရားနှင့် အခြားတန်ခိုးကြီးဘုရားများသည်လည်း တည်ရှိကြ၏။ အာသာဝတီခေါ်သော ပေါင်းလောင်းမြစ်၊ ခပေါင်းချောင်းကြီးတို့ဖြင့် မြို့တော်၏အလှကို တန်ဆာဆင်လျက်ရှိ၏။
ယခုသော် ကေတုမတီ ရွှေနန်းတည် ရွှေမြို့တော်သည် ဘုရင်မင်းကြီးညိုကား နတ်ရွာစံတော်မူလေပြီ။ ထို့ကြောင့် ကေသုမတီ ထီးနန်းကို စိုးစံရန်အတွက် မှူးကြီးမတ်ရာ သေနာပတိအပေါင်းတို့က မင်းကြီးညို အလွန်အားထားတော်မူသည့် မင်းကြီးညို၏ တစ်ပါးတည်းသော သားတော်ရတနာ တပင်ရွှေထီးကို မင်းအဖြစ်တင်မြှောက်လိုက်ကြလေသည်။ ထို့ကြောင့် သက်တော် (၁၅)နှစ်၊ သက္ကရာဇ် (၈၉၂)ခု၊ နတ်တော်လဆန်း (၅)ရက်၊ ကြာသာပတေးနေ့တွင် တပင်ရွှေထီးသည် မင်းအဖြစ်သို့ရောက်ရှိတော်မူ ခဲ့ပြီး၊ ကေတုမတီ တောင်ငူနန်းကို စိုးစံအုပ်ချုပ်တော်မူသည်။
တပင်ရွှေထီးကား ရှင်ရဲထွတ်ကို ညီနောင်နွယ်ရင်းသဖွယ် အလွန်ချစ်ခင်တော်မူသကဲ့သို့၊ ယုံလည်းယုံကြည်၊ အားလည်းထားတော်မူသည်။ ထို့ကြောင့် မင်းဖြစ်လာသောအခါ ရှင်ရဲထွတ်ကို ‘ကျော်ထင်နော်ရထာ’ ဟူသော ဘွဲ့မည်နှင်း၍၊ အိမ်ရှေ့စံအရာသဖွယ် ထားတော်မူသည်။ (အိမ်ရှေ့စံဟူ၍ အတိအကျအပ်နှင်းခြင်းမဟုတ်။) ရှင်ရဲထွတ်၏ ညီမတော် ခင်ဘုန်းကိုလည်း မိဖုရားမြှောက်တော်မူသည်။
တပင်ရွှေထီး၏ အဓိက မိဖုရားနှစ်ပါးမှာ တပင်ရွှေထီးနှင့် ငယ်ရွယ်စဉ်ကပင် သံယောဇဉ်နှောင်တွယ်ရစ်ခဲ့ကြသည့် ခင်ဘုန်းနှင့် အထိန်းတော် သတိုးဓမ္မရာဇာဘွဲ့ခံ ရှင်နီတာ၏ သမီးတော် ခင်မြတ်တို့ပင် ဖြစ်သည်။
ထို့ပြင် မိမိအရွယ်ငယ်စဉ်မှစလျက် ယခု မင်းအဖြစ်သို့ ရောက်ရှိလာသည့်တိုင်အောင် ကျေးဇူးအထူးရှိသူတို့အားလည်း ဘွဲ့ထူး၊ ဂုဏ်ထူး၊ အဆောင်အယောင်ထူးတို့ဖြင့် ချီးမြှင့်မြှောက်စားတော်မူသည်။ ထိုသို့ မြှောက်စားတော်မူရာတွင် ရှင်ရဲထွတ်၏ ဖခင်အထိန်းတော်ကြီး မင်းကြီးဆွေမှာ ‘မင်းရဲသိင်္ခသူ’ ဟူသော ဘွဲ့မည်ဖြင့် ရာထူးစည်းစိမ် အဆောင်အယောင်တို့နှင့် ချီးမြှင့်မြှောက်စားခြင်း ခံရသည်။ (မင်းကြီးဆွေမှာ နောင်အခါ၌ တောင်ငူဘုရင်ခံ ဖြစ်လာ၏။)
တပင်ရွှေထီးသည် မင်းဖြစ်လာသည့်အခါ၌လည်း မင်းပွဲသဘင်၊ ညီလာခံပွဲသဘင်တို့မှတစ်ပါး ရှင်ရဲထွတ်ကို ငယ်စဉ်က ကဲ့သို့ပင် နောင်တော်ရင်းသဖွယ်ထားလျက် ချစ်ခင်ရင်းနှီးစွာ ဆက်ဆံတော်မူသည်။ တိုင်ပင်ရန်ကိစ္စများကိုလည်း ရှင်ရဲထွတ်နှင့်သာ တိုင်ပင်တော်မူသည်။
