'
အမိမြေ

ကေအိုင်အေ မပြောရဲတဲ့ ဗိုလ်ချုပ်ဂွမ်မော် အကြောင်း


 
(ကေအိုင်အေ အကြောင်း ပြောပြချင်လို့ပါ ဆိုပြီး ပေးပို့လာတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ စာရေးသူက ဆောင်းပါးရှည်ကြီး ရေးပို့လိုက်ပေမယ့် ပို့စ်တင်လို့ ကောင်းအောင် အကြောင်းအရာပေါ် မူတည်ပြီး နှစ်ပိုင်း ခွဲတင်ပေးဖို့ စီစဉ်ထားပါတယ်။ မြန်မာစာ အရေးအသားကို သဒ္ဒါစည်းမျဉ်းနဲ့ ညီအောင် မူရင်း ဆိုလိုချက် မပျက်စေပဲ ပြင်ဆင်တာနဲ့ ခေါင်းစဉ် ရွေးချယ်ပေး တာက လွဲပြီး စာရေးသူရဲ့ မူရင်း ရေးသားချက် အတိုင်း ဖြစ်ပါတယ်။)
 
အစိုးရ သတင်းစာက စက်တင်ဘာလ ၁ ရက်နေ့မှာ ကေအိုင်အေ ဌာနချုပ်မှာ အချင်းချင်း ပစ်ကြလို့ တစ်ယောက် သေပြီး တစ်ယောက် ဒဏ်ရာ ရတယ်လို့ ရေးခဲ့ပါတယ်။ ဒါကို မဟုတ်ဘူးလို့ ကေအိုင်အေက ငြင်းတာလည်း ကြားရပါတယ်။ တကယ်တော့ ဒီအဖြစ်အပျက်ဟာ တကယ်ဖြစ်ခဲ့ပြီး ကေအိုင်အေက ဖုံးဖိထားတာ ဖြစ်ပါတယ်။
 
တကယ်ဖြစ်ခဲ့တာက ဒီလိုပါ။ စက်တင်ဘာ ၁ ရက်နေ့ နေ့လည်မှာ လိုင်ဇာဟိုတယ် လေးထပ် မှာရှိတဲ့ အစည်းအဝေးခန်းကြီးထဲမှာ ကေအိုင်အေ ဗဟိုဌာနချုပ်က ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်၊ ဒုဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နဲ့ ကေအိုင်အေက အနားယူထားတဲ့ အရာရှိဟောင်းတွေ အစည်းအဝေး လုပ်ပါတယ်။ လုပ်ရတဲ့ကိစ္စက အခု အစိုးရတပ်နဲ့ ပြန်တိုက်တဲ့ စစ်ဆင်ရေးတွေမှာ အရင်တုံးက အနားယူထားတဲ့ လူဟောင်းတွေကို ပြန်ပြီး တိုက်ခိုင်းဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် မြစ်ကြီးနားနဲ့ သံလမ်းရိုး တစ်လျှောက်မှာ အရင် တိုက်ခဲ့ဖူးတဲ့သူတွေကို ပြန်ခေါ်သုံးဖို့ ဖြစ်ပါတယ်။
 
အဲဒီမှာ လူဟောင်း အရာရှိတွေနဲ့ အခုခေါင်းဆောင် ဖြစ်နေတဲ့ ဂမ်ရှောင်၊ ဂွမ်မော်တို့ အငြင်း အခုန် ဖြစ်ကြပါတယ်။ လူဟောင်း အများစုက ငြိမ်းချမ်းရေး မရခင်နဲ့ ငြိမ်းချမ်းရေး ရခါစမှာ အနားယူခဲ့ သူတွေ၊ အနားပေးခံရသူတွေ ဖြစ်ပြီး ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့်ပဲ ရှိသူတွေ ဖြစ်ပါတယ်။ အများစုက အဲဒီတုံးက တပ်ရင်းမှူး၊ တပ်မဟာမှူး ဖြစ်နေတဲ့ အင်ဘန်လ ဂမ်ရှောင်၊ ဂွမ်မော် တို့နဲ့ မပြေလည်လို့ အင်အား လျှော့တယ် ဆိုပြီး အနားပေးခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ငြိမ်းချမ်းရေး ကာလမှာ ကေအိုင်အို၊ ကေအိုင်အေ ခေါင်းဆောင်တွေ မြစ်ကြီးနား၊ မန္တလေး၊ ရန်ကုန်၊ လားရှိုး တက်ပြီး စီးပွားရေးလုပ်၊ မြေ၀ယ်၊ ဖားကန့်မှာ ကျောက်တူး ဆိုတာတွေ လုပ်ခွင့်မရခဲ့ပဲ အိမ်ဆိုင်လေးတွေ၊ စိုက်ပျိုးရေးလေးတွေ လုပ်ပြီး နေကြသူတွေပါ။
 
