'
အမိမြေ

ကရင်နှစ်သစ်ကူးပွဲတော်နှင့် ကရင်တိုင်းရင်းသားအလံတင် အခမ်းအနား ကျင်းပ


ကရင်နှစ်သစ်ကူးပွဲတော်နှင့် ကရင်တိုင်းရင်းသား အလံတင် အခမ်းအနားတွင် ကရင်ရိုးရာဖားစည်တီးနေသည့် ကရင် ကလေးငယ်တစ်ဦး။ ၂၇၅၁ ခုနှစ် ကရင်တိုင်းရင်းသား နှစ်သစ် ကူးပွဲတော်နှင့် ကရင်တိုင်းရင်းသားအလံတင်အခမ်းအနားကို၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်မြို့၊ အလုံ သာသနာဝင်းတွင်စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။ ၁၉၃၉ ခုနှစ်မှ စတင်ခါ နှစ်စဉ်ကျင်းပခဲ့ပြီး ယခုနှစ် တွင် အလုံမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့တွင် နေထိုင်သော ကရင်တိုင်းရင်းသား ၃,၀၀၀ ဦးခန့် တက်ရောက်ခဲ့သည်။
ဓာတ်ပုံ-သက်ထူး
၂၇၅၁ ခုနှစ် ကရင်တိုင်းရင်းသား နှစ်သစ်ကူးပွဲတော်နှင့် ကရင်တိုင်း ရင်းသားအလံတင်အခမ်းအနားကို၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်မြို့၊အလုံသာသနာဝင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ကရင်နှစ်သစ်ကူးပွဲတော်ကို အလံတင် အခမ်းအနား၊ အား ကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ ဒုံးယိမ်းအကဖြေဖျော်မှုများကို အလုံသာသနာဝင်းတွင် ၁၉၃၉ ခုနှစ်မှ စတင်ခါ နှစ်စဉ်ကျင်းပခဲ့ပြီး ယခုနှစ်တွင် အလုံမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်နှင့် စမ်းချောင်း မြို့နယ်တို့တွင်နေထိုင်သော ကရင်တိုင်းရင်းသား ၃,၀၀၀ ဦးခန့် တက်ရောက်ခဲ့သည်ဟု ကရင်တိုင်းရင်း သား နှစ်သစ်ကူးပွဲတော် ကျင်းပရေးကော်မတီမှ တာဝန် ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။
"ရန်ကုန်မှာ အာလိန်ငါးဆင့်၊ မြောက်ဥက္ကလာပနဲ့ ဒီအလုံသာသနာဝင်း ဆိုပြီး ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပတဲ့နေရာ သုံးနေရာရှိတယ်။ ကရင်လူမျိုးတွေက တောင်ပေါ်နဲ့ မြေပြန့် (မြစ်ဝကျွန်းပေါ်) နေရာ အသီးသီးမှာ နေကြ၊ ဗုဒ္ဓဘာသာဆိုရင်လည်း ဘုရား၊ ကျောင်းကန် တွေမှာ တွေ့ဆုံကြ၊ ခရစ်ယာန်ဘာသာဝင် တွေဆိုလည်း ဘုရား ကျောင်းတွေမှာပဲ တွေ့ဆုံကြရ တယ်။ ဒါပေမယ့် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ဆိုရင်တော့ ဘာသာ၊ အယူအဆ၊ ဒေသမတူတဲ့ ကရင် တွေ စုစည်းကြတဲ့အတွက် ပေါင်းစည်းခြင်း အကျိုး အမြတ်ကို ရတယ်"ဟု ကရင်တိုင်းရင်းသား နှစ်သစ်ကူး ပွဲတော် ကျင်းပ ရေးကော်မတီဥက္ကဋ္ဌ ဦးစောမင်းလွိုက်က ပွဲတော် နှစ်စဉ်ကျင်းပရခြင်း၏ အကျိုးကျေးဇူးကို ပြောသည်။
ကရင်တိုင်းရင်းသား နှစ်သစ်ကူးပွဲတော်ကျင်းပသော နေ့ရက်တွင် ကရင်တိုင်းရင်းသားအလံ လွှင့်တင်ရခြင်း အကြောင်းကိုလည်း "ဒီနေရာမှာ ပွဲတော် စကျင်းပတဲ့ ၁၉၃၉ ခုနှစ်ကစပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံနဲ့ ကရင်တိုင်းရင်းသား အထိမ်းအမှတ် အလံကို ပူးတွဲလွှင့်တင်ပြီး ကရင်တိုင်းရင်းသားများ ပြည်ထောင်စု နဲ့အတူ အစဉ်အမြဲ တစ်လုံးတစ်ပါတည်း ရှိနေမယ်လို့ ရည်ရွယ်ခဲ့ တာကြောင့် အစဉ်အလာကို ဆက်ထိန်းသိမ်း တာပါ"ဟု ဦးစောမင်းလွိုက်က ပြောသည်။
ပွဲတော်ကျင်းပရန် ကုန်ကျစရိတ်များအတွက် ကရင် တိုင်းရင်းသားများ၊ ကရင်စီးပွားရေးလုပ်ငန်းရှင်များက နှစ်စဉ် အလှူငွေများ ထည့်ဝင်ခဲ့ကြပြီး မည်သည့်အဖွဲ့ အစည်း၏ ထောက်ပံ့မှုမျှ မပါဝင်ကြောင်း နှစ်သစ်ကူး ပွဲတော် ကျင်းပရေးကော်မတီနာယက ဦးမန်းသိန်းကြိုင် က ပြောသည်။
"နှစ်တိုင်းလုပ်နေကျဆိုတော့ ကရင် လူမျိုးတွေအချင်းချင်း အလှူငွေတွေလာထည့်ဝင်ကြ တယ်" ဟု ၎င်းက ပြောသည်။
ပထမဆုံးလဟု အဓိပ္ပာယ်ရသော စကောကရင် တိုင်းရင်းသားများ၏ သလေ၊ ပိုးကရင်တိုင်းရင်းသားများ ၏ ထိုင်ခုတ်ဖိုနှင့် မြန်မာ လူမျိုးများ၏ ပြာသိုလဆန်း ၁ ရက်နေ့ကို ကရင်နှစ်သစ်ကူးနေ့ဟု သတ်မှတ်ပြီး အဆိုပါ နေ့တွင် ရိတ်သိမ်းပြီးစ သီးနှံများကို သက်ကြီး ၀ါကြီး များနှင့် အိမ်နီးချင်းများအား ပေးကမ်းခြင်း၊ ပြီးခဲ့သော နှစ်ဟောင်း၏ အတွေ့အကြုံနှင့် အကောင်းအဆိုးများကို သုံးသပ်ခြင်း နှင့် နှစ်သစ်တွင်လုပ်ဆောင်ဖွယ်ရာများကို လုပ်ငန်းစဉ်ချခြင်းများကို ပြုလုပ်လေ့ရှိသည်။

Ref : http://www.myanmar.mmtimes.com/


0 comments:

Post a Comment


Popular Posts