'
အမိမြေ

16.02.2012 နေ့ဖတ်ရန်သတင်းများ စုစည်းမှု

တရုတ်ပြည် လူ့အခွင့်အရေး ပြုပြင်စရာတွေ ရှိသေးအိုဘားမား တရုတ် ဒုသမ္မတတွေ့
အမေရိကန် သမ္မတ ဘားရက် အိုဘားမားနဲ့ တရုတ်ပြည်ရဲ့ အနာဂတ် ခေါင်းဆောင်လို့ ယူဆကြတဲ့ ရှီဂျင်းပင်တို့ ပထမဆုံး အကြိမ် တွေ့ဆုံဆွေးနွေးရာမှာ ကုန်သွယ်ရေး လူ့အခွင့်အရေး ကိစ္စတွေ ပါဝင်ပါတယ်။
တရုတ်ပြည် လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ပြုပြင်စရာတွေ ရှိသေးတယ်လို့ မစ္စတာရှီက ဝန်ခံသွားပေမယ့် ပြီးခဲ့တဲ့ အနှစ် ၃၀ လုံးလုံး တရုတ်ပြည် အနေနဲ့ အောင်မြင်မှုတွေ အများကြီး ရခဲ့တယ်လို့ ပြောဆိုသွားပါတယ်။
သမ္မတ အိုဘားမားကတော့ အမေရိကန် အနေနဲ့ တရုတ်ပြည်ရဲ့ ငြိမ်းချမ်းစွာ တိုးတက်မှုကို အကောင်းဘက်က ရှုမြင်ပါတယ်။ ဒါပေမယ့် အင်အား ကြီးလာတာနဲ့အမျှ တာဝန် ယူစရာ တွေလည်း များလာတယ်ဆိုတာ အသိအမှတ် ပြုသင့်တယ်လို့ ပြောကြား သွားပါတယ်။
နှစ်နိုင်ငံကြား ကုန်သွယ်ရေး ချိန်ခွင်လျှာညီမျှဖို့လည်း သူက တောင်းဆိုလိုက်ပြီး အမေရိကန် အနေနဲ့ တရုတ်ပြည် လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ဆက်လက် တွန်းအား ပေးသွားမယ်လို့ ပြောဆို သွားပါတယ်။

အမျိုးသမီး ဘတ်စ်ကား ရန်ကုန်မှာ စပြေးရန်ကုန်မှာ မိန်းမ ဘတ်စ်ကားဆွဲ
ပထမဆုံး အမျိုးသမီး သီးသန့် ဘတ်စ် ကားတွေ ဖေဖော်ဝါရီ ၁၄ က ရန်ကုန်မှာ စတင် ပြေးဆွဲနေပြီ ဖြစ်ပါတယ်။
တနင်္လာက သောကြာထိ ရုံးတက်ရက်တွေမှာ လူကျပ်တဲ့ ရုံးတက် ရုံးဆင်းချိန် တွေမှာ ပြေးဆွဲ ပေးတာပါ။
အမျိုးသား တွေနဲ့ တိုးဝှေ့ စီးရလို့ အမျိုးသမီး တွေအပေါ် မဖွယ်မရာ ပြုတာမျိုး ရှိတဲ့အတွက် စီစဉ်ခဲ့တာလို့ ကြိုးပမ်းခဲ့သူ ဒေါ်ကေခိုင် အောင်ခင်က ဆိုပါတယ်။
ပါရမီကားတွေ လက်ရှိ ယူနေတဲ့ ဈေးအတိုင်းပဲ ပေးရပါတယ်။
ကြိုတင် ကြေညာ ပြေးဆွဲတာ မဟုတ်လို့ လူသိပ်မသိပေမယ့် လာစီးကြသူတွေက ဝမ်းသာကြတယ် လို့လည်း ဆိုပါတယ်။

အိန္ဒိယမှာ မြေငလျင်ဘေး ကာကွယ်ရေး လေ့ကျင့်
အိန္ဒိယ နိုင်ငံ ဒေလီမြို့ က မြေငလျင် အကြို လေ့ကျင့် စမ်းသပ်မှု တခုမှာ လူ ထောင်ပေါင်း များစွာ ပါဝင် ခဲ့ကြ ပါတယ်။
တကယ်လို့ မြေငလျင် လှုပ်ခဲ့ရင် အရေးပေါ် ဌာနတွေ၊ ဆေးရုံတွေ နဲ့ ပြည်သူတွေ အဆင်သင့် ဖြစ် မဖြစ် သိလိုတဲ့ အတွက် အခုလို အစမ်း လေ့ကျင့်တာ ဖြစ်တယ်လို့ အိန္ဒိယ အစိုးက ပြောပါတယ်။
