'
အမိမြေ

ကျပ်ငါးထောင်တန်ဖုန်း ရောင်းချမည့် အစီအစဉ် သတင်းစာ ရှင်းလင်းပွဲ

ရွှေပြည်တံခွန် ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးလွင်နိုင်ဦးက မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းဘက်မှ တက်ရောက် လာသည့် တာဝန်ရှိသူများကို ၄င်း၏ ငါးထောင်တန် ဖုန်းစီမံကိန်းနှင့် ပတ်သတ်ပြီး power point တင်ပြချက်ဖြင့်ရှင်းလင်းစဉ်။ 

 ရွှေပြည်တံခွန်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တာဝန်ရှိသူက ကျပ်ငါးထောင်ဖြင့်ရောင်းချမည်ဆိုသော ထိုစီမံကိန်း၏ နည်းပညာပိုင်းဆိုင်ရာအစီအမံ(Technical Plan)များကို မေးမြန်းခဲ့ရာ ဦးလွင်နိုင်ဦးက ၄င်းမှာ စီးပွားရေးအစီအမံများ(Business Plan) ကိုသာ သိရှိပြီး ထိုမေးခွန်းနှင့်ပတ်သက်၍ မဖြေနိုင်ကြောင်း ပြောကြားခဲ့သည်။ ၄င်းက ယနေ့ ဆက်သွယ်ရေးတာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် စီးပွားရေးအစီအမံများကိုသာ ပြောကြားခဲ့သော်လည်း ထိုစီမံကိန်းအတွက် အခြေခံအဆောက်အအုံများ တည်ဆောက်မည့်အစီအစဉ်များနှင့်ပတ်သက်၍မူ ပြောပြနိုင်ခဲ့ခြင်းမရှိပေ။



ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားပြီး ကျပ်ငါးထောင်ဖြင့် မိုဘိုင်းဆင်းမ်ကဒ်များကို ရောင်းချပေးမည်ဆိုသည့် အစီအစဉ်သည် ယခုလက်ရှိ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးနည်းပညာဥပဒေများအရဆောင်ရွက်နိုင်ဦးမည်မဟုတ်ကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူး
ရုံးမှ ဦးဆောင်ညွှန်ကြားရးမှူးက ပြည်တွင်းမီဒီယာများသို့ တရားဝင်ပြောကြားလိုက်သည်။

ယနေ့နံနက် ၉ နာရီဝန်းကျင်တွင် ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်၊ ဆက်သွယ်ရေးသင်တန်းကျောင်းအတွင်း ပြုလုပ်ခဲ့သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဌာနအသီးသီးမှ အဓိကတာဝန်ရှိသူများနှင့် အဆိုပါ ပုဂ္ဂလိကုမ္ပဏီဖြစ်သည့် ရွှေပြည်တံခွန်ကုမ္ပဏီတို့၏ နှစ်ဖက်တွေ့ဆုံရှင်းလင်းပွဲတွင် တက်ရောက်လာသည့် မီဒီယာများသို့ပြောကြားခဲ့ကြခြင်းဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူတစ်ဦးက "ဆက်သွယ်ရေးအနေနဲ့ ဘယ်လိုပုဂ္ဂလိက ကဏ္ဍရဲ့ ဆောင်ရွက်ချက်မျိုးကိုမဆို လက်ခံပါတယ်။ ဒီစီမံကိန်းကို ခွင့်မပြုတာမဟုတ်ပါဘူး။ တည်ဆဲဥပဒေတွေနဲ့မကိုက်ညီတာတွေ ရှိနေတာကြောင့် လောလောဆယ်အနေထားမှာ လုပ်ငန်းဆောင်ရွက်ခွင့် မရနိုင်သေးတာပါ"ဟု ပြောကြားသည်။

ယင်းတွေ့ဆုံရှင်းလင်းပွဲမှာ ရွှေပြည်တံခွန်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဘက်မှ တက်ရောက်လာသည့် တာဝန်ရှိသူများကို ၄င်း၏ ငါးထောင်တန်ဖုန်းစီမံကိန်းနှင့်ပတ်သတ်ပြီး power point တင်ပြချက်ဖြင့်ရှင်းလင်းခဲ့သည်။
သို့သော် ၄င်း၏ ရှင်းလင်းတင်ပြချက်အပြီးတွင် ဆက်သွယ်ရေးဘက်မှ တာဝန်ရှိသူများ မေးမြန်းလာသည့် နည်းပညာပိုင်းဆိုင်ရာ စီမံကိန်းများနှင့် ဆောင်ရွက်ရမည့် အခြေအနေများကိုမူ ထိုကုမ္ပဏီ၏ တာဝန်ရှိသူက ပြန်လည်ရှင်းလင်းပြောဆိုနိုင်ခြင်းမရှိသည်ကို တွေ့ရသည်။

