'
အမိမြေ

မြစ်ဆုံဆည် စီမံကိန်း ရပ်တန့်ထားမှု CPI ဥက္ကဋ္ဌနှင့် အင်တာဗျူး (၂)







Link
CPI ဥက္ကဋ္ဌ လူကျိရှို (ဓာတ်ပုံ - ဘလွန်းဘာ့ဂ်)



မေး ။ တချို့လူတွေက ဒီဆည်ဆောက်ရင် ကြီးမားတဲ့ သဘာဝကပ်ကြီးတွေဖြစ်တဲ့ ရေကြီးတာတို့၊ မြေငလျင်လှုပ်တာတို့ ဖြစ်လိမ့်မယ်။ တကယ်ရော ဆည်ရဲ့လုံခြုံမှုက အလုံအလောက်ရှိရဲ့လား။

ဖြေ ။ ကျနော် သိထားသလောက်တော့ ရေအားလျှပ်စစ် ထုတ်လုပ်မှုသမိုင်းရဲ့ နှစ်ပေါင်း ၁၀၀ ကျော်အတွင်းမှာ တာတမံဆည်တွေ ဆောက်တဲ့အတွက်ကြောင့် ရေကြီးတာတို့ အားပြင်းတဲ့ငလျင်ကြီးတွေလှုပ်တယ်ဆိုတာ ရှိကိုမရှိဘူး။ ကျနော်တို့ CPI ဆိုတာလည်း ဒီတရုတ်ပြည်မှာတင် ၁၈ ဂစ်ဂါဝပ် ပမာဏရှိတဲ့ ရေအားလျှပ်စစ်ကို ထုတ်လုပ်နိုင်တဲ့ ကျင့်ဝတ်သိက္ခာရှိတဲ့ အကြီးစား စွမ်းအင်လုပ်ငန်းဌာနကြီးပါ။ ဒီမြစ်ဆုံဆည်ကြီးရဲ့ လုံခြုံစိတ်ချရမှုကို ကျနော်တို့ တကယ်အာမခံ လုပ်ပေးနိုင်ပါတယ်။ ဒီဆည်ဒီဇိုင်းပုံစံဆွဲတာရော ဆောက်လုပ်တာအတွက်ရော တရုတ်ပြည်မှာရှိတဲ့ ဒိတ်ဒိတ်ကြဲ ထိပ်တန်း ရေအားလျှပ်စစ် စက်ရုံဒီဇိုင်း ပညာရှင်တွေကို ခေါ်ယူခဲ့ပါတယ်။ ဒီပညာရှင်တွေဟာဆိုရင် ရေအားလျှပ်စစ်စက်ရုံ ၂၀၀ ကျော်ကို ဒီဇိုင်းဆွဲပေးခဲ့တဲ့ ပုဂ္ဂိုလ်တွေပါ။ သူတို့လုပ်ပေးခဲ့တဲ့ ဆည်တွေထဲမှာဆိုရင် မလေးရှားက Bakun Hydropower စက်ရုံလည်းပါတယ်။ နောက်ပြီး ကျောက်သားတမံဖြည့် အပေါ်ယံမျက်နှာပြင် ကွန်ကရစ်အုပ် ဆည်တွေထဲမှာဆိုရင် ကမ္ဘာအကြီးဆုံးဖြစ်တဲ့ ကျနော်တို့ တရုတ်ပြည်က Shuibuya ရေအားလျှပ်စစ်စက်ရုံလည်း ပါတယ်။ (မြစ်ဆုံဆည်သည်လည်း အလားတူ concrete-face rock-fill dam အမျိုးအစားဖြစ်သည်။)