ဒေလီမြို့ဟာ ငလျင်ကြော ပေါ်မှာ ရှိနေတဲ့ အတွက် အဆောက် အဦ ၁၀ ခုမှာ ၉ ခုဟာ မြေငလျင် ကြောင့် ပြိုကျ နိုင်တယ်လို့ အိန္ဒိယ အစိုးက ခန့်မှန်း ထားပါတယ်။
ဒီစမ်းသပ် လေ့ကျင့် မှုကို ဒေလီမြို့က မြေအောက် ရထား ဘူတာရုံကြီး တခုမှာ လူတွေ ပြည့်ကျပ် နေတဲ့ မနက်ဖက် ရုံးတက်ချိန် အတွင်း နိုင်ငံ တကာ ဘေး အန္တရာယ် ကြိုတင် ပြင်ဆင် ကာကွယ်ရေး အေဂျင်စီ က ကြီးမှူးပြီး လုပ်ခဲ့ တာပါ။
ငလျင် လှုပ်သွားတယ်၊ အပြင် ထွက်ကြပါ ဆိုတဲ့ အသိပေး ကြေညာသံ ထွက်ပေါ် လာချိန်မှာ လူတွေ အတော်လေး ကြောင်တောင်တောင် ဖြစ်သွားပုံ ရပြီး ဘာလုပ်လို့ လုပ်ရမှန်း သိကြပုံ မပေါ် ခဲ့ပါဘူး။
အဲဒီ နောက်မှာတော့ အဝါရောင် တောက်တောက် ဂျက်ကက် အင်္ကျီတွေ ဝတ်ထားတဲ့ ရဲတွေနဲ့ စေတနာ့ ဝန်ထမ်းတွေ က လူတွေကို အဲဒီ နေရာ ကနေ ထွက်ခွာ ကြဖို့ လိုက်နှိုး ဆော် ခဲ့ကြ ပါတယ်။
ခရီးသည် အမျိုးသမီးတယောက်က "ဘာလုပ်ရမလဲဆိုတာ မသိပါဘူး၊ ကျန်တဲ့ လူတွေလည်း သိပုံမရပါဘူး၊ တကယ်သာ ငလျင် လှုပ်တယ် ဆိုရင် ဘာလုပ် ရမလဲ ဆိုတာ ဘယ်သူမှ မသိကြ ပါဘူး" လို့ ပြောပါတယ်။
တောင်အာရှ ဒေသဟာ ငလျင်ဒဏ် ကို ဆိုးဆိုး ရွားရွား ခံရတဲ့ အစဉ် အလာ ရှိပြီး ဒေလီမြို့ ဟာ ငလျင်ကြောပေါ်မှာ ရှိနေ တာကြောင့် ငလျင်ဒဏ် ဖြစ်ဖို့ အလားအလာ များတဲ့ ဒေလီမြို့ အနေနဲ့ အသေ အချာ ကြိုတင် ပြင်ဆင် ထားဖို့ လိုနေတယ် လို့ အာဏာပိုင် တွေက ပြောပါတယ်။

NLD နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး
NLD ရွေးကောက်ပွဲ ဝင်ရတဲ့ အကြောင်း တွေ ထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ထဲက ပြင်ဆင်သင့်တာ တွေ ကို ပြင်ဆင် နိုင်ဖို့ လည်းပါဝင် တယ် လို့ ဆိုပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲ မှာ NLD ပါတီ ရဲ့ လွှတ်တော်ကိုယ်စားလှယ် လောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မယ့် ဦးဖြိုးမင်းသိန်း အတွက် လှည်းကူးမြို့နယ် အတွင်း မဲဆွယ်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် က ပါတီ ရွေးကောက်ပွဲ ဝင်တဲ့ ရည်ရွယ်ချက် တွေ ထဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ထဲက ပြင်ဆင်သင့်တဲ့ အချက် တွေ ကို ပြင်ဆင်ဖို့ ကြိုးစားတာ လည်း ပါဝင် တဲ့ အကြောင်း လူထု စုဝေးပွဲ မှာ ပြောခဲ့ တယ်လို့ ဘီဘီစီ ကို ဦးဖြိုးမင်းသိန်း က ပြောပြ ပါတယ်။
