'
အမိမြေ

လွှတ်တော်အရေးတွေးမိသမျှ

ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးတွေ ကျင်းပ လာလိုက်တာ တစ်လ နီးပါးရှိပါပြီ။ လွှတ်တော်ထဲမှာ မြိုင်မြိုင် ဆိုင်ဆိုင် ဆွေးနွေး နေကြတာဟာလည်း အနာဂတ် ဒီမိုကရေစီ ဖော်ဆောင်မှု အတွက် အားရစရာပါပဲ။ ပြည်ခိုင်ဖြိုး အမတ်မဟုတ်တဲ့ ဦးသိန်းညွန့် တင်သွင်းတဲ့ အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် အဆိုကို တပ်မတော် ကိုယ်စားလှယ်တွေ အပါအ၀င်က ထောက်ခံ အတည်ပြုခဲ့တာ၊ အမျိုးသား လွှတ်တော်မှာ မြန်မာနိုင်ငံ အနေနဲ့ ပါရီမြို့မှာ အခြေစိုက်တဲ့ နိုင်ငံတကာ ဆည်များအသင်းမှာ ၀င်ဖို့၊ မြန်မာနိုင်ငံမှာလည်း ဆည်တည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ လွတ်လပ်တဲ့ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဖို့ တောင်းဆိုခဲ့တာတွေ အပါအ၀င် မေးခွန်းတွေ၊ အဆိုတွေဟာ ပြည်သူတွေရဲ့ ဆန္ဒကို ထင်ဟပ်နေတာ တွေ့ရပါတယ်။
ဒါပေမယ့် တစ်ချို့ကတော့ လွှတ်တော် အမတ်တွေရဲ့ မေးခွန်းတွေဟာ ဒေသကိစ္စတွေပဲ များနေတယ်။ အကျိုးမရှိဘူး။ ဒါတွေဟာ ပြည်နယ် လွှတ်တော် အဆင့်မှ မေးရမယ့် မေးခွန်းတွေ ဖြစ်တယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲဝင်၊ လွှတ်တော်ထဲ ရောက်ရင် နိုင်ငံရေး နယ်ချဲ့ထွင်မယ် ဆိုတဲ့ ပြောလုံးတွေက အလကားပဲ၊ ဆိုပြီး အပြစ်တင်တာ တွေ့နေရပါတယ်။
ဒါဆိုရင် ဒီမိုကရေစီ နိုင်ငံတွေမှာ ဗဟိုအဆင့် လွှတ်တော်တွေမှာရော ဒေသကိစ္စ မေးတာ မရှိဘူးလားလို့ ပြန်ကြည့်ရအောင်။ အမေရိကန်၊ ဗြိတိန် အပါအ၀င် ပါတီစုံစနစ် ကျင့်သုံးတဲ့ နိုင်ငံတိုင်းမှာ ရှိပါတယ်ဗျာလို့ပဲ ဖြေလိုပါတယ်။ ဘာ့ကြောင့်လဲ။
ပထမ အကြောင်းကတော့ ဒီမိုကရေစီ နိုင်ငံအများစုမှာ ရွေးကောက်ပွဲ စနစ်ဟာ မဲဆန္ဒနယ် တစ်ခုမှာ ပါတီများက ကိုယ်စားလှယ်လောင်း တစ်ဦး အမည်စာရင်း တင်သွင်းပြီး ပြိုင်တဲ့စနစ်ကို ကျင့်သုံးပါတယ်။ Party List လို့ခေါ်တဲ့ ပါတီကို မဲပေးပြီး ပါတီအလိုက် တစ်ပြည်လုံးမှာ ရတဲ့ ထောက်ခံမဲ ရာခိုင်နှုန်း အလိုက် အမတ်နေရာခွဲပေး၊ ပါတီက ကိုယ်ရတဲ့ ခွဲတမ်းအတိုင်း ပါတီတွင်းမှာ ကိုယ်စားလှယ် ပြန်ရွေးတဲ့စနစ်ကို ကျင့်သုံးတာ မဟုတ်ပါဘူး။ ဒ့ါကြောင့် အမတ်တစ်ဦးက သူ့ကိုရွေးချယ် လိုက်တဲ့ မဲဆန္ဒနယ်ရဲ့ အကျိုးစီးပွားကို ပြန်ကြည့်ရသလို၊ ပါတီအနေနဲ့ တစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ဖို့ အတွက်လည်း ကြည့်ရပါတယ်။ ဒါ့ကြောင့် လွှတ်တော် အစည်းအဝေး တစ်ခုနဲ့ တစ်ခုကြားမှာ ကိုယ်နယ်မြေကို ပြန်ပြီး မဲဆန္ဒရှင်များရဲ့ ဆန္ဒတွေကို မေးရပါတယ်။ မဲဆန္ဒရှင်တွေက စာရေးပြီး ပြောလာရင်လည်း ဖြေရပါတယ်။ အဲ ကိုယ့်မဲဆန္ဒရှင်တွေ ၀ါရှင်တန်ကို လာလည်လို့ လွှတ်တော်ထဲကို လှည့်လည် ကြည့်ချင်တယ် ဆိုရင်လည်း စီစဉ်ပေးရတယ်။ ဂျပန်မှာဆိုရင် အမတ်တစ်ဦးဟာ သာရေး၊ နာရေး အတွက်တောင် ပြန်ပြီး ကူညီရတယ်လို့ ဆိုပါတယ်။