နောက် ဒီမြစ်ဆုံဆည်ဟာ ငလျင်အန္တရာယ် ကျရောက်နိုင်သလားဆိုတာ အကြိမ်အကြိမ်အလီလီ စမ်းသပ်ကြည့်တော့ ဆည်ဆောက်ဖို့အတွက် လုံးဝ ဥဿုံစိတ်ချရတယ်၊ ယုံကြည်စရာရှိတယ်ဆိုတာ တွေ့ရပါတယ်။ မြန်မာအစိုးကလည်း နာမည်ကြီးအကြံပေးအဖွဲ့တွေ ပညာရှင်တွေကို ဆွစ်ဇလန်တို့၊ ဂျပန်တို့ကတောင်ခေါ်ပြီး ဒီကိစ္စကို အကြိမ်ကြိမ် စမ်းသပ်ကြည့်ကြပါတယ်။ နောက်ဆုံး နှစ်ဦးနှစ်ဖက်က ဒီဆည်ဟာ ဘာငလျင်အန္တရယ်မှ မရှိဘူးဆိုတာကို သဘောတူ လက်ခံခဲ့ကြတာပါ။

ဒီမြစ်ဆုံဆည်ရဲ့ဒီဇိုင်းဟာ တောင့်တင်းခံနိုင်ခြင်းအဆင့် ၉ ရှိတဲ့ ဆည်အမျိုးအစားပါ၊ တရုတ်ပြည် စီချွမ်ပြည်နယ်မှာ Wenchuan မြေငလျင်ဘေးကြီးကို ကြံ့ကြံ့ခံနိုင်ခဲ့တဲ့ တောင့်တင်းခံနိုင်ခြင်းအဆင့် ၇ ရှိတဲ့ Zipingbu ဆည်ကြီးထက် ပိုပြီး ဒီဇိုင်းအရ အဆင့်မြင့်ပါတယ်။ ဒါ့ထက်ပိုပြီး ဒီမြစ်ဆုံဆည်ရဲ့ အထွေထွေ မြေငလျင်ဒဏ်ခံနိုင်အား ကောင်းသထက်ကောင်းစေဖို့ ဆည်ရဲ့ရေစုန်ဘက်ကိုစီးမယ့် လျှောစောက်အပိုင်းမှာ ကွန်ကရစ်ချတဲ့အခါ သတ်မှတ်စံချိန်ထက်ကျော်ပြီး ပိုကောင်းအောင်လုပ် ထားတာပါ။ နောက်ပြီး တခြား မြေငလျင်ဒဏ်ကာကွယ်တဲ့ အစီအမံတွေလည်း လုပ်ထားတာတွေ ရှိပါသေးတယ်။

ပိုလျှံလာတဲ့ရေတွေကို ထုတ်ပစ်တဲ့ဆည်ရဲ့ ရေထွက်ပေါက် အဓိကလမ်းကြီးမှာရှိတဲ့ မျက်နှာပြင်ရေထွက်ပေါက်တွေ၊ အလယ်ဘက်က အပေါက်ကြီးတွေကို အသုံးပြုပြီး အရေးပေါ်အခြေအနေမှာ ဆည်ရေလှောင်ကန်ထဲက ရေအမြင့်ပေမြင့်လာရင် ရေကိုထုတ်ပြစ်လို့ရပါတယ်။ ဆည်ရေလှောင်ကန်ထဲကရေ အမြင့်ပေ ချက်ချင်းကျသွားအောင် လုပ်လို့ရတယ်၊ ဒီတော့ ဆည်ရဲ့လုံခြုံစိတ်ချရမှု၊ ဆည်အောက်ပိုင်းမှာနေသူတွေရဲ့ လုံခြုံမှုကိုလည်း သေချာအောင် လုပ်ပေးထားဖြစ်ပါတယ်။ နောက်ပြီး ဆည်လည်ပတ်နေတဲ့အချိန်မှာ အခြေအနေတွေအားလုံးကို မျက်ခြေမပြတ်စောင့်ကြည့်ဖို့ ကမ္ဘာ့အမြင့်ဆုံး ကျောက်သား တမံဖြည့် ဆည်ကြီးတွေရဲ့ စံနှုန်းအတိုင်း ရေလှောင်ကန်ဧရိယာထဲမှာပဲ ဒစ်ဂျစ်တယ် အဝေးထိန်းမြေငလျင်စောင့်ကြည့်ရေး စခန်း ၂၅ ခုတောင် ဆောက်ပြီး နောက်ထပ် ဆည်တခုလုံး နေရာအနှံ့ ဘေးအန္တရာယ် စောင့်ကြည့်ရေး ကိရိယာတွေ ၇၀၀ ကျော်ကို တပ်ဆင်ဖို့ စီစဉ်ထားပါတယ်။ မြစ်ဆုံဆည်ရဲ့ ရေကြီးဒဏ်ခံနိုင်တဲ့ စွမ်းအားဟာ နှစ် ၁၀၀၀ လောက်ကြာအောင် တည်တံ့အောင် ဒီဇိုင်းဆွဲထားတာပါ။

