'
အမိမြေ

အစိုးရစစ်တပ် လိုင်ဇာကိုတကယ်သိမ်း/မသိမ်း သဘောထားအမြင်


ဦးလဇိန်ဘောက်နော် ။ မြစ်ကြီးနား ဇန်န၀ါရီ ၈ ။ ၂၀၁၂
(စာဖတ်သူတွေ ပေးတဲ့စာ ကဏ္ဍ)
အင်တာနက်ပေါ်မှာ ပျံနှံ့နေတဲ့ သတင်းတွေနဲ့ပက်သက်လို့ လိုင်ဇာမြို့ကို အစိုးရတပ်တွေကသိမ်းပိုက်မယ် ဆိုတာ မှန်ကန်မှုမရှိတဲ့အကြောင်းကို နေပြည်တော်နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းကနေ သိရှိရပါတယ်။ အမည်မဖော်လိုတဲ့သူတစ်ယောက်ကတော့
 “အစိုးရက အခုလို ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့အချိန်မှာ အစိုးရတပ်တွေ အနေနဲ့ လိုင်ဇာမြို့ ကိုသိမ်းမယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့သတင်းပါ။ ကချင်ပြည်နယ်ကြီးငြိမ်းချမ်းမှာကို မလိုလားတဲ့ သူတွေက သွေးထိုးလှုံဆော်မှုတွေလဲဖြစ်နိုင်တယ်။ KIA နဲ့ အစိုးရတပ်တွေရဲ့ ငြိမ်းချမ်းစွာလက်တွဲ နေထိုင်ချင်တဲ့ ညီနောင်စိတ်ဓာတ်တွေကို သွေးထိုးတာလဲ ဖြစ်ချင်ဖြစ်လိမ့်မယ်။ ဒါပေမယ့် သေချာတာ တစ်ခုကတော့ သမ္မတကြီးကိုယ်တိုင်က တိုင်းရင်းသား စည်းလုံးညီညွတ်မှုရဖို့အတွက် လက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့ ငြိမ်းချမ်းရေးရဖို့ လိုလိုလားလား တွေ့ဆုံဆွေးနွေးမှုတွေလုပ်နေဆိုတာပါပဲ။ဒါကို အဖျက်အမှောင့်လုပ်လိုတဲ့ သူတွေအနေနဲ့ စစ်ရေးအရ တည်ငြိမ်မှုမရှိအောင် လုပ်နေတာလို့ပဲမြင်မိတယ်။  အစိုးရတပ်တွေအနေနဲ့ အခုလို တိုက်မယ်ဆိုတာ ကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး” လို့ပြောပါတယ်။                           
“စစ်ပွဲတွေဖြစ်နေတဲ့ ကျွန်တော်တို့နယ်မြေမှာ အစိုးရတပ်တွေရဲ့ တိုက်ခိုက်မှုတွေက  KIA ကပိုင်ဆိုင်ထားတဲ့ စခန်းတွေအားလုံးကို တိုက်ခိုက်တာမျိုးမဟုတ်ဘဲနဲ့ ဗန်းမော်-မြစ်ကြီးနား- မံစီ ဆက်သွယ် ရေး လမ်းကြောင်းပေါ်မှာရှိတဲ့ KIA အဖွဲ့ငယ်ကိုဘဲ တိုက်ခိုက်နေတာပါ။ အဲ့ဒီတိုက်ခိုက်တဲ့ နယ်မြေတွေကလည်း KIA နယ်မြေတွေမဟုတ်ပါဘူး။ ယခင် အပစ်အခတ်ရပ်စဲထားတုန်းကKIA အဖွဲ့တွေလာမယ်ဆိုရင် ခွင့်ပြုချက်တောင်းခံပြီးမှလာရတဲ့ နယ်မြေတွေသာဖြစ်ပါတယ်။ ဒီလမ်းကြောင်းတွေ အပေါ်မှာ KIA ကခြေကုတ်စခန်းတွေလုပ်ထားတဲ့ အတွက်ကြောင့် ဆက်သွယ်ရေးလမ်းကြောင်း ကောင်းမွန် စေဖို့နဲ့ သွားလာမှုလွယ်ကူစေဖို့ အတွက် အဲ့ဒီလမ်းကြောင်း ဘေး၊ဘယ်၊ညာမှာရှိတဲ့ စခန်းတွေကိုဘဲ တိုက်ခိုက်တဲ့ သဘောပါ။ လမ်းကြောင်းပေါ်က စခန်းတွေကိုတော့ ဆက်ပြီးတိုက်ခိုက်နိုင်တယ်” လို့ နေပြည်တော်လွှတ်တော် အစည်းအဝေးကပြန်လာတဲ့ ကချင်လူမျိုးစု လွှတ်တော်အမတ် တစ်ဦးကပြောပါတယ်။