တခြားရည်ရွယ်ချက် တွေ ကတော့ တရားဥပဒေ စိုးမိုးရေး နဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စ တွေ ဖြစ်ကြောင်းလည်း သူ က ပြောပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ် နေတဲ့ လွှတ်တော် အမတ် နေရာ ၄၈ နေရာ အတွက် သာ ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့ အတွက် NLD အကောင်းဆုံး ရလဒ် ရသည့်တိုင် လွှတ်တော် အတွင်း မှာ NLD အမတ်က အနည်းစု သာ ဖြစ်ဦးမှာ ပါ။
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ရဲ့ သြဇာ အရှိန်အဝါ ၊ အရည်အချင်းတွေ နဲ့ ဖွဲ့စည်းပုံ ပြင်ရေး ဆွဲဆောင် စည်းရုံးမှု တွေ အောင်မြင်နိုင်ပါတယ် လို့ ဦးဖြိုးမင်းသိန်း က ပြော ပါတယ်။

မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးနာမည်ဆိုးတဲ့ ရွှေတြိဂံဒေသတာချီလိတ်အနီး မူးယစ်ဆေးဝါး ဖမ်းဆီးရမိ
တာချီလိတ်မြို့နယ်အတွင်းမှာ ယားဘ စိတ်ကြွဆေးပြား၊ ဘိန်းဖြူ နဲ့ လက်နက် များ ဖမ်းဆီးရမိပါတယ်။
ယားဘစိတ်ကြွဆေးပြား ၈ သန်း ၇ သိန်းကျော် နဲ့ ဘိန်းဖြူ ၅၂ ကီလို သိမ်းဆီးရမိပြီး အမ် ၁၆ သေနတ်အပါအဝင် သေနတ်အရှည် ၃ လက်နဲ့ အတို တစ်လက်ကို သိမ်းဆီးရမိတယ်လို့ တာချီ လိတ်မြို့က ရဲအရာရှိက ဘီဘီစီကို အတည်ပြု ပြောကြားပါတယ်။
တနင်္လာနေ့တုန်းက တာချီလိတ်မြို့နယ်၊ ဖါခေါင် ကျေးရွာက နေအိမ်ခြံဝင်းတခုကို သတင်း အရသွားရောက်ရှာဖွေရာမှာ မြေအောက်ကျဉ်းတူးပြီး ဝှက်ထားတဲ့ မူးယစ်ဆေးဝါးနဲ့ သေ နတ်တွေကို သိမ်းဆီးရမိတာဖြစ်ပါတယ်။
ခြံစောင့် အမျိုးသမီးကြီးတစ်ဦးကိုလည်း ရဲက ဖမ်းဆီးထားတယ်လို့ တာချီလိတ် ရဲတပ်ဖွဲ့က ပြောပါတယ်။
အခုဖြစ်ပွားခဲ့တဲ့ နေရာဟာ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးနာမည်ဆိုးတဲ့ ရွှေတြိဂံဒေသ အတွင်းက နေရာတစ်နေရာ ဖြစ်ပါတယ်။

ဘန်ကောက် ဗုံးကွဲမှု တဦးချင်းပစ်မှတ် ထားလို့ဆို
ပေါက်ကွဲမှု ဖြစ်ပွားတဲ့ နေရာကို စစ်ဆေး နေကြသူများ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အင်္ဂါနေ့က ဗုံး ၃ လုံးပေါက်ကွဲ ခဲ့တဲ့ အမှုမှာ ပါဝင် ပတ်သက် နေသူ တွေဟာ လူ တဦးချင်း ကို ပစ်မှတ် ထား တိုက်ခိုက်ဖို့ ရည်ရွယ် တာ ဖြစ်နိုင်တယ် လို့ ထိုင်း နိုင်ငံခြား ရေး ဝန်ကြီး စူရာပေါ် တာဝီချက် ချိုင်ကွန်း က ပြောပါတယ်။
