'
အမိမြေ

နိုင်ငံတကာ အသိုင်းအ၀ိုင်းတွင် ထိုက်တန် သော နေရာ ပြန်ရရေး အတွက် ဆောင်ရွက်မည်


စတုတ္ထအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်း အဝေး၌ ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ လာအိုဝန်ကြီးချုပ်၊ သမ္မတ ဦးသိန်းစိန်၊ထိုင်းဝန်ကြီးချုပ်၊ ဗီယက်နမ်ဝန်ကြီးချုပ်နှင့် တရုတ် နိုင်ငံတော်ကောင်စီဝင် တို့ကို တွေ့ရစဉ်။
နိုင်ငံတကာအသိုင်းအ၀ိုင်းတွင် ထိုက်တန်သောနေရာကို ပြန်လည် ရရှိ ရန်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၀ ရက်၊ နေပြည်တော် MICC ၌ ကျင်းပခဲ့သည့် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံဆောင်ရွက်ခဲ့သောစတုတ္ထအကြိမ် GMS ထိပ်သီးအစည်းအဝေး အဖွင့်မိန့်ခွန်းတွင် သမ္မတကြီးက ထည့်သွင်းပြောကြားခဲ့သည်။
"အစိုးရသစ်ဟာ မြန်မာနိုင်ငံအား ငြိမ်းချမ်း၍ ခေတ်မီဖွံ့ဖြိုးတိုးတက် သော ဒီမိုကရေစီနိုင်ငံဖြစ်ရန် ကြိုးပမ်းနေပါတယ်။ ကဏ္ဍအသီးသီးမှာ ဒီမိုကရေစီ ကျင့်စဉ်ပေါ်ထွန်းရေး၊ စီးပွားဖွံ့ဖြိုး တိုးတက်ရေးနဲ့ ပြည်သူတို့ရဲ့စားဝတ်နေရေး ပိုမိုကောင်းမွန်လာစေရေးတို့ အတွက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ အစိုးရရဲ့ ဆောင်ရွက်ချက်တွေဟာ ခိုင်မာပြီး ရှင်းလင်းထင်ရှားစွာ မြင်တွေ့နိုင်ပါ တယ်။ "မိမိတို့အနေနဲ့ မိတ်ဆွေနိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့ကြီး၊ နိုင်ငံတကာနဲ့ ဒေသအဖွဲ့အစည်းများ အပါအ၀င် နိုင်ငံတကာ အသိုက်အ၀န်းနဲ့ လက်တွဲလုပ်ဆောင်ဖို့ အသင့်ရှိပါတယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းအတွင်း မြန်မာနိုင်ငံက ထိုက်တန်သောနေရာကို ပြန်လည်ရရှိရေးနဲ့ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတကာနဲ့ လက်တွဲဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ စတုတ္ထအကြိမ် မဟာမဲခေါင် ဒေသခွဲနိုင်ငံများ ထိပ်သီးအစည်းအ၀းသို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo Hun Sen ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် Mr. Dai Bingguo ၊ လာအို ပြည်သူ့ဒီမိုကရက် တစ်သမ္မတနိုင်ငံ ၀န်ကြီးချုပ် Mr. Thongsing Tham-mavong ၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် Ms. Yin Luck Shinawatra၊ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ၀န်ကြီးချုပ် Mr. Nguyen Tan Dung နှင့် ကိုယ်စား လှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ထို့အတူ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)မှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြောင်း တွေ့ရသည်။
