'
အမိမြေ

မီဒီယာလောကအတွက် လှေကားတစ်ထစ်ပေါ်ပေါက်လာခဲ့ပြီလား



တကယ်တမ်း ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံမှာ သတင်းထောက်တွေကို လွှတ်တော်ထဲအထိ သတင်းရယူခွင့်ပေးတယ်ဆိုတာ ထူးဆန်းလှတဲ့ အကြောင်းအရာတော့ မဟုတ်ပါဘူး။
ဒါပေမယ့် သက်တမ်းနုနယ်သေးတဲ့ လွှတ်တော်မှာ ပထမဆုံးအကြိမ် သတင်းထောက်တွေ ၀င်ရောက်သတင်းရယူခွင့် ရတာက လက်ကမ်း ကြိုဆိုရမယ့် တိုးတက်မှုတစ်ခုပါပဲ။
ဩဂုတ်လ ၂၂ ရက်နေ့ မနက်မှာ လွှတ်တော်အစည်းအဝေးတက်ဖို့ ကြိုတင် စာရင်းပေးထားသူတွေက နေပြည်တော်မှာရှိတဲ့ ပြန်ကြားရေး ဝန်ကြီးဌာနရုံးမှာ စုဝေးရောက်ရှိနေကြပါတယ်။
အားလုံးပဲ စိတ်လှုပ်ရှား ရင်ခုန်နေကြပါတယ်။
ထမင်းဖိုး တစ်ရက်စာကျပ် ၂,၀၀၀ နဲ့ Press ကတ်တစ်ခုကို ကျပ် ၃၀၀ နဲ့ဝယ်၊ တချို့က အမျိုးသားလွှတ်တော်၊ တချို့က ပြည်သူ့ လွှတ်တော်မှာ သတင်းရယူဖို့ အဆင်သင့် ပြင်နေကြရပါတယ်။ အဲဒီနောက်မှာ ပြန်ကြားရေးဝန်ကြီး ဌာနက တာဝန်ရှိသူတွေက မှာကြားစရာ ရှိတာတွေ မှာကြားပါတယ်။
လွှတ်တော်တွင်းမှာ သတင်းရယူတာနဲ့ ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန် ၁၆ ချက်ကို ရှင်းပြပါတယ်။ လွှတ်တော်တွင်းမှာ ကွမ်းမစား၊ ဆေးလိပ်မသောက်ဖို့ကအစ လွှတ်တော် ကိုယ်စားလှယ်တွေကို အနှောင့်အယှက် မဖြစ်စေဖို့၊ သတ်မှတ်ထားတဲ့နေရာတွေမှာသာ နေထိုင်ကြဖို့၊ လွှတ်တော်ကိုယ် စားလှယ်တွေနဲ့ ၀န်ထမ်းတွေကို ပြန်ကြားရေးကော်မတီရဲ့ ခွင့်ပြုချက်မရဘဲ တွေ့ဆုံခြင်းမပြုဖို့ ဆိုတာမျိုးတွေပေါ့။
ပြီးတဲ့နောက်တော့ စီးတီးဘတ်စ် နှစ်စီးနဲ့ လွှတ်တော်ကို စထွက် ကြပါတယ်။ လွှတ်တော်ရဲ့ ၀င်ပေါက်(၂)မှာ အားလုံး ကားပေါ်က ဆင်းပြီး မိုဘိုင်းဖုန်းတွေကို စစ်ဆေးရေးဂိတ်မှာပဲ ထားခဲ့ရပြီး တခြားလိုအပ်တဲ့ပစ္စည်းတွေဖြစ်တဲ့ အသံဖမ်းစက်၊ ကင်မရာ၊ စာရွက် စာတမ်းတွေ ကိုတော့ အထဲထိယူသွားလို့ရပါတယ်။
ဂိတ်ကိုဖြတ်ပြီးရင် ကားကြီးတစ်စီးပေါ် ထပ်တက်ကြပြီး အမျိုးသားလွှတ်တော်ကို အရင်သွားပါတယ်။ အဲဒီမှာ သတင်းရယူမယ့်သူတွေ ဆင်းနေခဲ့ရပြီး ပြည်သူ့လွှတ်တော်ကို ဆက်သွားပါတယ်။ ကျွန်မကတော့ အမျိုးသားလွှတ်တော်မှာ ဆင်းနေခဲ့ပါတယ်။
လွှတ်တော်အစည်းအဝေး ကျင်းပရာ ခန်းမတွေရဲ့အပေါ်ဘက် ဘေးဘယ်ညာ နှစ်ဖက်မှာ မှန်ပြတင်းပေါက်တွေတပ်ထားတဲ့ Interpreter Booth တစ်ခုစီရှိပါတယ်။ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ တယ်လီဗီးရှင်းတစ်လုံးရှိပြီး ခန်းမထဲမှာ ဆွေးနွေးနေတဲ့အသံ ကိုလည်း ရှင်းရှင်း လင်းလင်း ကြားနေရပါတယ်။
သတင်းထောက်တွေ၊ သတင်းဓာတ်ပုံ ဆရာတွေအားလုံး အဲဒီအခန်းထဲမှာ သတင်းယူရတာဖြစ်ပါတယ်။
