'
အမိမြေ

၂၀၁၁ခုနှစ် ဗုံးပေါက်ကွဲမှုများ


ဘာကြောင့်မှန်းမသိသော်လည်း ၂၀၁၁ ခုနှစ်မှာ ဗုံးပေါက်ကွဲမှုများခဲ့သော နှစ်ဖြစ်သည်။ တစ်နှစ်အတွင်း ဗုံးပေါက်ကွဲမှုများထဲမှ လူသိများသော ဗုံးပေါက်ကွဲမှုအချို့ကို ပြန်လည်ဖော်ပြလိုက်ပါသည်။
ဖေဖော်ဝါရီ-၂၇
ရန်ကုန်မြို့ အင်းစိန်မြို့နယ် အောင်ဇေယျတံတားအနီး အောင်ဇေယျအိမ်ရာတိုက်အမှတ်  ၁ နဲ့ ၂ကြား ကွမ်းယာဆိုင်ခဲ့သဖြင့် ၂၀၁၁ ခုနှစ် ဖေဖော်ဝရီ ၂၇ ရက် ညနေ ၇ နာရီ ၁၀မိနစ်ခန့်ကဗုံးတစ်လုံးပေါက်ခဲ့သဖြင့် လူ ၈ဦးဒဏ်ရာရခဲ့သည်မှစလို့ အကြိမ်များစွာဗုံးပေါက်ခဲ့သည်။ ရန်ကုန်မြို့နှင့် နယ်မြို့များတွင်ယခုနှစ်အတွင်းအကြမ်းဖက် သမားများ၏ ဗုံး ဖောက်ခွဲမှုများနှင့်ပတ်သက်၍ စုစည်းရသမျှကို ပြန်လည်ဖော်ပြလိုက်ပါသည်။
မေ-၁၈
နေပြည်တော်ခရိုင် တပ်ကုန်းမြို့နယ်ရွှေမြို့နှင့် ဆင်သေဘူတာအကြား ရန်ကုန်-မန္တလေး လူစီးအမှတ်(၃)အဆန်အမြန်ရထား ပေါ်၌ မေ ၁၈ရက်တွင် ဗုံးပေါက်သောကြောင့် နှစ်ယောက်သေပြီးကိုးယောက်ဒဏ်ရာရခဲ့သည်။
ဇွန်-၁၀
နေပြည်တော်ခရိုင်၊ ဇမ္ဗူသီရိမြို့နယ် မြို့မဈေးရှိ အများပြည်သူ သုံးငါးခန်းတွဲ သန့်စင်ခန်းနှစ်လုံးတွဲတွင် ဇွန် ၁၀ ရက် ည ၉ နာရီ ခန့်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ လူ ၃ ဦးဒဏ်ရာရရှိခဲ့သည်။
ဇွန်-၂၄
နေပြည်တော်၊ မန္တလေးနှင့် ပြင်ဦးလွင်တို့တွင် ဇွန် ၂၄ ရက် နံနက်ပိုင်းက ၅ မိနစ်အတွင်း ဗုံး သုံးလုံးတစ်ပြိုင်တည်း ပေါက်ခဲ့သည်။ ဇွန် ၂၄ ရက် နံနက် ၁၁ နာ ရီ ၅၀မိနစ်တွင် မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ်၊ အလယ်ရပ်၊ ၈၄ လမ်းနှင့် ၂၇-၂၈ လမ်းကြား ဈေးချိုတိုက်တန်းရှေ့တွင် ရပ်ထားသော လိုင်စင်မဲ့ Surf အမျိုးအစား အပြာရောင်ကားအတွင်းမှ ပေါက်ကွဲမှုဖြစ်ခဲ့သည်။ ထို့ကြောင့် အဆိုပါကားမှာရစရာ မရှိအောင်ပျက်စီးသွားပြီး အနီးရှိလူသုံးဦးမှာလည်း ဒဏ်ရာအသီးသီးရရှိခဲ့သည်။