အဲဒီနေ့ အစည်းအဝေးကို လိုင်ဇာတစ်ဝိုက်၊ တပ်မဟာ ၃ နယ်မြေနဲ့ မြစ်ကြီးနား၊ ဗန်းမော်လမ်း တစ်လျှောက်မှာ နေနေတဲ့ တပ်ထွက် အရာရှိတွေ တက်ရတယ်။ ကေအိုင်အေ ထုံးစံက ကေအိုင်အေထဲ ၀င်ပြီးလို့ ထွက်ခွင့်မရဘဲ ထွက်ပြေးရင် မိဘက နောက်တစ်ယောက် ပြန်အစား ပေးရတယ်။ အဲဒီလို မပေးနိုင်ရင် တပ်ပြေးကို မိရင်သတ်ပါတယ်။ တရားဝင် ထွက်ခွင့် ပေးလိုက်ရင် နေမယ့်ရွာ၊မြို့မှာ ရှိတဲ့ ကေအိုင်အေ တပ်ထွက်တွေ အဖွဲ့ကို သတင်းပို့ရပါတယ်။ အစိုးရ စစ်မှုထမ်းဟောင်း အဖွဲ့လိုပါပဲ။ ကေအိုင်အေက လိုရင် ပြောက်ကျား အဖြစ် သူတို့အခေါ် VGF မှာ ပြန်အမှုထမ်း ရပါတယ်။ အခု အစည်း အဝေးကလည်း အဲဒီ တပ်ထွက်တွေကို တာဝန်ပေးဖို့လုပ်တာဖြစ်ပါတယ်။
 
အစည်းအဝေးမှာ တပ်ထွက် အရာရှိတစ်ချို့က ငြိမ်းချမ်းရေးပျက်ရတာကို အခု ကေအိုင်အေ ခေါင်းဆောင်တွေ ကြောင့်လို့ အပြစ်တင်ကြပြီး လူထုက စစ်မတိုက် ချင်တော့ဘူးလို့ ပြောတယ်။ အပြန်အလှန် အချေတင် ငြင်းရာကနေ ဗန်းမော်ဒေသ တပ်ထွက်အဖွဲ့ ဥက္ကဌ လုပ်နေတဲ့ ဗိုလ်မှူး လဖိုင်ဇော်ဘောက်က သေနတ်ဆွဲပြီး ပစ်ဖို့ လုပ်ပါတယ်။ အဲဒါကို ဂွမ်မော်ရဲ့ ကိုယ်ရံတော် ဗိုလ်ကြီး အောင်ဒွဲက ၀င်ဆွဲပါတယ်။ ဒါပေမယ့် မရတော့ဘဲ အောင်ဒွဲကို တစ်ချက်၊ ဂွမ်မော်ကို နှစ်ချက် မှန်သွားပါတယ်။ အောင်ဒွဲကတော့ ခေါင်းကို မှန်ပြီး ပွဲချင်းပြီး သေသွားပါတယ်။ ဂွမ်မော်ကတော့ ပေါင်နဲ့ ဗိုက်မှာမှန်ပြီး လိုင်ဇာက ခေါင်းဆောင်တွေ တက်တဲ့ ဆေးရုံကို သယ်သွား ရပါတယ်။ အစည်းအဝေးလည်း ပျက်သွားပါတယ်။

 
အဲဒီလိုဖြစ်ပြီးနောက် လဖိုင်ဇော်ဘောက်နဲ့ တပ်ထွက် ငါးဆယ်လောက်ကို ဖမ်းပြီး အချုပ်တွေမှာ ခွဲချုပ် ထားပါတယ်။ အစည်းအဝေး တက်ခဲ့တဲ့သူတွေရဲ့ ဖုန်းတွေကို သိမ်းလိုက်ပြီး ဒီသတင်း မပေါက်ကြားဖို့၊ နိုင်ငံခြား အသံလွှင့် ဌာနတွေနဲ့ ဦးလနန်ကလွဲပြီး ဘယ်သူမှ စကားမပြောဖို့ အမိန့် ထုတ်ထားပါတယ်။ နောက်ပြီး ဗဟိုက လူကြီးတွေကို စောင့်တဲ့ တပ်တွေထဲက မယုံရဘူးလို့ သတ်မှတ်တဲ့ လူတွေအားလုံးကိုလည်း လက်နက်နဲ့ ဖုန်းတွေ သိမ်းထားပါတယ်။
 
ဒီိလိုဖြစ်တာဟာ ငြိမ်းချမ်းရေး ပျက်တဲ့အပေါ် မကျေနပ်တဲ့ လူထုတွေ ရှိနေတယ် ဆိုတာကို ပြသလို ဖြစ်နေတော့ ဒီသတင်းကို ကျန်တဲ့ တပ်မဟာတွေကို ပြန့်မသွားအောင် လူထု မသိအောင် ဖုံးကွယ် ထားပြီး အတင်း ငြင်းနေတာ ဖြစ်ပါတယ်။
လထော်ဂမ်း
ပိတောက်မြေမှကူးယူဖေါ်ပြသည်

0 comments:

Post a Comment


Popular Posts