ဘန်ကောက်မြို့လည် လူစည်ကားရာ ရပ်ကွက် တခုဖြစ်တဲ့ စူခွန်ဗစ် ၇၁ လမ်းမှာ အဲဒီ ပေါက်ကွဲ မှုတွေ ဖြစ်ခဲ့ တာပါ။
အိန္ဒိယမှာ အလားတူ ဖြစ်ခဲ့တဲ့ အတွေအကြုံ အပါအဝင် အခု ဘန်ကောက်မှာ ပေါက်ကွဲမှု ကနေ ရတဲ့ သက်သေခံ ပစ္စည်းတွေ ကို ထောက်ရှုပြီး အခုလို ကောက်ချက် ချခဲ့တာ လို့ ထိုင်း နိုင်ငံခြားရေး ဝန်ကြီး က သတင်းထောက် တွေကို ပြောပါတယ်။
အခု တရားခံလို့ စွပ်စွဲပြီး ဖမ်းဆီး ထားတဲ့ အီရန် လူမျိုး ၂ ဦးကို စစ်ဆေးချက် အရ အစ္စရေး သံရုံးက တာဝန် ရှိသူ တွေကို တိုက်ခိုက်ဖို့ ရည်ရွယ် ထားပုံ ရတယ် လို့ ထိုင်း ရဲချုပ် ကလည်း သတင်းထောက် တွေကို ထုတ်ဖေါ် ပြောကြား ခဲ့ပါတယ်။

သမ္မတ အာဆတ်ကို အားပေးထောက်ခံသူများဆီးရီးယားသမ္မတ လူထုဆန္ဒခံယူဖို့ရှိ
ဆီးရီးယားသမ္မတ ဘာရှာအယ်လ် အာဆတ်က အခြေခံဥပဒေသစ်မူကြမ်း အတွက် လူထုဆန္ဒခံယူပွဲကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ပြုလုပ်ဖို့ ရှိတယ်လို့ ဆီးရီး ယားအစိုးရ သတင်းဌာန က သတင်းထုတ် ပြန်ပါတယ်။
အတိုက်အခံတွေကတော့ ဆီးရီးယားအစိုးရက ဆန့်ကျင်သူတွေကို ပြင်းပြင်းထန် ထန် ခြေမှုန်းတိုက်ခိုက်မှုတွေ လုပ်နေဆဲဖြစ်တဲ့ အတွက် အစိုးရရဲ့ နိုင်ငံရေးလုပ်ဆောင်မှုအားလုံးကို လုံးဝဆန့်ကျင်တယ်လို့ တုံ့ပြန်ထား ပါတယ်။
ဟုမ်းစ် မြို့မှာ တိုက်ပွဲတွေပြင်းထန်နေပြီး အစိုးရတပ်တွေက သူတို့ကို နှိပ်ကွပ်နေဆဲပဲလို့ အတိုက်အခံတွေက ပြောပါတယ်။
ဒီတိုက်ပွဲရဲ့ ပစ်ခတ်မှုတွေဟာ အဓိကရေနံပိုက်လိုင်းတခုကို ထိမှန်ပျက်စီးစေခဲ့ပြီး ဆီးရီး ယားအစိုးရ ရုပ်မြင်သံကြားကတော့ ဟုမ်းစ် မြို့အနီး တိုက်ပွဲတွေကြောင့် ရေနံချက်စက်ရုံ မီးလောင်နေတဲ့ပုံကို ထုတ်လွှင့်ပြသခဲ့ပါတယ်။

လူ့အခွင့်အရေးကိစ္စဆွေးနွေးဖို့ တရုတ်အဆင်သင့်ရှိ
By ဗွီအိုအေ (မြန်မာဌာန)
တရုတ်နိုင်ငံအနေနဲ့ လူ့အခွင့်အရေးဆိုင်ရာတွေမှာ ပွင့်ပွင့်လင်းလင်းပြောဆိုဖို့ အသင့်ဖြစ်နေသလို စီးပွားရေးပြဿနာတွေအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ကတိတွေအတွက်လည်း အသင့်ဖြစ်နေပြီလို့ အမေရိကန်မှာရောက်နေတဲ့ တရုတ် ဒုသမ္မတ ရှီကျင်းပင်က အမေရိကန်ခေါင်းဆောင်တွေကို ပြောလိုက်ပါတယ်။
