'
အမိမြေ

တရားစီရင်ရေးတွင် မည်သည့်လွှမ်းမိုးမှုမျှ မရှိစေရန် ဆောင်ရွက်မည်


လက်ရှိတရားစီရင်ရေး မဏ္ဍိုင်၏ အောက်ခြေပိုင်းတွင် ဒီမိုကရေစီခေတ်နှင့်အတူ မလိုက်ပါနိုင်သေးသည်ကိုတွေ့ရကြောင်း၊ တရား စီရင်ရေးအပေါ် ညွှန်ကြားချက်များက လွှမ်းမိုးခြင်း၊ နှုတ်မိန့်များက လွှမ်းမိုးခြင်းတို့ ရှိနေသေးကြောင်း၊ ထိုသို့မရှိတော့ရန် ယနေ့က စပြီး ဆောင်ရွက်သွားမည်ဟု အတိအလင်း ပြောကြားလိုကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက ဒီဇင်ဘာလ ၂၉ ရက်နေ့၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောသည်။

"ဒီမိုကရေစီနိုင်ငံ အသီးသီးမှာ ခက်ဝေသုံးဖြာ၊ အချုပ်အခြာအာဏာဆိုတာ ရှိကြပါတယ်။ မဏ္ဍိုင်သုံးရပ်လို့ လည်း ခေါ်ကြပါတယ်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးလို့ သိကြပါတယ်။ ဥပဒေပြုရေးပိုင်း၊ အုပ်ချုပ်ရေးပိုင်းတွေမှာ သက်ဝင်ပြောင်းလဲနေပြီဖြစ် ပေမယ့် အောက်ခြေတရားရေးမဏ္ဍိုင်တွေက မရွေ့သေးပါဘူး။ ဒီမိုကရေစီ ခေတ်နဲ့အတူ မလိုက်ပါနိုင်သေးတာ တွေ့ရပါတယ်။ တရားစီရင်ရေးအပေါ် ညွှန်ကြားချက်တွေက လွှမ်းမိုးထားရင်၊ တစ်ခါ အဲဒီအပေါ်မှာ နှုတ်အမိန့်တွေက လွှမ်းမိုးထားရင် တရားရေး မဏ္ဍိုင် တိမ်းစောင်းပါတယ်။ အဲဒီ လွှမ်းမိုးမှုတွေ မရှိတော့အောင် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကော်မတီအနေနဲ့ ယခု အချိန်က စပြီး အတိအလင်းပြောကြား လိုပါတယ်"ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် တရားရေးမဏ္ဍိုင် တိမ်းစောင်းရသည့် အကြောင်းရင်းတွင် တရားသူကြီး များမှာသာ တာဝန်ရှိသည်မဟုတ်ဘဲ တရားရေး ကိစ္စဆိုင်ရာ အသိုက်အ၀န်း၌ ပါဝင်ပတ်သက်နေကြသော ရှေ့နေ ရှေ့ရပ်များ၊ ရဲဝန်ထမ်းများ၊ တရားလွှတ်တော် ရုံးဝန်ထမ်းများ၊ အမှုပွဲစားများ စသည့် ပါဝင်ပတ်သက်ကြသူ အားလုံးတို့မှာပါ တာဝန်ရှိကြကြောင်း၊ အဂတိ တရားကင်းစင်သော တရားစီရင်ရေး ဖြစ်လာစေရန် ၎င်းတို့ကော်မတီအနေဖြင့် တတ်စွမ်းသမျှ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လောလောဆယ်၌ အမှုဟောင်းများနှင့် ပတ်သက်သော တိုင်ကြားစာများ၊ အသနားခံစာများ မိမိတို့ ကော်မတီထံသို့ ရောက်ရှိနေကြောင်းနှင့် အထောက်အထားခိုင်လုံသော တိုင်စာများနှင့်ပတ်သက်ပြီး အဆိုပါအမှုများကို ပြန်လည်စိစစ် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ တရားလွှတ်တော်ရုံးများသို့ ပေးပို့ ထားကြောင်း သူရဦးအောင်ကိုက ပြောကြားသည်။

အဖွဲ့ဝင် ၁၅ ဦးအနက် ဥပဒေပညာရှင် ရှစ်ဦး ပါဝင်သည့် ပြည်ထောင်စုအဆင့် ရှိသော အဆိုပါကော်မတီအနေဖြင့် တရားရေးမဏ္ဍိုင် တည့်မတ်ရေးအတွက် ဆောင်ရွက်သည့်အခါ နိုင်ငံတော်၏ အဓိကမဏ္ဍိုင်ကြီးလေးရပ်တွင် ပါဝင် သော စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာနှင့် လက်တွဲပူးပေါင်းသွားမည်ဟုလည်း ကော်မတီဥက္ကဋ္ဌက ပြောကြားသည်။

ပြည်သူ့လွှတ်တော်၏ တရားစီရင်ရေး နှင့် ဥပဒေရေးရာကော်မတီသည် ပြည်ထောင်စုအဆင့်ဖြစ်သော်လည်း ပြည်ထောင်စုတရား လွှတ်တော်ရုံးနှင့် တရားလွှတ်တော်ရုံးများအား အမိန့်ပေး၍ မရပါကြောင်း၊ ၎င်းတရားလွှတ်တော် ရုံးများ၏ တရားစီရင်မှုအပေါ် ၀င်ရောက် စွက်ဖက်ခြင်းလည်း မဟုတ်ကြောင်း၊ တရားရေးမဏ္ဍိုင် မတိမ်းစောင်းရေး အတွက် မှန်ကန်မျှတမှုမရှိသော၊ ထင်သာ မြင်သာမရှိသော စီရင်မှုများဟု ယူဆနိုင်သည့် အမှုများအား ပြန်လည် စိစစ်နိုင်ရန် ခိုင်လုံသောတိုင်စာ (အမှု)များကို ယခုကဲ့သို့ ပေးပို့ခြင်းမှာ ဘေးတိုက်ဆောင်ရွက်ခြင်းမျိုးသာ ဖြစ်ပါကြောင်း ၎င်းက ပြောကြားသည်။

ထို့ပြင် တရားစီရင်ရေး၌ အမိန့်ပေး စနစ် လွှမ်းမိုးနေခြင်း၊ ထင်သာမြင်သာသော တရားစီရင်မှုမရှိခြင်း၊ အဂတိ လိုက်စားခြင်းတို့ ရှိနေသမျှ တရားဥပဒေ စိုးမိုးရေးသည် လည်းကောင်း၊ တရားရေး မဏ္ဍိုင် ကြံ့ခိုင်ရေးသည် လည်းကောင်း ရနိုင်မည်မဟုတ် ကြောင်းနှင့် အဂတိ လိုက်စားသော တရားသူကြီးများကို အရေးယူနိုင်သည့် ဥပဒေတစ်ရပ် သတ် မှတ်ပြဋ္ဌာန်းပေးနိုင်ရန် ကော်မတီ အနေဖြင့် အချက်အလက်များ ပြုစုနေပြီဖြစ်ကြောင်း၊ မကြာမီ ကျင်းပတော့မည့် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်း အဝေးတွင် တင်ပြနိုင်ရန် စီစဉ်လျက်ရှိ ပါကြောင်း ၎င်းက ပြောကြားသည်
 
Ref : မြန်မာ့တိုင်းမ်

0 comments:

Post a Comment


Popular Posts