'
အမိမြေ

ပြည်ပရောက် မြန်မာအလုပ်သမားများ ပုက္ကလိက ဘဏ်များမှတစ်ဆင့် ငွေလွှဲနိုင်

ပြည်ပရောက် မြန်မာအလုပ်သမားများ ပုက္ကလိက ဘဏ်များမှတစ်ဆင့် ငွေလွှဲနိုင်
ပြည်ပတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား အလုပ်သမားများ အနေဖြင့် မြန်မာနိုင်ငံရှိ မိမိတို့၏ မိသားစုများထံသို့ ပြည်တွင်းပုက္ကလိက ဘဏ်များမှတစ်ဆင့် ငွေလွှဲပို့နိုင်တော့မည်ဖြစ်သည်။ နေပြည်တော်တွင် ဒီဇင်ဘာ ၂၃ ရက်က ကျင်းပသည့် ဘဏ်များ ကြီးကြပ်ရေးကော်မတီနှင့် မြန်မာနိုင်ငံ ဘဏ်များအသင်း အမှုဆောင်အဖွဲ့၏ (၁၃၅) ကြိမ်မြောက် အစည်းအဝေး၌ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက အထက်ပါအတိုင်း ထုတ်ဖော်ပြောကြားလိုက်ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ပြည်ပနိုင်ငံများဖြစ်သည့် ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ တရားဝင်လမ်းကြောင်းအပြင် တရားမဝင်လမ်းကြောင်းများမှလည်း သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိရာ ထိုအလုပ်သမားများက မြန်မာနိုင်ငံသို့ ငွေလွှဲပို့ရာတွင် တရားမဝင် ဟွန်ဒီစနစ်ဖြင့်သာ လွှဲပို့နေရကြောင်း သိရှိရသည်။

ထို့ကြောင့် နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ရ ဘဏ်များဖြစ်သည့် သမဝါယမဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်နှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်တို့မှ စင်ကာပူ၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့ရှိ မြန်မာအလုပ်သမားများထံမှ မြန်မာနိုင်ငံရှိ မိသားစုများထံ ငွေလွှဲပို့မှုအစီအစဉ် ဆောင်ရွက်ရန် တင်ပြခြင်းကို ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။

ပြည်ပနေနိုင်ငံသားများက နိုင်ငံခြားငွေဖြင့်ရရှိသည့် လစာခေါင်းစဉ်အောက်ရှိ ဝင်ငွေစုစုပေါင်းအပေါ်ရရှိသည့် နိုင်ငံခြားငွေ အမျိုးအစားဖြင့် ပေးဆောင်စေသည့် ဝင်ငွေခွန်ကို ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ (ခ)အရ ကင်းလွတ်ခွင့်ပြုလိုက်ကြောင်းနှင့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ အကျိုးသက်ရောက်စေရမည် ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာ အမှတ်(၅၇/၂၀၁၁)တွင် ဖော်ပြထားသည်။

ပြည်ပရောက် မြန်မာအလုပ်သမားများမှ မြန်မာနိုင်ငံရှိ မိသားစုထံ ပြည်တွင်း ပုဂ္ဂလိကဘဏ်များမှတစ်ဆင့် ငွေလွှဲပို့ခြင်းအားဖြင့် ပြည်ပတွင် အလုပ်လုပ်ကိုင်နေသော နိုင်ငံသားများမှ မိခင်နိုင်ငံရှိ မိသားစုများထံ တရားဝင်လမ်းကြောင်းမှ လုံခြုံစိတ်ချစွာ ငွေလွှဲပို့နိုင်မည်ဖြစ်ပြီး ပြည်ပရောက် မြန်မာအလုပ်သမားများမှ လွှဲပို့သည့် နိုင်ငံခြားငွေပမာဏကို နိုင်ငံတော်မှလည်း အလွယ်တကူသိရှိနိုင်၍ အမျိုးသားဝင်ငွေ (National Income) ခန့်မှန်းတွက်ချက်ရာတွင် အထောက်အကူပြုမည်ဖြစ်ကြောင်း သိရှိရသည်။

Ref :  Planet.com.mm

0 comments:

Post a Comment


Popular Posts