"လက်ရှိဖြစ်ပေါ်နေတဲ့ကိစ္စရပ်များနဲ့ အကြောင်းအရာများဟာ မိမိတို့ဒေသခွဲ ရဲ့ ဆက်လက်ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်သော အန္တရာယ်များဖြစ်စေနိုင်သည့် အလားအလာများ ဖြစ်ပေါ်နိုင်ပါတယ်။ အဆိုပါကိစ္စရပ်များမှာ ရာသီဥတု ပြောင်းလဲခြင်း၊ စွမ်းအင် ဖူလုံရေးနဲ့ စားနပ်ရိက္ခာလုံခြုံမှု၊ သဘာဝအရင်း အမြစ်များ ဆက်လက်ရှင်သန်နိုင်မှု၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် လူသား ရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ ပါဝင်ပါတယ်။ ပေါ်ပေါက်လာသော စိန်ခေါ်မှု နှင့် အသစ်အသစ်သော စိန်ခေါ်မှုများအရ မိမိတို့ဒေသဖွံ့ဖြိုး တိုးတက်မှု လမ်းကြောင်းပေါ်ရောက်ရန်တွက် ဂျီအမ်အက်စ် (GMS) အစီအစဉ်သည် ကောင်းမွန်သော လမ်းညွှန်မှုပေးရန် လိုအပ် လျက်ရှိပါတယ်"ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
၂၀၁၂ အလွန် မဲခေါင်ဒေသခွဲ ဖွံ့ဖြိုး တိုးတက်မှု မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး ဆယ်စုနှစ်သစ်ဆီသို့' (Beyond 2012: Towards a new Decade of GMS Strategic Development Partnership) ခေါင်းစဉ်ဖြင့် အိမ်ရှင် မြန်မာနိုင်ငံက လက်ခံကျင်းပ ခဲ့သော အဆိုပါ 4th GMS ထိပ်သီးအစည်းဝေးက ဂျီအမ်အက်စ် ပူးပေါင်းဆောင်ရွက်မှုအတွက် ကတိက၀တ်များအား နေပြည်တော် ကြေညာချက်ဖြင့် အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါကြေညာချက်အရ မဟာ မဲခေါင်ဒေသခွဲနိုင်ငံများအကြား အရေးပါသည့် သဘောတူညီချက်သုံးခုကို လက်မှတ်ရေးထိုးခဲ့ကြရာ ဆက်သွယ် ရေးကဏ္ဍတွင် ဂျီအမ်အက်စ်နိုင်ငံများ အကြား သတင်းအချက်အလက် အမြန် ဆက်ကြောင်း တည်ဆောက်နိုင်မှုနှင့် အသုံးချမှုအရှိန် တိုးမြှင့်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာ နားလည်မှု စာလွှာ၊ မဲခေါင်ဒေသခွဲ လူ့ စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးတွင် လူဦးရေရွှေ့ပြောင်းသွားလာမှုကြောင့် အိပ်ခ်ျအိုင်ဗီကူးစက်နိုင်မှု လျှော့ချရေးတွင် ပူးတွဲလုပ်ဆောင်ရန် နားလည်မှုစာလွှာ၊ ၂၀၁၂ မှ ၂၀၁၆ အထိ ဆောင်ရွက်မည့် မဲခေါင်ဒေသခွဲအတွင်း ပင်မပတ်ဝန်းကျင် ထိန်းသိမ်းရေးအစီအစဉ်နှင့် ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်း စောင့်ရှောက်ရေးစင်္ကြံ ဆောင်ရွက်မှု အဆင့်(၂)ကိုလည်းကောင်း၊ လယ်ယာ စိုက်ပျိုးရေးနှင့် ပတ်သက်၍ ၂၀၁၁ မှ ၂၀၁၅ အထိ ဆောင်ရွက်မည့် ပင်မ လယ်ယာစိုက်ပျိုးရေးထောက်ပံ့မှုအစီ အစဉ်တွင် အဆင့်(၂)ကိုလည်းကောင်း၊ ခရီးသွားများလုပ်ငန်းကဏ္ဍတွင် မဟာဗျူဟာကို ပြန်လည်စူးစိုက်ဆောင်ရွက် ရေးနှင့် လမ်းပြမြေပုံ(၂၀၁၁-၂၀၁၅) တို့ကိုလည်း ကောင်း အတည်ပြုနိုင်ခဲ့ကြောင်း သမ္မတက မီဒီယာနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