စစ်မှုရေးရာအလုံးစုံတို့တွင်လည်း ရှင်ရဲထွတ်ကိုသာ လွှဲပုံအပ်နှင်းတော်မူသည်။ ကျော်ထင်နော်ရထာဘွဲ့ဖြင့် ထင်ရှားလာသော ရှင်ရဲထွတ်ကလည်း ပင်ကိုမူလ ပဋိသန္ဓေဓာတ်ခံသန့်စင်သည့် ပုဂ္ဂိုလ်ဖြစ်သောကြောင့် တပင်ရွှေထီးနေရာပေးကာ လုပ်ပိုင်ခွင့်အာဏာ လွဲပုံထားပါသော်လည်း စိတ်ထားတက်ကြွဖောက်ပြန်မောက်မာခြင်းမရှိ။ တည်ကြည်ခိုင်မာသည့် စိတ်ဓာတ်ဖြင့် ယခင်နေမြဲအတိုင်းပင် မပြောင်းမလဲဘဲ က္ကုနြေ္ဒရစွာ နေသည်။
တပင်ရွှေထီးအပေါ်မှာလည်း အလွန်သစ္စာရှိစွာဖြင့် ရှေးကမေတ္တာ အတိုင်းပင် ဘုရင့်အကျိုးကိုသာများစွာလိုလားသော စိတ်ဖြင့် အမှုတော်အမျိုးမျိုးကို သက်စွန့်ကြိုးပမ်းထမ်းရွက်ခဲ့သည်။ (နောင်တွင် ဘုရင့်နောင်ဟု မြန်မာ့သမိုင်းတွင်အထင်ရှားဆုံးဖြစ်လာမည့် ရှင်ရဲထွတ်၏ စိတ်နေသဘောထားကား အတုယူဖွယ်ကောင်းလေစွ။ သစ္စာတော်ခံ သစ္စာတော်ကြီးသည့် နေရာတွင် အာဏာရမ္မက်၊ လောဘမဖက်သည့် တုပြိုင်နိုင်သူမရှိ၊ အဓိပတိပုဂ္ဂိုလ် ဖြစ်သဖြင့် အလွန်အားကျ ချီးကျူးရမည့် ပုဂ္ဂိုလ်ဟု ဆိုရပါမည်။)
ထို့နောက် တပင်ရွှေထီးသည် ရှင်ရဲထွတ်နှင့် အစ်မတော်သခင်ကြီးတို့၏ သံယောဇဉ်မေတ္တာတော်ကို သိထားတော်မူပြီး ဖြစ်သဖြင့် နောင်တော်ရှင်ရဲထွတ်နှင့် အစ်မတော် သခင်ကြီးတို့ကို လက်ထပ်မင်္ဂလာပွဲသဘင် ဆင်ယင်ကျင်းပ ပေးတော်မူသည်။ ဤသို့ တပင်ရွှေထီးက နှစ်လိုလက်ခံ လက်ထပ်မင်္ဂလာသဘင်ကို ဆင်ယင်ပေးသဖြင့် ကေတုမတီ ပြည်သူပြည်သားတို့မှာ အထူးပင် ကျေနပ်ဝမ်းမြှောက်ခြင်း ဖြစ်ကြရသည်။
“ငါတို့ဘုရင်မင်းတရားသည် အရွယ်ပင်ငယ်သော်လည်း စိတ်နေကား မှန်ကန်ဖြူစင်မြင့်မြတ်လှသည်။ မင်းတို့ကျင့်ဝတ်တရားနှင့်လည်း ညီညွှတ်လှပေသည်။ အစဉ်သဖြင့် ဘုန်းညွှန့်တလူလူနှင့် ဂုဏ်ရောင်သတင်း ထွန်းပြောင်မည့် မင်းပင် ဖြစ်လာလိမ့်မည်” ဟု ပြောဆိုကြကာ မိမိတို့၏အရှင်သခင် ချီးမွမ်းဂုဏ်တင်ကြလေ၏။ ဘုရင်မင်းမြတ်၏ ဘုန်းသမ္ဘာတော် တက်နေဝန်းသွင်အရောင်လျှံ၍ နိုင်ငံပြည်ရွာ ကျယ်ဝန်းစေကြောင်းကိုလည်း ဆုတောင်းခြင်းပြုကြလေ၏။
ဆက်ရန် (အပိုင်း - ၉) သမိုင်းတွင်သည့် သူရဲကောင်းရွေးချယ်ပွဲ
0 comments:
Post a Comment