အမေရိကန်သမ္မတ ဘရက်က် အိုဘားမားနဲ့ ဒုသမ္မတ ဂျိုးဘိုင်ဒန်တို့နဲ့ သမ္မတအိမ်ဖြူတော်မှာ အင်္ဂါနေ့က တွေ့တဲ့အချိန်မှာ မစ္စတာရှီကျင်းပင်က အခုလို ပြောလိုက်တာပါ။ တရုတ်နိုင်ငံက ပြုပြင်ပြောင်းလဲရေးတွေနဲ့အတူ တခါးဖွင့်ဝါဒကျင့်သုံးလာခဲ့ချိန်က စပြီး လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ကထက် ပိုကောင်းလာခဲ့ပြီး သိသိသာသာ အသိအမှတ်ပြုတာ ခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။
တရုတ်နိုင်ငံက လူဦးရေ အဆမတန်များတဲ့အပြင် ဒေသဆိုင်ရာဖွံ့ဖြိုးမှုမညီမျှတဲ့အတွက် လူ့အခွင့်အရေးတိုးတက်ဖို့နဲ့ တရုတ်လူထုရှင်သန်ရပ်တည်ရေး တိုးတက်မြင့်မားအောင် လုပ်ရာမှာ စိန်ခေါ်မှု အများအပြားကို ရင်ဆိုင်နေရပေမယ့် တရုတ်ပြည်သူတွေရဲ့ လိုအပ်ချက်ကို အစိုးရက ဦးစားပေး ဖြေရှင်းနေပါတယ် လို့လည်း ပြောပါတယ်။
စီးပွားရေးဆိုင်ရာ ပြဿနာတွေနဲ့ ပတ်သက်ပြီး ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကို ညီမျှအောင် နှစ်နိုင်ငံလုံးက လုပ်သင့်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန နေ့လည်စာ စားပွဲမှာ တရုတ် ဒုသမ္မတက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံကြား ကာကွယ်မှုတွထက် ဆွေးနွေးညှိနှိုင်းမှုကတဆင့် အဖြေရှာဖို့ကိုလည်း ပြောပါတယ်။

ဆီးရီယားဖွဲ့စည်းပုံ ဆန္ဒခံယူပွဲ ရက်သတ်မှတ်
By ဗွီအိုအေ (မြန်မာဌာန)
ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆဒ်က ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲရေး လူထုဆန္ဒ ခံယူပွဲတရပ်ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာကျင်းပမှာ ဖြစ်တယ်လို့ သတ်မှတ်တဲ့အကြောင်း နိုင်ငံပိုင်သတင်းတွေကနေ ကြေညာလိုက်ပါတယ်။
အခုအသစ်ရေးဆွဲမယ့် ဖွဲ့စည်းပုံအရ ပါတီစုံစနစ်ကို အာရုံစိုက်သွားမှာဖြစ်တယ်လို့ သမ္မတအာဆတ်ဒ်က ဇန်နဝါရီလအတွင်း ပြောခဲ့တဲ့ မိန့်ခွန်းမှာ ကတိပေးထားပါတယ်။ ၁၉၆၃ ခုနှစ်ကတည်းက အာဏာချုပ်ကိုင်လာတဲ့ ဘတ်သ် ပါတီအပြင် တခြားနိုင်ငံရေးပါတီတွေ ထူထောင်ခွင့် ပြုမယ်ဆိုတဲ့ ဥပဒေကို ဆီးရီးယားအစိုးရက ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက အတည်ပြုခဲ့တာပါ။
