'
အမိမြေ

အလျင်အမြန်ပြောင်းလဲရန် လိုအပ်သည့်ဥပဒေများရှိပါက ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်သို့ တင်ပြနိုင်

စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်သူများအနေဖြင့် အလျင်အမြန် ပြောင်းလဲရန် လိုအပ်သည့်ဥပဒေများရှိပါက ပြည်သူ့လွှတ်တော်မှ ဖွဲ့စည်းပေးထားသည့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်သို့ တင်ပြနိုင်ပြီး ပြင်ပတွင် အမှန်တကယ်ဖြစ်ပျက်နေ သည့် အနေအထားများနှင့်ပတ်သက်၍လည်း လာရောက်ဆွေးနွေးပါက ကော်မရှင်က ကြားနာပေးနိုင်ကြောင်း အဆိုပါကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးဌေးမြင့်က ပြောကြားခဲ့သည်။

'ဒီကနေ့ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဥပဒေပေါင်း ၄၀၁ ခုရှိတဲ့ဟာကို လေ့လာသုံးသပ်နေပါတယ်။ ပြင်သင့်တာပြင်မယ်။ အသစ်ရေးသင့်တာ အသစ်ရေးမယ်။ ဖြည့်စွက်သင့်တာ ဖြည့်စွက်ဖို့ ဆောင်ရွက်နေ ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်များ ပြည်သူများက အလျင်အ မြန်ပြောင်းလဲဖို့ လိုအပ်တဲ့ဥပဒေများရှိပါက ကော်မရှင်ကိုအသိပေးပြီး ဆောင်ရွက်နိုင်မယ်ဆိုရင် ကော်မရှင်က ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ကော်မရှင်က တစ်ဆင့် လွှတ်တော်ကိုတင်ပြပြီး ကြာနေတဲ့အချိန်ကို မြန်အောင်ဆောင်ရွက်လို့ရတယ်ဆိုတာ အသိပေးလိုပါတယ်''ဟု ၎င်းကပြော ကြားခဲ့သည်။

''ဒီကော်မရှင်မှာ ပညာရှင်တွေ အဓိကပါတဲ့အတွက်ကြောင့်မို့ ကော်မရှင်အနေနဲ့ အပြင်မှာ တကယ်ဖြစ်ပျက်တဲ့ အနေအထားတွေကို နားထောင်ပေးပါလို့ ကျွန်တော်တင်ပြခဲ့ပါတယ်။ ကော်မရှင်ကလည်း အချိန်ပေးပါ့မယ် ဆိုပြီး ပြောပါတယ်။ ဒါကြောင့် စီးပွားရေးအဖွဲ့အစည်းတွေကို ကျွန်တော်ဖိတ်ကြားပါတယ်။ ကော်မရှင်ကိုဖိတ်ပြီး ကြုံနေရတဲ့ အဖြစ်အပျက်တွေကို ပြောမလား ဒါမှမဟုတ် ကော်မရှင်ရှိရာကို လာပြီးတွေ့လည်း ရပါတယ်။ အကြမ်းအားဖြင့်တော့ ကော်မရှင်က အပတ်စဉ်သောကြာနေ့ လုပ်နိုင်တယ်။ ဆွေးနွေးပေးနိုင်တယ်လို့ သတ်မှတ်ပေးထားပါ တယ်။ စီးပွားရေး လုပ်ငန်းရှင်တွေ၊ အသင်းအဖွဲ့တွေမှ မဟုတ်ပါဘူး။ နိုင်ငံရပ်ခြားမှာနေပြီးတော့ ကျွန်တော်တို့တိုင်းပြည်ကို အကျိုးပြုနိုင်အောင် ဆောင်ရွက်ပေးနိုင်မယ့် ပုဂ္ဂိုလ်များရှိရင်လည်းပဲ ကော်မရှင်ကတစ်ဦးတစ်ယောက်တည်း နားထောင်ပေးရမယ်ဆိုလည်း နားထောင်ပေးမယ်လို့ ပြောပါတယ်။ ၂၀၁၂ မှာ စီးပွားရေး ပြုပြင်ပြောင်းလဲဖို့ လိုပြီလို့ ထင်ပါတယ်။ ပြောင်းလဲတဲ့နေရာမှာလည်း စီးပွားရေးလုပ်ငန်းရှင်တွေက ပြည်သူတွေက ပွင့်ပွင့်လင်းလင်းတင်ပြဖို့ လိုအပ်ပါတယ်''ဟု ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးဌေးမြင့်က ဒီဇင်ဘာလ ၃၁  ရက် နေ့၌ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်အောက်ရှိ အသင်းအဖွဲ့များ၏ နှစ်ပတ်လည်အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ များအပါအ၀င် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဆိုပါကော်မရှင်မှာ  ပြည်ထောင်စုအဆင့် အဖွဲ့အစည်း တစ်ရပ်ဖြစ်ကြောင်းလည်း သိရှိရပါသည်

Ref : Teashop Talk

0 comments:

Post a Comment


Popular Posts