'
အမိမြေ

နိုင်ဂျီးရီးယားတွင် ခရစ်စမတ်စ်နေ့ ဗုံးဖေါက်ခွဲမှုများတွင် လူနှစ်ဒါဇင်ခန့်သေဆုံးခြင်း


ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါး လုံခြုံရေးတပ်ဖွဲ့ဝင်များအား ကားဗုံးပေါက်သော နေရာအားပြသနေစဉ်။
အစ္စလာမ် စစ်သွေးကြွများ ခရစ်စမတ်စ်နေ့တွင် နိုင်ဂျီးရီးယား နိုင်ငံအတွင်း လူအနည်းဆုံး ၂၇ ယောက် သေဆုံးခဲ့သော ကျောင်းတစ်ကျောင်း အပါအဝင် ခရစ်ယာန်ဘုရားရှိခိုးကျောင်း သုံးကျောင်းအား ဗုံးခွဲတိုက်ခိုက်သည်။ ထိုသူတို့သည် ဘာသာစွဲ၊ အုပ်စုစွဲများ အချင်းချင်း တိုက်ခိုက်သော ပြည်တွင်းစစ် ဖြစ်ပေါ်လာရန် ကြိုးစားနေကြသည်ဟူသော စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်လာစေသည်။
ဘိုကိုဟာရမ် အစ္စလာမ် ဘာသာရေးဂိုဏ်း (Boko Haram Islamist sect) မှ မိမိတို့၏ လက်ချက်ဖြစ်ကြောင်း အတည်ပြုပြောကြားသည်။ ထိုအဖွဲ့မှာ နိုင်ဂျီးရီးယားနိုင်ငံတွင် အစ္စလာမ်ဘာသာရေးအပေါ် မူတည်သော ဥပဒေ (sharia law) အား ပြဋ္ဌာန်းလိုကြသည်။
စိန့်ထရီဆာ ရိုမန်ကတ်သလစ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းရှေ့ ကားဗုံးပေါက်ကွဲရာသို့ လူများ စုရုံးရောက်လာစဉ်။
နိုင်ဂျီးရီးယားနိုင်ငံ၏ အလယ်တွင်ရှိသော မြို့တော် အဘူဂျာ (Abuja)မှ ကီလိုမီတာ ၄၀ (၂၅ မိုင်) အကွာတွင်ရှိသော မာဒါလာ (Madala) မြို့ရှိ စိန့်ထရီဆာ ရိုမန်ကတ်သလစ် ခရစ်ယာန်ဘုရားရှိခိုးကျောင်း အပြင်နားတွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့သည်။ ဗုံးပေါက်ကွဲချိန်တွင် ကျောင်းအတွင်းတွင် လူအပြည့်ရှိနေသည်။

စိန့်ထရီဆာ ရိုမန်ကတ်သလစ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းရှေ့ ကားဗုံးပေါက်ကွဲရာမှ အခြားကားများသို့ ကူးစက်ပြီး မီးလောင်ကျွမ်းနေစဉ်။
နောက်ထပ် နာရီအနည်းငယ်အကြာတွင် လူမျိုးကွဲ၊ ဘာသာကွဲများ စုပေါင်းနေထိုင်ကြသော နိုင်ငံအလယ်ပိုင်းရှိ ဂျော့စ် (Jos) မြို့၏ ခရစ်ယာန် ဘုရားရှိခိုးကျောင်း Mountain of Fire and Miracles Church တွင် ဗုံးပေါက်ကွဲကြောင်း သတင်းရရှိသည်။ နိုင်ငံ မြောက်ပိုင်း ရိုဘီပြည်နယ် (Yobe state) ရှိ ဂါဒါကာ (Gadaka) မြို့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ကျောင်းတွင် ဗုံးပေါက်ကွဲရာ ဒဏ်ရာရသူများရှိသည်ဟု သတင်းရသော်လည်း နောက်ထပ် အသေးစိတ်များကိုမူ မသိရသေးပါ။
မြို့တော် အဘူဂျာ (Abuja) နှင့် နီးသော ခရစ်ယာန်ဘုရားကျောင်းမှ လက်ထောက် ကျောင်းထိုင်ဘုန်းတော်ကြီးက ပြောကြားရာတွင် အလောင်းများအား လာရောက်သိမ်းဆည်းသော တာဝန်ခံများက လက်ရှိတွင် လူသေအလောင်း ၂၇ လောင်း တွေ့ရှိရသည်ဟု ပြောသည်။
နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် ပြောဆိုသုံးစွဲသော ဟော်စာ ဘာသာစကား (Hausa language) တွင် ဘိုကိုဟာရမ် (Boko Haram) ၏ အဓိပ္ပါယ်မှာ “အနောက်ဘက်မှ ပညာရေးသည် အပြစ်၊ အကုသိုလ် ဖြစ်သည်” (Western education is sinful) ဖြစ်သည်။
ခရစ်ယာန်ဘာသာဝင် နှင့် မူဆလင်ဘာသာဝင် အရေအတွက် ညီတူမျှတူ ရှိပြီး များသောအားဖြင့် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်လာခဲ့သော လူဦးရေ သန်း ၁၆၀ ရှိသော နိုင်ဂျီးရီးယား နိုင်ငံတွင် ဘိုကိုဟာရမ် (Boko Haram) သည် အကြီးဆုံး လုံခြုံရေး ခြိမ်းခြောက်မှုအဖြစ် ပေါ်ထွက်လျက်ရှိနေသည်။

Ref : မြန်မာသတင်းရပ်ဝန်း

0 comments:

Post a Comment


Popular Posts