မေး ။ ရေအားလျှပ်စစ်ထုတ်တဲ့လုပ်ငန်းမှာ ပတ်ဝန်းကျင် ကာကွယ်ရေးဆိုတဲ့အကြောင်းလည်း ထိပ်တန်းက အမြဲပါဝင်တာ မဟုတ်လား။ တချို့အနောက်နိုင်ငံဘက်က အန်ဂျီအိုအဖွဲ့တွေက ဒီဆည်စီမံကိန်းဟာ ပတ်ဝန်းကျင်ကို ဆိုးဆိုးဝါးဝါးကြီးကို ထိခိုက်စေမယ်လို့ ဝေဖန်တာတွေ တွေ့ရပါတယ်။ ဒါကိုဘယ်လို တုန့်ပြန်ချင်ပါသလဲ။

ဖြေ ။ ဒီနေရာမှာ ကျနော် ပြန်မေးခွန်းထုတ်ချင်တာက ဒီလိုပြောတဲ့အဖွဲ့အစည်းတွေက မြန်မာတွေ သိပ်ကို အကျပ်အတည်းရောက်နေတဲ့ကာလမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဘာများကူညီခဲ့ဖူးတာရှိလဲ။ ခုခါကျမှ “မြန်မာတို့ရဲ့အကျိုးကို ကာကွယ်မယ်” ဆိုတဲ့ ကြွေးကြော်သံနဲ့ ဒီအဖွဲ့တွေဟာ မြန်မာအစိုးရက သူ့လူမျိုးရဲ့ဘဝတွေကို တိုးတက်ရာတိုးတက်ကြောင်း လုပ်နေချိန်မှာ သွားပြီး နှောက်ယှက်နေကြတာပါ။ သူတို့ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ လုပ်နေလဲဆိုတာတော့ ကျနော်မပြောတတ်ဘူး။ လျှပ်စစ်ထုတ်တာပဲဖြစ်ဖြစ် ဘာပဲလုပ်လုပ် လူသားတွေ တခုခုလုပ်ပြီဆိုရင်တော့ သဘာဝကို ထိခိုက်မှုတော့ ရှိမှာပေါ့။ ရေအားလျှပ်စစ်ပဲဖြစ်ဖြစ်၊ အပူစွမ်းအင်ပဲဖြစ်ဖြစ်၊ နျူကလီးယားစွမ်းအင်ပဲဖြစ်ဖြစ်၊ နောက်ဆုံး လေစွမ်းအင် နေရောင်ခြည်စွမ်းအင် ဘာပဲလုပ်လုပ် သဘာဝကို တနည်းမဟုတ်တနည်း ထိခိုက်တာပဲ။