နေပြည်တော် ဇမ္ဗူသီရိမြို့ နယ်သပြေကုန်းရပ်ကွက်ရှိ လူနေထိုင်ခြင်းမရှိသော အိမ်တစ်လုံးတွင် အထက်ပါဗုံးပေါက်ချိန်နှင့် ၅ မိနစ်သာခြားပြီး နံနက် ၁၁ နာရီ ၅၅မိနစ်တွင် ဗုံးတစ်လုံးထပ် မံပေါက်ကွဲခဲ့သည်။ နေပြည်တော်တွင် ဗုံးပေါက်ကွဲမှုနှင့် တစ်ချိန်တည်းအဆိုပါနေ့ နံနက် ၁၁ နာရီ ၅၅ မိနစ်တွင်ပင် ပြင်ဦးလွင်မြို့ရပ်ကွက် ၃ရှိ လူနေထိုင်ခြင်း မရှိသော အိမ်တွင်ပင် ဗုံးတစ်လုံးပေါက်ကွဲခဲ့သည်။၂၀၀၅ ခုနှစ် မေ ၇ ရက်ကလည်း ရန်ကုန်မြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့သည်။ အဆိုပါ ဖြစ်ရပ်တွင် လူ ၂၃ ဦး သေဆုံးပြီး လူ ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့သည်။
အောက်တိုဘာ-၂
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ သီတာရပ်ကွက်၊ သီတာလမ်းသွယ်ရှိ ၀န်ထမ်းအိမ်ရာခြံစည်းရိုးအနီးတွင် ဗုံးပေါက်ပြီး အသက် (၃၀) အရွယ် အမျိုးသား(၁)ဦးသေဆုံးသည်။
အောက်တိုဘာ-၂၅
ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးအနီးကညနရုံးရှေ့ ငမိုးရိပ်ရပ်ကွက် သံသုမာလမ်းပေါ်ရှိ အငှားယာဉ်ပေါ်တွင် အောက်တိုဘာ ၂၅ ရက် ညနေ ၆ နာရီဝန်းကျင်က ဗုံးပေါက်ကွဲခဲ့သဖြင့် ယာဉ်မောင်းတစ်ဦးသေဆုံးကာ ခရီးသည်နှစ်ဦးဒဏ်ရာ ရရှိခဲ့သည်။
အောက်တိုဘာ-၃၀
    ရန်ကုန်မြို့ မြို့တော်ခန်းမကားရပ်နားနေရာအတွင်း အောက်တိုဘာ ၃၀ရက် ညနေ ၄ နာရီခန့်တွင်ဗုံးတစ်လုံးတွေ့ရှိသောကြောင့် ည ၇ နာရီ ၅ မိနစ် နှင့် ၉ နာရိ ၅ မိနစ်တွင် နှစ်ဆင့် ဖောက်ခွဲခဲ့ရသည်။
ဒီဇင်ဘာ-၂၁
ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းမီးပွိုင့်အနီး ရန်ကုန်တက္ကသိုလ်ပင်မ၀င်းထောင့်ရှိ အများပြည်သူသုံးသန့်စင်ခန်း အမျိုးသမီးဘက်အခြမ်းတွင် ဒီဇင်ဘာ ၂၁ ရက်နံနက် ၁၁ နာရီခန့်က ဗုံးတစ်လုံးပေါက်ကွဲခဲ့သည်။    အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် သန့်စင်ခန်းဝန်ထမ်းအမျိုးသမီးတစ်ဦးသေဆုံးပြီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့ကြောင့် ၂၀၁၁ခုနှစ် တစ်နှစ်လုံးနီးပါး ဗုံးအန္တရာယ်များနှင့် ကြုံတွေ့ခဲ့ရသည့် နည်းတူ မြန်မာပြည်မြောက်ပိုင်းတွင်လည်း ဗုံးပေါက်ကွဲမှုများရှိခဲ့သည်။ ရန်ကုန်မြို့နှင့်နေပြည်တော်မြို့ကြီးများ ရှိ စီးပွားရေး အဆောက်အအုံများ၊ ဆေးရုံများနှင့် ဈေးဝယ်စင်တာများတွင်လုံခြုံရေးကို ပိုမိုစိစစ်လာကြရသည်။
 
Ref : 7 Days News 

0 comments:

Post a Comment


Popular Posts