"မဲခေါင်ဒေသခွဲ နိုင်ငံများ အချင်းချင်းအပြန်အလှန်နားလည်မှု၊ ချစ်ကြည်လေးစားမှုတို့ဖြင့် ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် မဲခေါင် ဒေသခွဲ၏ ရှေ့ အနာဂတ်မျှော်မှန်းချက်များကို ပိုမို ရှင်သန်ခိုင်မာလာပြီး မျိုးဆက်သစ်များ အတွက်လည်း ယုံကြည်စိတ်ချရသည့် အခြေခံကောင်းများ ရရှိနိုင်တဲ့အပြင် ဒေသခွဲရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှု ရရှိခြင်းအားဖြင့် သဘာဝဘေး အန္တရာယ်များကို ရင်ဆိုင်ခုခံနိုင်မှာဖြစ်ပါတယ်။ စားနပ်ရိက္ခာနဲ့ စွမ်းအင်အကျပ် အတည်းများ အပါအ၀င် စိန်ခေါ်မှုများ ကို ကြံ့ကြံ့ခံနိုင်မယ်လို့ ယုံကြည် ပါတယ်။ သို့မှသာ အနာဂတ်အတွက် ချမှတ်တဲ့ မဟာဗျူဟာပူးပေါင်း ဆောင်ရွက်မှုသည် မဲခေါင်ဒေသခွဲကို စီးပွားဖွံ့ဖြိုးတိုးတက်မှု ရေရှည်တည်တံ့သည့် ဒေသခွဲမှသည် ချမ်းသာကြွယ်ဝသည့် ဒေသခွဲဖြစ်စေနိုင်မှာဖြစ်ပါတယ်" ဟုလည်း သမ္မတကြီးက ဖြည့်စွက်ပြော ကြားခဲ့သည်။
မဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု အစီအစဉ် ထိပ်သီးအစည်းအဝေးများကို သုံးနှစ်လျှင် တစ်ကြိမ် အဖွဲ့ဝင်နိုင်ငံများ အကြား နိုင်ငံအက္ခရာ စဉ်အလိုက် ကျင်းပခဲ့ရာ ပထမအကြိမ် ထိပ်သီးအစည်းအဝေးကို ၂၀၀၂ ခုနှစ် တွင် ကမ္ဘောဒီးယားနိုင်ငံက လည်းကောင်း၊ ဒုတိယအကြိမ်ကို ၂၀၀၅ ခုနှစ် တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံက လည်းကောင်း၊ တတိယအကြိမ်ကို ၂၀၀၈ ခုနှစ် တွင် လာအိုနိုင်ငံကလည်းကောင်း၊ ယခုစတုတ္ထအကြိမ်ကို မြန်မာ နိုင်ငံကလည်းကောင်း အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခဲ့ကြသည်။
မြန်မာနိုင်ငံအနေဖြင့် မဲခေါင်ဒေသခွဲ အတွင်း လူနှင့် ကုန်စည်များ နယ်စပ် ဖြတ်ကျော် သယ်ယူပို့ဆောင်မှု လွယ်ကူ ချောမွေ့စေရေး သဘောတူစာချုပ်နှင့် ၎င်းနောက်ဆက်တွဲနှင့် အခြေပြစာချုပ် ငယ် ၂၀ ကို ဂျီအမ်အက်စ် ခြောက်နိုင်ငံများအကြား လက်မှတ်ရေး ထိုးခဲ့ပြီး ယခု အကောက်ခွန်နှင့် သက်ဆိုင်သည့် နောက်ဆက်တွဲ စာချုပ်ငယ်ခြောက်ခုကို မြန်မာနိုင်ငံက လက်ခံကျင့်သုံးကြောင်း တရားဝင်စာလွှာကို ဂျီအမ်အက်စ်နိုင်ငံများသို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့နှင့် ပေးပို့နိုင်ခဲ့ကြောင်း သမ္မတ၏ မီဒီယာသို့ ပြောကြား ချက်အရ သိရှိရသည်။ 

 Ref : http://www.myanmar.mmtimes.com/


0 comments:

Post a Comment


Popular Posts