ရေရှည်ကောင်းမွန်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် လုပ်တဲ့အခါ လူသားရဲ့ပြုလုပ်မှုကြောင့်ဖြစ်တဲ့ သဘာဝပတ်ဝန်းကျင် ဆိုးကျိုးတွေကို တတ်နိုင်သမျှ နည်းသနည်းထက် နည်းအောင် လုပ်ကြရမှာပါ။ လူသားတွေ ရေအားလျှပ်စစ်က စတင်ထုတ်လာခဲ့တဲ့ နှစ် ၁၀၀ သက်တမ်းမှာ သဘာဝကို ဘယ်လိုကာကွယ်စောင့်ရှောက်ရတယ်ဆိုတဲ့ အသိကလည်း မြင့်မားလာခဲ့ပါပြီ။ ဒီအပိုင်းမှာ သူတို့ရဲ့ စွမ်းဆောင်နိုင်ရည်ကလည်း နည်းပညာတိုးတက်လာမှုနဲ့အတူ အဆက်မပြတ် တိုးတက်လာခဲ့ပါပြီ။ ပြောချင်တာက ကြီးမားတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် အသင့်တော်ဆုံး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဟာ ရေအားလျှပ်စစ်စွမ်းအင်ဆိုတာ အားလုံးက တညီတညွတ်တည်း လက်ခံထားကြတယ်ဆိုတဲ့ အချက်ပါ။

အမေရိကမှာရှိတဲ့ ဟူးဗား ရေအားလျှပ်စစ် စီမံကိန်းဆိုရင်လည်း လည်ပတ်နေတာ နှစ် ၈၀ ရှိပြီလေ။ ဒီစီမံကိန်းဆိုရင် အမေရိကန်အနောက်ဘက်ပိုင်းက ဟက်တာ ၇ သိန်း လောက်ရှိတဲ့ ဧရာမ သဲကန္တာရကြီးတခုလုံးကို မြေဆီသြဇာကောင်းမွန်တဲ့ လယ်ယာမြေအဖြစ် ပြောင်းလဲပေးနိုင်ခဲ့တယ်။ ဒေသရဲ့ တကယ့်ခိုင်မာတဲ့ ရေအရင်းအမြစ်လည်း ဖြစ်လာတယ်။ နောက်ပြီး Las Vegas မြို့အသစ်ကြီး တောင်ဖန်တီးပေးနိုင်ခဲ့တယ်မှတ်လား။ ဘရာဇီးနဲ့ ပါရာဂွေးတို့ ပူးတွဲလုပ်တဲ့ Itaipu ရေအားလျှပ်စစ် စက်ရုံဆိုရင်လည်း နှစ်နိုင်ငံလုံးရဲ့ လူမှုစီးပွား ဖွံ့ဖြိုးရေးအတွက် အင်မတန် သိသိသာသာကြီး ဖြစ်အောင်လုပ်ပေးခဲ့တာပဲလေ။

ကျနော်တို့ CPI က (အခုမြစ်ဆုံဆည် အပါအဝင် ၇ ခုလို) အတွဲလိုက် ဆင့်ထပ် ရေအားလျှပ်စစ်စက်ရုံကို မြစ်ဝါမြစ်ကြီးပေါ်မှာဆောက်ခဲ့လို့ စီးပွားရေးအတွက် အင်မတန်အားကိုးရတဲ့ စွမ်းအင်တွေအမြောက်အမြားကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ဒီမြစ်ဝါမြစ်ကြီးရဲ့ အောက်ပိုင်းမှာရော၊ အလယ်ပိုင်းမှာရော အဆက်မပြတ် ရေတွေဆက်လက်စီးဆင်းနိုင်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီစီမံကိန်းတွေအားလုံးက ဒီဂရီအမျိုးမျိုးနဲ့ ပတ်ဝန်းကျင်ကို ထိခိုက်တာတော့ရှိပါရဲ့။ ဒါပေမယ့် ဒီစီမံကိန်းတွေကြောင့်ပဲ ဒေသခံတွေရဲ့ လူမှုစီးပွားရေးကို ကောင်းကျိုးရှိစေခဲ့တာကိုတော့ ဘယ်သူမှငြင်းလို့မရဘူး၊ အခိုင်အမာထင်ရှားပါတယ်။

CPI ဟာ စီမံကိန်းတွေကို အကောင်အထည်ဖော်တဲ့အခါ ပတ်ဝန်းကျင်ကိစ္စကို အင်မတန် အလေးအနက်ထားပါတယ်။ စီမံကိန်းစဆွဲပြီဆိုကတည်းကိုက ပတ်ဝန်းကျင်ထိခိုက်နိုင်မှုနဲ့ ပတ်သက်တဲ့ လေ့လာတွေမှု အမြဲလုပ်ပါတယ်။ မြစ်ဆုံဆည်မဆောက်ခင်ကဆိုလည်း ဒီဧရာဝတီ မြစ်ဝှမ်းတဝိုက်မှာရှိတဲ့ အပင်တွေ၊ အပင်မျိုးစိတ်တွေဟာ ဆည်ကြောင့် ဘယ်လောက်ထိခိုက်နိုင်မလဲဆိုတာ သိရဖို့ တရုတ်-မြန်မာ နှစ်နိုင်ငံက ပညာရှင် ၁၀၀ ကျော်ခေါ်ပြီး သဘာပတ်ဝန်းကျင် ထိခိုက်မှုကိုသုံးသပ်တဲ့ သုံးသပ်ချက်တွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒီပညာရှင်တချို့ဆို မြန်မာ အန်ဂျီအိုအဖွဲ့တွေကတောင် ပါပါတယ်။

ဒီလေ့လာချက်တွေအရဆို ဆည်ရဲ့ရေလွှမ်းဧရိယာမှာရှိတဲ့ ဒေသရဲ့ မူလအပင်မျိုးစိတ်တွေက နည်းနည်းပါးပါးဘဲရှိတယ်ဆိုတာ တွေ့ရပါတယ်။ နောက်ပြီး ရေလွှမ်းမယ့် ကုန်းမြေပမာဏကလည်း မြစ်ဝှမ်းဧရိယာတခုလုံးရဲ့ ၁၄ % ပဲ ရှိတယ်ဆိုတာ သိရပါတယ်။ ဒါ့အပြင် ရေလွှမ်းဧရိယာထဲမှာရှိတဲ့ ထိန်းသိမ်းရမယ့် အပင်မျိုးစိတ်တွေကိုလည်း ဆည်ရေလှောင်ဧရိယာ အပြင်ဖက်မှာ အများကြီး ကျနော်တို့ ပြန်ဖြန့်စိုက်ထားလိုက်တာ ဇီဝမျိုးကွဲတွေကို ထိခိုက်နိုင်စရာအကြောင်းမရှိပါဘူး။ နောက်ပြီး ပင်လင်ရေစိမ့်ဝင်မယ်ဆိုတဲ့ ကိစ္စဆိုရင်လည်း ဆည်ရေလှောင်ကန်ကြီးပြီးတာနဲ့ တပြိုင်နက် ပျမ်းမျှရေစီးပမာဏက ရေလျှံတက်တဲ့ရာသီဆို ၃.၅ % လောက်ပဲ လျော့ကျသွားမယ်၊ ခြောက်သွေ့ရာသီဆို ၁၆ % လောက်လျော့ကျသွားမယ်။ ဒီတော့ ရေလျှံတက်တဲ့ကာလတွေမှာ ပင်လေရေစိမ့်ဝင်နိုင်စွမ်းဟာ မဖြစ်နိုင်သလောက်ပဲ။ ခြောက်သွေ့ရာသီမှာလည်း ပင်လေရေစိမ့်ဝင်ခြင်းမရှိအောင် တားဆီးပေးနိုင်ပါတယ်။ ဒါကြောင့် မြစ်ကြောင်းတလျှောက် ပုံမှန်အတိုင်း သင်္ဘောတွေလှေတွေ သွားလာဖို့ အဆင်ပြေသလို ရေလျှံတာကို ထိန်းတာတို့၊ စိုက်ပျိုးရေးအတွက်ရေပေးတာတို့လည်း အများကြီးအကောင်ထည်ဖော်ဖို့ အဆင်ပြေသွားစေမှာပါ။