ထိုကုမ္ပဏီက နိုင်ငံတော်သမ္မတရုံးသို့ ၎င်းစီမံကိန်းကို တင်ပြထားပြီးနောက် ဇန်န၀ါရီလ၂၅ ရက်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့လည်း အဆိုပြုလွှာ တင်သွင်းထားသည်။ သို့သော် မြန်မာ့ဆက်သွယ်ရေးသို့ တင်ပြထားသည့် အဆိုပြုလွှာတွင်မူ ကျပ် ၅၀၀၀ ဖြင့်ရောင်းချပေးမည်ဟူသည့် အဆိုပြုလွှာမပါရှိဘဲ ၎င်းတို့ကုမ္ပဏီကို ဆက်သွယ်ရေးနှင့် Second Mobile Operator အဖြစ် ငါးနှစ်သက်တမ်းလုပ်ကိုင်ဆောင်ရွက်ခွင့်ပေးရန်ကိုသာ တောင်းဆိုထားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အထွေထွေမန်နေဂျာဖြစ်သည့် တာဝန်ရှိသူက ''လက်ရှိ ရွှေပြည်တံခွန်ရဲ့ စီမံကိန်းကာလဟာ အရမ်းကိုအချိန်နည်း ပါးလွန်းပါတယ်။ တကယ်တမ်း ဆက်သွယ်ရေးစီမံကိန်းတစ်ခုအတွက် အဆင့်တစ်ခုချင်းစီအလိုက်ကို တာဝန်ယူရလုပ်ဆောင်ရတဲ့ အချိန်ဟာ မနည်းလှပါဘူး။ ဒါကြောင့်မို့ လက်တွေ့မှာ လေးငါးခြောက်လတည်းနဲ့ မိုဘိုင်းဖုန်းသန်းဂဏန်းအရေအတွက်ကို ထုတ်ပေးနိုင်တယ်ဆိုတာဟာ စဉ်းစားစရာပါ" ဟု သုံးသပ်ပြောကြားခဲ့သည်။
ခွင့်ပြုချက်ကျလာသည်နှင့် အချိန်သုံးလမှ ခြောက်လအတွင်း မိုဘိုင်းဆင်းမ်ကဒ် တစ်သန်းကို ထုတ်လုပ်မည်ဟုဆိုသည့် အထက်ပါကုမ္ပဏီက ထုတ်လုပ်မည့် မိုဘိုင်းဖုန်းစနစ်မှာ ၄င်းတို့ထုတ်လုပ်သည့် မိုဘိုင်းဖုန်းနက်ဝါ့ခ်အချင်းချင်းသာ ပြောဆိုနိုင်သည့် (ဆက်သွယ်ရေးလုပ်ငန်းမှ ရောင်းချထားသည့် မည်သည့်ဖုန်း ကိုမျှ ဆက်သွယ်နိုင်ခြင်းမရှိသည့်စနစ်) တစ်ခုဖြစ်နေခြင်းဖြစ်ကြောင်းလည်းသိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ရွှေပြည်တံခွန် ကုမ္ပဏီ၏ ရည်ရွယ်ချက်သည် ၄င်းတို့လုပ်ငန်း၏ ရည်ရွယ်ချက်နှင့်တူညီပါကြောင်းကိုလည်း အထက်ပါလုပ်ငန်း၏ တာဝန်ရှိသူများက ပြောဆိုကြသည်။ သို့သော် မတူညီသည့် အချက်များရှိနေသေးသဖြင့် ထိုမတူညီသည့်အချက်အလက်များကို ညှိနှိုင်းကာ ပူးပေါင်းဆောင်ရွက်မှုများဖြစ်လာနိုင်ကြောင်းကိုလည်း ဆက်လက်ပြောကြားကြသည်။

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနအနေဖြင့် လက်ရှိတွင် ဆက်သွယ်ရေးဥပဒေမူကြမ်းကို နိုင်ငံတော်ရှေ့နေချုပ်ရုံးအဆင့်သို့ တင်ပြထားပြီဖြစ်ပြီး အဆိုပါဥပဒေထွက်ပေါ်လာပါက ပြည်တွင်း၏ ဆက်သွယ်ရေးလုပ်ငန်းရပ်များတွင် Second Operator ဖြစ်သည့် ပုဂ္ဂလိက ကုမ္ပဏီလေးခုခန့်ကို ဆောင်ရွက်ခွင့်များပေးသွားရန်ရှိကြောင်း အထက်ပါရှင်းလင်းပွဲမှသိရသည်။လက်ရှိတွင် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားသည့် ဆက်သွယ်ရေးလုပ်ငန်းဆိုင်ရာ အဆိုပြုလွှာများမှာရွှပြည်တံခွန်ကုမ္ပဏီတစ်ခုတည်းမဟုတ်ပဲ ရာဂဏန်းနှင့်ချီပြီးရှိနေသည်ဟုသိရသည်။

ထိုအရေအတွက်များတွင် ပြည်ပနိုင်ငံများမှ လာရောက်ရင်းနှီးမြှပ်နှံလုပ်ကိုင်လိုသည့် ကုမ္ပဏီများ၏ အဆိုပြုလွှာများမှာ ပြည်တွင်းထက် ပိုမိုများပြားကြောင်း အထက်ပါဦးဆောင်ညွန်ကြားရေးမှူကပြောသည်။ယခုလက်ရှိ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် မိုဘိုင်းဖုန်းအသုံးပြုခများမှာ အခြားနိုင်ငံများထက်ဈေးကြီးနေရခြင်းမှာ အခြေခံအဆောက်အဦများကို ရင်းနှီးတည်ဆောက်ရမှု၊ နိုင်ငံတော်မှချပေးသည့် ဘတ်ဂျတ်ကို ရေရှည်အသုံးပြုခွင့်မရပဲ သတ်မှတ်နှစ်များအတွင်း အမြတ်ငွေအဖြစ် ပေးဆောင်နေရခြင်းများကြောင့်ဖြစ်ကြောင်း အထက်ပါတွေ့ဆုံရှင်းလင်းပွဲသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများကပြောသည်။သို့သော် အစိုးရအနေဖြင့် ပြည်တွင်း၏ မိုဘိုင်းဖုန်းအသုံးပြုခများကို တဖြည်းဖြည်းချင်း တစ်ဆင့်ဆင့်ချင်း လျော့ကျသက်သာအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟု တာဝန်ရှိသူများကဆိုသည်။


7 Days News Journal မှကူးယူဖော်ပြသည်  ..

0 comments:

Post a Comment


Popular Posts