'
အမိမြေ

ကဏ္ဍပေါင်းစုံတွင် အကူအညီများပေးသွားမည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး ခိုအိချိရိုဂင်းဘ ပြောကြား


ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ နှုတ်ဆက်နေစဉ်။
ဓာတ်ပုံ-အေအက်ဖ်ပီ
မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ ၂၆ ရက် နေ့က လာရောက်ခဲ့သည့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ခိုအိချိရိုဂင်းဘက မြန်မာ နိုင်ငံအတွက် အကူအညီများ ပေးရာ တွင် ကဏ္ဍပေါင်းစုံမှ ကူညီသွားမည်ဟု ၎င်း၏ တစ်ရက်တာခရီးစဉ်အပြီးတွင် သတင်းထောက်များကို ပြောသည်။
ဝန်ကြီးသည် ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဌေးဦးတို့နှင့် နေပြည်တော် တွင်တွေ့ဆုံခဲ့ပြီး ညနေပိုင်းတွင် ရန်ကုန်၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များအား တွေ့ဆုံ ခဲ့သည်။
ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေပိုင်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တွေ့ဆုံမှုအပြီး၌ ၀န်ကြီးက ၎င်း၏ ခရီးစဉ်အတွင်း အစိုးရပိုင်းမှ ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်ရခဲ့ပြီး ကဏ္ဍ ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်လည်း ဆွေးနွေး ပြောဆိုခဲ့သည်ဟုဆိုသည်။
"ဂျပန်အစိုးရအနေနဲ့ မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည်အစရှိတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ဝင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတာ၊ အမျိုးသားပြန်လည် သင့်မြတ်ရေးကို တိုးတက်အောင် လုပ်နေတာကို ကောင်းကောင်းအကဲဖြတ် တန်ဖိုးထားနေပါတယ်။ မြန်မာ အစိုးရရဲ့ အခုလို လုပ်ဆောင်နေမှုတွေကို ဂျပန် အစိုးရအနေနဲ့ တတ်နိုင်သမျှ ၀ိုင်းဝန်း လုပ်ဆောင်ပေးလိုတဲ့ ဆန္ဒရှိပါတယ်" ဟု ကိုးနှစ်တာကာလအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်သော ဂျပန် နိုင်ငံခြားရေးဝန်ကြီးဖြစ်သည့် မစ္စတာ ခိုအိချိရိုဂင်းဘက ပြောသည်။
ဘက်စုံအထွေထွေ ဖွံ့ဖြိုးရေးအတွက် ဆန်းစစ်လေ့လာမှုများ ပြုလုပ်ရန် ဂျပန် နိုင်ငံမှ ကူညီသွားမည်ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်က နေပြည်တော်၌ တွေ့ဆုံရာတွင် တောင်းဆိုသည့် သီလ၀ါဆိပ်ကမ်း အရေးကိစ္စတွင်လည်း ပါဝင်သုံးသပ်မှု ပြုလုပ်သွားမည်ဟု ၎င်းကပြောသည်။
"ဒါက သမ္မတဦးသိန်းစိန်က အထူး မျှော်လင့်ချက်ထား တောင်းဆိုတဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒီအကူအညီနဲ့ ပတ်သက်ပြီး အင်မတန် အရေးကြီးတယ်၊ မျှော်လင့် ချက်ထားတယ်လို့လည်း စကားဆိုပါတယ်"ဟု ၀န်ကြီးကပြောသည်။
နှစ်နိုင်ငံရင်းနှီးမြှပ်နှံမှုအတွက်လည်း သဘောတူညီချက်စာချုပ် ချုပ်ဆိုနိုင်ရန် စတင်ညှိနှိုင်းမှုများ ပြုလုပ်ဖို့ သဘောတူထားပြီးဖြစ်ပြီး စီးပွားရေးအရ ရင်းနှီး မြှပ်နှံရာတွင် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ လယ်ယာ စိုက်ပျိုးရေးစသည့် ကဏ္ဍ များတွင် အလေးထားလုပ်ဆောင်မည်ဟု ၎င်းက ဆိုခဲ့သည်။
ယဉ်ကျေးမှုကဏ္ဍအတွက် ပုဂံရှိ ရှေးဟောင်းစေတီပုထိုးများ ပြုပြင် ထိန်းသိမ်းစောင့်ရှောက်ရန် ပညာရှင်များကို ဖေဖော်ဝါရီလတွင် စေလွှတ်မည် ဟုလည်း ၎င်းကပြောသည်။
လာမည့် ၂၀၁၂ တွင် ဂျပန်နိုင်ငံတွင် ကျင်းပမည့် ဂျပန်-မဲခေါင် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် သမ္မတဦးသိန်းစိန်အား ဖိတ်ခေါ်ခဲ့ပြီးဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဂျပန်သို့ လာရောက်ရန်ဖိတ်ခေါ်ထားသည်ဟုလည်း ၎င်းက ပြောသည်။
အဆိုပါဖိတ်ကြားမှုအတွက် ကျေးဇူး တင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကဆိုပြီး ဂျပန်နိုင်ငံသို့ သွားရောက်ရန် ဆန္ဒရှိသည်ဟု လည်း ဆိုသည်။
"ဂျပန်နိုင်ငံကို ကျွန်မမရောက်တာ ကြာပါပြီ။ နောက်ထပ်ပြီး သွားချင်တဲ့ ဆန္ဒလည်း အများကြီးရှိပါတယ်။ ဂျပန် နိုင်ငံကို ဒီတစ်ခါ သွားဖြစ်ရင် နောင် မကြာမီမှာ ကျွန်မတို့နိုင်ငံလည်း ဒီလိုပဲ တိုးတက်နိုင်တယ်ဆိုတဲ့ အမြင်မျိုးနဲ့ သွားကြည့်ချင်တာ"ဟု ၎င်းက ပြောသည်။
ဂျပန်မှ အကူအညီများပေးရာတွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားများအားလုံးကို တန်းတူညီတူထားပြီး အကူအညီများပေးရန် တိုက်တွန်းခဲ့သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
"တိုင်းရင်းသားတွေကြားမှာ သွေးစည်းညီညွတ်မှုတွေရှိဖို့၊ လူသားချင်း စာနာမှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီတွေပေးတဲ့အခါမှာ တိုင်းရင်းသားဒေသတွေမှာလည်း တန်းတူညီတူပေးဖို့ လိုတယ်ဆိုတာလည်း ရှင်းပြခဲ့ပါတယ်"ဟု ၎င်းကပြောသည်။

 Ref : http://www.myanmar.mmtimes.com/


0 comments:

Post a Comment


Popular Posts