မေး ။ ဆည်ဆောက်တဲ့အတွက် ဒေသခံတွေ ရွှေ့ပြောင်းပေးရတယ်ဆိုတာလည်း အားလုံးကအာရုံစိုက်တဲ့ ကိစ္စတခုပါ။ ဒီလိုရွှေ့ပြောင်းပေးတဲ့ကိစ္စမှာ ဒေသခံတွေရဲ့ ဘဝသစ်လူနေမှုအဆင့်အတန်း ဘယ်လိုရှိလဲဆိုတာ အခရာကျပါတယ်။ ဒီကိစ္စနဲ့ရော ဥက္ကဌကြီးတို့က ဘာတွေများလုပ်ဆောင်ခဲ့တာရှိလဲ။

ဖြေ ။ မြန်မာအစိုးရကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အများကြီး အလေးအနက်ထားပါတယ်။ အဲဒီအလျောက် သူတို့လည်း ရွှေ့ပြောင်းပေးတဲ့ကိစ္စကို စီစဉ်တာရော၊ အကောင်အထည်ဖော်တာရော၊ ပုံစချတာရော အစစအရာရာ ထိထိရောက်ရောက် လုပ်ကိုင်ခဲ့ပါတယ်။

အစိုးရက ရွှေ့ပြောင်းပေးတဲ့ကိစ္စကိုမလုပ်ခင် ဒေသခံတွေနဲ့ ကြိမ်ဖန်များစွာ ဆွေးနွေးတိုင်ပင်ပြီး သူတို့ဘယ်လိုအိမ်မျိုးကို လိုချင်လဲ၊ ပြောင်းပေးရတဲ့အတွက် ထောက်ပံ့ကြေး ဘယ်လောက်လိုအပ်သလဲဆိုတာ သေချာ လုပ်ခဲ့တာပါ။ နောက်တော့ မြစ်ဆုံဒေသခံတွေကို ရွှေ့ပြောင်းနေထိုင်ဖို့ နေရာသစ် ၂ နေရာ ရွေးလိုက်ပြီး သူတို့အဆင်ပြေအောင် မြေနေရာသစ်ကို စီစဉ်ပေးတယ်၊ လမ်းတွေဖောက်ပေးတယ်၊ ကောင်းမွန်တဲ့ပတ်ဝန်းကျင် ရရှိအောင်လည်း လုပ်ပေးခဲ့ပါတယ်။ သဘောတူညီချက်အတိုင်း သူတို့ပြန်လည်နေရာချထားရေးမှာ ကျနော်တို့ဝင်ကူညီခဲ့တယ်။ ပြီးတော့ လူမှုရေးအရ ကျနော်တို့ လုပ်ပေးစရာရှိတဲ့ တာဝန်ဝတ္တရားတွေအားလုံးကို ကျေပြွန်အောင်ဖြည့်ဆည်းပေးခဲ့တယ်။ ဒီလိုလုပ်တဲ့နေရာမှာလည်း သူတို့ရဲ့ဆန္ဒတွေ၊ ဓလေ့ထုံးတမ်းတွေ၊ ကိုးကွယ်ယုံကြည်မှုတွေအားလုံးကို ကျနော်တို့ အင်မတန် တရိုတသေထားပြီး လုပ်ခဲ့တာပါ။