မဲဆန္ဒရှင်များရဲ့ သဘောထား ဆိုရာမှာလည်း ဒေသနဲ့ ဆိုင်တဲ့ လိုအပ်ချက် ရှိသလို၊ အခွန် တိုးမြှင့်တာ၊ ငွေကြေး ဖောင်းပွမှု စတဲ့ တစ်နိုင်ငံလုံးရဲ့ အရေးအရာတွေနဲ့ ဆိုင်တာလည်း ရှိပါတယ်။ ဒီတော့ မဲဆန္ဒနယ်ကို ကိုယ်စားပြုတဲ့ အမတ်ဟာ အဲဒီ အကျိုး စီးပွားတွေကို ဖော်ဆောင်ပေးနိုင်မှ လူထု ထောက်ခံမှုရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိဒေသ ဖွံ့ဖြိုးရေး အတွက် ဗဟို အစိုးရဆီက ပရိုဂျက်တွေကျဖို့၊ အလုပ်အကိုင်သစ်တွေ ဖော်ထုတ်ပေးနိုင်ဖို့ ဆိုတာတွေ အားလုံးကို လွှတ်တော်မှာ ရှိတဲ့ အမတ်က လုပ်ရပါတယ်။ လွှတ်တော်ထဲမှာ မေးမြန်းရတာရှိသလို သူ့သြဇာကို သုံးပြီး အစိုးရဌာနတွေကို စာရေး ပြောတာကအစ လုပ်ရပါတယ်။ အမေရိကန် လွှတ်တော်မှာတော့ ကိုယ့်မဲဆန္ဒနယ် အတွက် အစိုးရဆီက စီမံကိန်းတွေ ရအောင် တောင်းတာကို Pork Barrel Politic လို့ခေါ်ပြီး ဗြိတိန်မှာတော့ Election Sweetener လို့ခေါ်ပါတယ်။ အမတ် တစ်ယောက်ဟာ မဲဆန္ဒနယ်ရဲ့ လိုအပ်ချက်ကို မေ့ပြီး ကမ္ဘာကြီးအရေး၊ တစ်နိုင်ငံလုံး အရေးကိုပဲ လုပ်နေရင် နောက်တစ်ခါ မဲပြန်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါအဖြစ်မှန်ပါပဲ။
ဒုတိယ အကြောင်းကတော့ ဗဟိုအစိုးရရဲ့ လုပ်ပိုင်ခွင့် ဖြစ်ပါတယ်။ မိမိမဲဆန္ဒနယ်ရဲ့ လိုအပ်ချက်ဟာ ပြည်နယ် အစိုးရ အဆင့်က လုပ်နိုင်တာ မဟုတ်ဘူး ဆိုရင် ဗဟိုအဆင့် လွှတ်တော်မှာ ပြောရ၊ တောင်းရ၊ မေးရတော့မှာ ဖြစ်ပါတယ်။ ဥပမာ မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေ အရ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရတွေက စည်ပင်သာယာ အဖွဲ့က လုပ်ပိုင်ခွင့်ရှိတဲ့ လမ်းတွေကိုပဲ ပြင်လို့ ဖောက်လို့ ရတယ်။ ပြည်ထောင်စု အဆင့်လမ်းများကို လုပ်လို့ မရဘူး။ ဒါ့ကြောင့် ကိုယ့်ဒေသထဲက လမ်းတစ်လမ်းဟာ ပြည်ထောင်စု လမ်းမကြီး အစိတ်အပိုင်း ဖြစ်နေရင် ပြည်ထောင်စု အဆင့် လွှတ်တော်မှာပဲ မေးရ၊ တောင်းဆိုရတော့မှာ ဖြစ်ပါ တယ်။
ဒ့ါကြောင့် ဗဟိုအဆင့် လွှတ်တော်မှာ ဒေသအဆင့် လာပြောတယ်ဆိုတာ အပြစ် မဟုတ်ပါဘူး။ နိုင်ငံတကာမှာ ဒီလိုပဲ လုပ်ကြတာ ဖြစ်ပါတယ်။ Party List နဲ့ ရွေးတာတာတောင် မဲဆန္ဒနယ်ကို ပစ်ပယ်လို့ မရပါဘူး။ မဲစာရင်းအရ ကိုယ်အများစု နိုင်ခဲ့တဲ့ မဲဆန္ဒနယ် အတွက် ထိတွေ့ပြီး လိုတာလုပ်ရ၊ မနိုင်တဲ့ နေရာမှာ နောက်တစ်ကြိမ် အတွက် စည်းရုံးတဲ့ အနေနဲ့ လုပ်ရပါတယ်။
ဒီတော့ အခုပြည်ထောင်စု လွှတ်တော်မှာ ပြောကြ၊ ဆွေးနွေးကြ၊ မေးကြတာတွေထဲမှာ မှားတာ၊ အဆင့် နိမ့်တယ်လို့ ပြော နိုင်တဲ့ ကိစ္စတစ်ချို့ ရှိနိုင်ပါတယ်။ သို့သော် ပြည်သူ့ ကိုယ်စားလှယ် ဆိုသူများက ပြည်သူတွေ ဆန္ဒကို ပွင့်ပွင့် လင်းလင်း ပြောခွင့်မရတာ နှစ်ငါးဆယ် ကျော်လာတဲ့ နိုင်ငံတစ်နိုင်ငံမှာ ဒီလိုအခြေအနေ ဖြစ်လာတာကို ကြိုဆိုဖို့ပဲ ရှိပါတယ်။ အပြု သဘောနဲ့ အကြံပြု ပေးနိုင်ပါတယ်။ သို့သော် အစထဲက ရွေးကောက်ပွဲကို သဘောမတူလို့ အရွေးခံရတဲ့ ကောင်တွေ ဘာလုပ်လုပ် အကောင်း မပြောနိုင်ဘူး ဆိုတဲ့ အမြင်နဲ့ ပြောနေ ရင်တော့ နိုင်ငံနဲ့ ပြည်သူတွေ အတွက် ဘာမှ အကျိုး မရှိနိုင်ပါဘူးလို့ ဆိုချင်ပါတယ်။
ပိတောက်မြေ

0 comments:

Post a Comment


Popular Posts