မနက် ၁၀ နာရီ အစည်းအဝေးစစချင်းမှာ အစည်းအဝေးခန်းရဲ့ ၀င်ပေါက်ကနေ ကိုက် အနည်းငယ်အထိဝင်ပြီး ဓာတ်ပုံရိုက်ယူ ခွင့် သုံးမိနစ်ခန့်ပေးပါတယ်။ တိုးတိုး ဝှေ့ဝှေ့ ရိုက်ပြီးတာနဲ့ Interpreter Booth တွေဆီ ပြန်ပြေးရပြန်ပါတယ်။ အစည်းအဝေးစစချင်း အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် မိန့်ခွန်းပြောအပြီး သိပ်မကြာမီမှာဘဲ မိတ္တူတစ်စောင်စီ ဝေပေးပေမယ့် သတင်း ထောက်ဦးရေနဲ့ မလောက်ငတာကြောင့် ကျွန်မ အသံဖမ်းစက်ကိုပဲ အားကိုးရပါတော့တယ်။
မနက် ၁၀ နာရီ မိနစ် ၅၀ မှာ ပထမ နေ့ အစည်းအဝေးပြီးတဲ့နောက် ထမင်း အမြန်စားကြရပြန်ပါတယ်။
မွန်းလွဲ ၁ နာရီဆို ပြည်ထောင်စုလွှတ်တော် အစည်းအဝေးရှိတာမို့ အားလုံး ခပ်သုတ်သုတ် ဖြစ်နေကြပါတယ်။ အဲဒီအစည်းအဝေးမှာ နိုင်ငံတော် သမ္မတက မိန့်ခွန်းပြောမယ်၊ မိန့်ခွန်းပြောတာကိုလည်း မိနစ်အနည်းငယ် ပေးရိုက်မယ်ဆိုတော့ အားလုံးက လှုပ်လှုပ်ရှား ရှား ဖြစ်နေကြပြန်ပါတယ်။
ပြည်ထောင်စု လွှတ်တော်ကို ၀င်ဝင်ချင်းမှာ စိစစ် လက်မှတ်ထိုးတဲ့နေရာမှာ လွှတ်တော် အမတ်များနဲ့ နှုတ်ဆက်စကားပြောဖို့ အခွင့် အရေးရပါတယ်။ ပြီးရင်တော့ Interpreter Booth မှာ နေရာယူရပြန်ပါတယ်။ နိုင်ငံတော် သမ္မတ မိန့်ခွန်းစပြောပြီဆိုတဲ့အချိန်မှာ ကျွန်မတို့တစ်တွေကို ခန်းမရဲ့အပေါ်ထပ် ၀င်ပေါက်ကနေ ပေးဝင်ပြီး နှစ်မိနစ်ကြာ ဓာတ်ပုံပေးရိုက်ပါတယ်။
နောက်တော့ ထုံးစံအတိုင်း ကိုယ့်နေရာကိုယ် ပြန်ကြရပါတယ်။ ပထမနေ့ကတည်းက စိတ်ဝင်စားစရာ ဥပဒေကြမ်းတွေ တင်ပြီ ဆိုတော့ ကျွန်မ တို့မှာ လွှတ်တော်ခန်းမထဲကဆွေးနွေးချက်တွေကို အာရုံစိုက် နားထောင်ရပါတယ်။ ပြေးဟယ်လွှားဟယ်နဲ့ ပင်ပန်းနေ ကြပြီဆိုပေမယ့် သတင်းအမီ ပို့နိုင်ရေး ကြိုးစားရပြန်တာပါ။
မွန်းလွဲ ၂ နာရီ မိနစ် ၄၀ မှာတော့ သတင်းသမားတွေရဲ့ လွှတ်တော်ခရီးစဉ် ပထမနေ့ဟာလည်း ချောချောမွေ့မွေ့ ပြီးဆုံးခဲ့ပါတယ်။ အားလုံးလည်း ဖတ်ဖတ်မောနေကြပါပြီ။ ဒီအလုပ်က တစ်နေ့တည်း ပြီးဆုံးမယ့်အလုပ်မဟုတ်ဘဲ နောက်ရက် နောက်ရက်တွေမှာ ပိုမိုအဆင်ပြေချော မွေ့ဖို့ မျှော်လင့်မိပါတယ်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးက သူ့ရဲ့နှုတ်ခွန်းဆက်စကားမှာ သတင်းမီဒီယာတွေရဲ့ ဝေဖန်အကြံပြုမှုတွေကို လွှတ်တော်အနေနဲ့ ခံယူသွားရမယ်လို့ ထည့်သွင်း ပြောကြားခဲ့တာကလည်း အားတက်စရာပါပဲ။
ဒီပထမနေ့ခရီးစဉ်ဟာ မီဒီယာလောကရဲ့ နောင်အနာဂတ်အတွက် လှေကားထစ် တစ်ထစ်အဖြစ် အဆင့်မြင့်သထက်မြင့်တဲ့နေရာကို လမ်းပြဆောင်ယူနိုင်ပါစေလို့ ဆုတောင်းမိပါတော့တယ်။

Ref : http://www.myanmar.mmtimes.com/
 

0 comments:

Post a Comment


Popular Posts