ဧရာဝတီမြစ်ညာအထက်ပိုင်း စီမံကိန်းရှိတဲ့ ဒီမြစ်ဝှမ်းနေရာဟာ မြင့်မတ်တဲ့တောင်တွေ၊ မြစ်ချိုင့်ဝှမ်းတွေ တည်ရှိတဲ့နေရာပါ။ စီမံကိန်းကြီး အကောင်ထည်ပေါ်တာနဲ့ ရေလွှမ်းဧရိယာဟာ ဒီမြစ်ဝှမ်းနေရာတခုလုံးရဲ့ ၁၄ % ပဲ ရှိမှာဖြစ်ပါတယ်။ ဒီဆည် ၇ ဆင့်ပါတဲ့ စီမံကိန်းကြောင့် ပြောင်းရွှေ့ရတဲ့ လူဦးရေဟာလည်း ၂၀၀၀၀ မကျော်ပါဘူး။ မြစ်ဆုံရေအားလျှပ်စစ် စက်ရုံဆောက်တဲ့ နေရာမှာ ကျေးရွာပေါင်း ၅ ရွာရှိတယ်။ ဒီထဲက အိမ်ခြေ ပေါင်း ၄၁၀ ရှိတာ၊ လူဦးရေက စုစုပေါင်း ၂၁၄၆ ယောက်ပဲရှိတယ်။

သူတို့အတွက် ၂ ထပ် အုပ်ပတ်ကားအိမ်တွေ ဆောက်ပေးတယ်၊ အိမ်ထောင်စုတိုင်းကိုလည်း ထောက်ပံ့ကြေး ကျပ် ၁ သိန်း၊ ၂၁ လက်မ ရောင်စုံတီဗီတလုံး၊ တခြားလိုအပ်တဲ့ ပစ္စည်းပစ္စယတွေလည်း ပေးပါတယ်။ နောက်ပြီး သူတို့ဥယျာဉ်ခြံမြေလုပ်ဖို့အတွက် ကျနော်တို့က ထောက်ပံ့ကြေးတွေ အတော်ကိုပေးခဲ့ပါတယ်။ ဒီမြစ်ဆုံဆည်တခုလုံး ဧရိယာအ တွက် နစ်နာကြေးထောက် ပံတာဟာ မြန်မာငွေ ကျပ်သန်းထောင်နဲ့ချီရှိပါတယ်။ ဒီငွေတွေအားလုံး ဒေသခံတွေရဲ့ လက်ထဲတိုက်ရိုက်ကို ထည့်ပေးခဲ့တာပါ။ သူတို့တွေနေရာသစ်မှာ အခြေချဖို့ ကျနော်တို့ မြေဧက ၄၄၀ လောက် ရှာပေးခဲ့ပါတယ်။ အိမ်ထောင်စုတိုင်းအတွက် ၁ နှစ်စာ ဆန်ထုတ်ပေးတယ်၊ မြေနေရာသစ်ကို ပြုပြင်ဖို့နဲ့ တခြားအသုံးစရိတ်တွေအတွက်လည်း ပိုက်ဆံတွေထောက်ပံ့ပေးခဲ့ပြန်ပါတယ်။

စိုက်ပျိုးရေးအတွက် စပါးမျိုးစေ့ ကီလို ၃၀၊ ဓာတ်မြေသြဇာ ကီလို ၅၀ လည်း ပေးပါတယ်။ နောက်တခြားအခြေခံ အဆောက်အအုံတွေဖြစ်တဲ့ ကျောင်းတို့၊ ဆေးရုံတို့ကိုလည်း ကွန်ကရစ်နဲ့ ဆောက်ပေးထားပါတယ်။ ပြီးတော့ ကျောင်းသူကျောင်းသားတွေ အတွက် ကျောင်းစာအုပ်တွေ၊ ကျောင်းဝတ်စုံတွေ၊ စာရေးကိရိယာတွေလည်း ဖြည့်ဆည်းပေးပါတယ်။ နောက်ပြီး အဆင့်မီ ဘာသာရေးဝတ်ပြုဖို့ အဆောက်အဦးတွေ၊ ရဲစခန်းတွေ၊ စာတိုက်တွေ၊ ဈေးတွေ၊ မီးသတ်စခန်းတွေ၊ အုပ်ချုပ်ရေးပိုင်းသုံးဖို့ အဆောက်အအုံတွေ အားလုံးကို ဆောက်ပေးပါတယ်။ ကီလိုမီတာ ၂၀ ရှည်တဲ့ ကွန်ကရစ်လမ်းမကြီးတလမ်းရယ်၊ ရေမီးပုံမှန်ရဖို့အတွက်ရယ်လည်း စီစဉ်ပေးပါတယ်။