နောက်ထပ်အင်တာနက် သတင်းတစ်ပုဒ်အရ KIA ကိုအစိုးရစစ်တပ်က စစ်တိုက်ရတဲ့ အကြောင်းအရင်းတွေကတော K.I.Aသည် ဘိန်းကဲ့သို့ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးနေခြင်း၊ နိုင်ငံတကာမှ အထူးအာရုံစိုက်နေသည့် လူ့အခွင့်ရေးချိုးဖေါက်နေခြင်း၊ မြစ်ကြီးနားမြို့နဲ့ အခြားမြို့များတွေမှာ အပြစ်မဲ့ပြည်သူ များ သေကြေပျက်စီးနေခြင်း၊ကလေးစစ်သားများ K.I.A အတွင်းရှိနေခြင်း၊ မိုင်းထောင်ခြင်း၊ လမ်း၊ တံတားများ ဖေါက်ခွဲဖျက်ဆီးခြင်း၊ ဒါ့အပြင် K.I.A ခေါင်းဆောင် တချို့ရဲ့ personal အားနည်းချက်များကို black mail လုပ်ထားခြင်းတို့ကို ဖော်ပြထားပြန်ပါတယ်။
တကယ်တော့ အင်တာနက်သတင်းဆိုတာ အတည်ပြုဖို့အတွက် ခက်ခဲလှပါတယ်။ ဒါကြောင့်မို့ အစိုးရတပ်ကလိုင်ဇာကို တိုက်ခိုက်သိမ်းပိုက်မယ်ဆိုတာ တကယ်ဖြစ်နိုင် ချေရှိပေမယ့် လက်ရှိနိုင်ငံရေး၊ စစ်ရေးနဲ့ နိုင်ငံတကာအခြေအနေတွေအရ  လတ်တလော မဖြစ်နိုင်ပါဘူး။ သမ္မတကြီးကိုယ်တိုင် ကမ္ဘာသိကြေငြာထားတဲ့ အမိန့်တွေကို ကျော်လွန်ပြီး စစ်တပ်က လိုင်ဇာမြို့ကို ချီတက်စစ်ဆင် တိုက်ခိုက်မယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ဒါပေမယ့် စစ်သွေးကြွနေတဲ့ KIA စစ်သည်တစ်ချို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် အစိုးရတပ် တွေအနေနဲ့ မလွှဲမရှောင်သာ ခုခံရင်း ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အသက်သွေးချွေး ရင်းနှီးမြှပ်နှံပြီး မိသားစုတစ်ကွဲတစ်ပြားနဲ့ နေရာအနှံ့အပြားမှာ လုပ်ကိုင်ဆောင်ရွက် နေတာကို မြင်တွေ့နေ ရပါတယ်။
အခုလို နယ်မြေဒေသအေးချမ်းမှုတွေ ပျောက်ကွယ်နေတဲ့အချိန်မှာ ပြည်သူလူထုဆီက အကျိုးအမြတ် အတွက် ၊ အစိုးရတပ်တွေနဲ့ ကေအိုင်အေ ကို ရန်တိုက်ပေးပြီး နယ်မြေဒေသအေးချမ်းသာယာမှု တွေကိုဖျက်စီး နေတဲ့ ပြည်ပအဖွဲ့အစည်းတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကို ယုံစားနေမယ်ဆိုရင်တော့ ဘယ်တော့မှ ကချင်ပြည်နယ် ကြီးငြိမ်းချမ်းမယ်ဆိုတာ ပြောနိုင်မှာမဟုတ်ပါဘူး။
ကချင်ပြည်နယ်ကြီးငြိမ်းချမ်းဖို့အတွက်  အစိုးရနဲ့ KIO တို့ စေ့စပ်ညှိနှိုင်းဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကိစ္စရပ်တွေကို အစိုးရတပ်တွေရော ကေအိုင်အေရော လိုက်နာမှသာလျှင် ကချင်ပြည်နယ်ရဲ့ သဘာဝ ပကတိအလှတရားတွေကို မြင်တွေ့ရမှာပါ။ ဒါကြောင့်  ငြိမ်းချမ်းစွာ အတူလက်တွဲနေထိုင်ဖို့ ဘေးစကားတွေကို နားမယောင်ဘဲ စစ်ပွဲတွေအဆုံးသတ်ဖို့ ၊ညီညွတ်စွာ လက်တွဲပြီး ကချင်ပြည်နယ်တိုးတက်ရေး လက်တွဲလုပ်ဆောင်ကြဖို့ နှစ်ဖက်စလုံးကို အကြံပြုပါရစေ။

Ref : http://moemaka.com/

0 comments:

Post a Comment


Popular Posts