'
အမိမြေ

မြန်မာနိုင်ငံဆိုင်ရာအမေရိကန်အထူးကိုယ်စားလှယ်မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်လည်ပတ်




အမေရိကန်က ခန့်အပ်ထားသော မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Derek Mitchell  သည် စက်တင်ဘာလ ၉ ရက်နေ့က မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့သည်။
မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန် အမေရိကန်က ပထမဆုံးအကြိမ် ခန့်အပ်ခဲ့သော မစ်ရှယ်သည် စက်တင် ဘာလ ၉ ရက်နေ့က နေပြည်တော်တွင် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝဏ္ဏမောင်လွင် နှင့်တွေ့ဆုံခဲ့သည်။ မစ်ရှယ်သည် အမျိုးသား လွှတ်တော်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌများ အပါအ၀င် အခြား ထိပ်တန်း တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ပြီး စက်တင်ဘာလ ၁၀ ရက်နေ့က ရန်ကုန်သို့ သွားရောက်ခဲ့သည်။
အမေရိကန်အစိုးရ၏ ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Mr. Derek Mitchell  နှင့်အဖွဲ့သည် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အပါအ၀င် ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်အား စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် အမျိုးသားလွှတ်တော် ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး တွေ့ဆုံဆွေးနွေးမှုမှာ နာရီဝက်ကြာမြင့်ခဲ့သည်။
ထို့နောက် Mr. Derek Mitchell  ဦးဆောင်သည့် အဖွဲ့သည် ယင်းနေ့ နံနက် ၁၁ နာရီတွင် ပြည်သူ့လွှတ်တော်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ ခန်းမတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါသည်။ ယင်းသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အချို့လည်း တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှု၊ တိုးတက်မှုဖြစ်စဉ်များ နှင့်ပတ်သက်၍ မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံ၏ သဘောထားကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မစ်ရှယ်သည် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။ မစ်ရှယ်သည် အာရှနှင့် ပတ်သက်၍ မူဝါဒရေးရာများတွင် အတွေ့အကြုံ ရင့်ကျက်သူတစ်ဦး ဖြစ်ပြီး ဇွန်လက အထက်လွှတ်တော်တွင် ကြားနာစဉ်က မြန်မာခေါင်းဆောင်များနှင့် တိုက်ရိုက် တွေ့ဆုံသွားရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ သို့သော်လည်း အမေရိကန် အနေဖြင့် မြန်မာနိုင်ငံရေး ချဉ်းကပ်ရာတွင် ပြောင်းသာပြင်သာ ရှိသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။  သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ်လက် ထက်တွင် မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်ခန့်အပ်ရန် စီစဉ်ခဲ့သော်လည်း ၂၀၀၈ ခုနှစ်တွင်မှ ထို ရာထူးကို ခန့်ထားခွင့် ရရှိခဲ့သည်။ သို့သော်လည်း နိုင်ငံရေး အငြင်းပွားမှုများကြောင့် ထိုအချိန်က မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ကို မခန့် အပ်နိုင်ခဲ့ပေ။ ၂၀၀၉ ခုနှစ်တွင် သမ္မတ ဘားရက်အိုဘားမားအဖွဲ့က မြန်မာနိုင်ငံကို အထီးကျန်ထား၍ ရည်ရွယ်သော ပိတ်ဆို့အရေးယူမှုများ သည် မထိရောက်ကြောင်း သုံးသပ်ခဲ့ပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ အရေးကို ကိုင်တွယ်မှုပြောင်းလဲ ခဲ့သည်။
မစ်ရှယ်သည် မြန်မာနိုင်ငံသို့ မလာရောက်မီ စင်ကာပူ စထရိတ်တိုင်းမ်သတင်းစာနှင့် တွေ့ဆုံခဲ့ရာ တွင် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် မြန်မာနိုင်ငံက ဆက်လက် ဆောင်ရွက်မည်ဆိုပါက အမေရိကန် ကလည်း တုံ့ပြန်ဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
မြန်မာအစိုးရသစ်သည် ပြီးခဲ့သည့်တစ်ပတ်က လူ့အခွင့်အရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းတည်ထောင် ခဲ့ပြီး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန်အတွက် ကြိုးပမ်းခဲ့သည်။
မစ်ရှယ်အနေဖြင့် မြန်မာနိုင်ငံ၌ ဒီမိုကရက်တစ်ပြု ပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ မည်ကဲ့သို့ရှိသည်ကို တွေ့မြင်ရနိုင်မည်ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။ ယခုနှစ်အတွင်း၌ မြန်မာနိုင်ငံသို့ အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း လာရောက်ခဲ့ပြီးနောက် မစ်ရှယ်၏ ခရီးစဉ်သည် ဒုတိယမြောက် အမေရိကန် တာဝန်ရှိသူတစ်ဦး၏ ခရီးစဉ်ဖြစ်သည်။

0 comments:

Post a Comment


Popular Posts