ဒီရွှေ့ပြောင်း နေရာချထားပေးတဲ့အလုပ်လည်း ပြီးစီးခဲ့ပါပြီ။ ဒေသခံတွေရဲ့ လူနေမှုအဆင့်အတန်းလည်း ယခင်နဲ့ယှဉ်ရင် အရမ်းကို တိုးတက်သွားလို့ သူတို့ဘဝသစ်ကို သူတို့ကျေနပ်နေကြပါပြီ။ မြစ်ဆုံဆည် ရေလှောင်ဧရိယာအတွက် ပြောင်းရွှေ့ချထားမှုတွေ လုပ်တဲ့အခါ အများလက်ခံနိုင်အောင် ဆင်ခြင်တုံတရားရှိရှိနဲ့ ကျနော်တို့ရဲ့ အတွေ့အကြုံတွေကို အစွမ်းကုန်အသုံးပြုပြီး လုပ်ဆောင်ခဲ့တာပါ။ ကျနော်တို့ဟာ ဒေသခံတွေရဲ့ ရေရှည်အကျိုးအတွက် ကူညီဖို့လည်း အလေးထားပါတယ်။ ဆိုတော့ ဒီမြစ်ဝှမ်းတခွင်မှာ တိရိစ္ဆာန်မွေးမြူရေး၊ အသီးအနှံ စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ အစီအမံတွေချပြီး လုပ်ကိုင်နေပါပြီ။ နောက်ပြီး ရေအားလျှပ်စစ် စီမံကိန်းကြီး တည်ဆောက်ချိန်မှာ လိုအပ်တဲ့ ဝန်ဆောင်မှုတွေအတွက် ဒေသခံတွေကိုလည်း အလုပ်ပေး ငှားရမ်းခဲ့ပါတယ်။ ရည်မှန်းချက်ကတော့ သူတို့ ပိုကောင်းတဲ့ အလုပ်အကိုင်တွေရရှိပြီး သူတို့ရဲ့ဘဝကို အရှည်သဖြင့် တိုးတက်လုပ်သွားစေအောင်ပါပဲ။

ကျနော်တို့ တရုတ်ပြည်မှာ ဆိုရိုးစကားနှစ်ခုရှိပါတယ်။ တခုကတော့ “ကိုယ်တိုင်မြင်မှပဲ ယုံကြည်ပါ” ၊ နောက်တခုကတော့ “ပညာရှိမည်သည် အကြံဥာဏ်မှန်သမျှအား လက်ခံစဉ်စားတတ်သူဖြစ်ပြီး လူမိုက်ဆိုသည်မှာ သူအလိုရှိသည်ကိုသာလျှင် တွေးတောယုံကြည်သောသူဖြစ်၏” တဲ့။ လူတွေအားလုံး ပကတိအခြေအနေမှန်ကို သဘောပေါက်နားလည်ပြီး ယထာဘူတကျကျ မျှမျှတတ ကောက်ချက်ဆွဲနိုင်ကြမယ်လို့ ကျနော် အများကြီးယုံကြည်မျှော်လင့်ပါတယ်။


ဧရာဝတီဘလော့မှပြန်လည်မျှဝေသည်

0 comments:

Post a Comment


Popular Posts