တချိန်တည်းမှာပဲ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေ ခြေကုပ်ယူရာ ဟာနာမြို့မှာ အစိုးရတပ်တွေက လက်နက်ကြီးတွေနဲ့ ဒီကနေ့ တိုက်ခိုက်နေဆဲပဲလို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောဆိုလိုက်ပါတယ်။ လူုနေရပ်ကွက်တွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာမှာ တယ်လီဖုန်းလိုင်းတွေလည်း ပြတ်တောက်ခဲ့တယ်လို့ ဆိုပါတယ်။
တောင်ပိုင်းက ဟုမ်းစ်မြို့ကြီးရဲ့ ဆွန်နီမွတ်စလင်သူပုန်တွေ တပ်စွဲထားတဲ့ ဘာဟာအာဘရာ ရပ်ကွက်နားမှာ ရေနံချက်စက်ရုံတရုံရဲ့ ရေနံပိုက်လိုင်း ပေါက်ကွဲခဲ့ရာမှာ သူပုန်တွေဘက်က စစ်တပ်ရဲ့လက်ချက်ဖြစ်တယ်လို့ အပြစ်တင်နေပြီး အစိုးရတပ်တွေကလည်း အကြမ်းဖက်သမားတွေရဲ့လုပ်ရပ်လို့ စွပ်စွဲနေပါတယ်။

ကချင်လူ့အခွင့်အရေးချိုးဖောက်မှု ကော်မရှင်စုံစမ်းဖို့ ခက်ခဲ
By သားညွန့်ဦး | ၀ါရှင်တန် ဒီစီ
ဖေဖ၀ါရီ ၁၅၊ ၂၀၁၂။ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေ ဝေဖန်ပြောဆိုနေကြတဲ့ ကချင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ရာ အခြေအနေမပေးတာကြောင့်၊ အခုအချိန်မှာ  စုံစမ်းစစ်ဆေးဖို့ မဖြစ်နိုင်သေးဘူးလို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ပြောပါတယ်။ အဓိက အချက်ကတော့ အဲဒီနယ်မြေကိုသွားရောက်နိုင်ဖို့ လုံခြုံရေးအခြေအနေမရှိတာကြောင့်ဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားတာပါ။
ကချင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှု သတင်းတွေကို မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ကြားသိနေရပေမယ့်၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ထံကို အဲဒီက လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ပတ်သက်လို့ တရားဝင်တိုင်ကြားစာ မရောက်သလောက်ပဲလို့ လူ့အခွင့်အရေးကော်မရှင်က ပြောပါတယ်။ အဖြစ်အပျက်တွေကို တကယ် မှန်မမှန် စုံစမ်းစစ်ဆေးနိုင်ဖို့ကလည်း အခုလို ဒေသ မတည်မငြိမ် ဖြစ်နေချိန်အတွင်းမှာ မဖြစ်နိုင်ဘူးလို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှုး ဦးစစ်မြိုင်က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဇွန်လကစလို့ ကချင်ပြည်နယ်အတွင်း ကေအိုင်အယ် ကချင်လွတ်မြောက်ရေးတပ်နဲ့ မြန်မာအစိုးရတပ်တွေ အကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီး၊ ဒုက္ခသည်အရပ်သားသောင်းနဲ့ချီဟာ အိုးအိမ်တွေ စွန့်ခွာခဲ့ရပါတယ်။ တဆက်တည်းလိုပဲ အရပ်သားတွေအပေါ် အစိုးရတပ်ဖက်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်ဆိုပြီး သတင်းတွေလည်း ထွက်လာပါတယ်။ ဒီအခြေအနေတွေကို စုံစမ်း စစ်ဆေးမယ်ဆိုရင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို မထိခိုက်ဖို့လည်း လိုတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှုး ဦးစစ်မြိုင်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။
“.. တိုင်ကြားမှုလိုတာပေါ့ နံပါတ်တစ်က၊ နံပါတ်နှစ်က အဲဒီနယ်မြေကို သွားရောက်နိုင်မယ့် လုံခြုံရေးအခြေအနေလိုတာပေါ့။ အဲဒီ နှစ်ချက်ပဲ။ အိမ်ဆိုင်တဆိုင်ကို တပ်မတော်ကနေ ၀င်ပြီး ပစ္စည်းတွေ ယူသွားတယ်ဆိုတဲ့ တိုင်စာ တစောင်တော့ ရောက်ပါတယ်။ အဲဒီ နယ်မြေက အခုဟာ ဘယ်သူမှ သွားလို့မရဘူး။ ဆောင်ရွက်တဲ့နေရာမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို မထိခိုက်ဖို့တော့ လိုပါတယ်။ ဒါတွေက တပ်နဲ့ လက်နက်ကိုင်နှစ်ဖွဲ့ပဲလို မြင်လို့မရဘူး။ အဲဒီနယ်မြေမှာက တိုင်းရင်းသားလူမျိုးပေါင်းစုံ ရောနှော နေထိုင်ပါတယ်။ အလွန်သိမ်မွေ့နူးညံတဲ့ သူတို့ရဲ့  အတွင်း ၀ိရောဓိလေးတွေ ရှိတယ်။”
“ခုအတိုင်းကတော့ သွားလို့မရဘူး။ အနည်းဆုံး အပစ်အခတ်ရပ်စဲရေးလက်မှတ်မထိုးသေးရင်တော့ ဘယ်လိုမှ သွားလို့မရဘူး။ နယ်မြေလုံခြုံရေးအခြေအနေက အဲလို ရှိနေတယ်။”
မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အနေနဲ့ ကချင်ဒေသဖက်က လူ့အခွင့်အရေးတိုင်ကြားမှုတွေမရောက်ပေမယ့်လို့၊ အခြားမြန်မာပြည်အရပ်ရပ်က လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်လို့ တိုင်ကြားစာ တထောင်ကျော်ရရှိခဲ့ပြီးဖြစ်တယ်လို့ ဦးစစ်မြိုင်က ပြောပါတယ်။ ဒီတိုင်ကြားစာတွေအပေါ်မှာလည်း နှစ်ဖက်ညှိုနှိုင်းပေးတာမျိုးနဲ့ ဖြေရှင်းပေးခဲ့တယ်လို့ ပြောပါတယ်။
“အန်ကယ်တို့ဆီရောက်တဲ့ တိုင်စာတွေက အခုလောက်ဆိုရင် တထောင့် လေးငါးရာလောက်ရှိမယ်ထင်တယ်။ အများစုက တရားမ မှု အနေနဲ့ ရင်ဆိုင်ပြီးသားတွေ၊ တချို့က တရားရုံးမှာ ရင်ဆိုင်ပြီးသားတွေ၊ ဒါမျိုးက လူ့အခွင့်အရေးချိုးဖောက်မှုအနေနဲ့ ခွဲခြား သတ်မှတ်ဖို့ ခက်တာပေါ့။”
“တကယ် လူ့အခွင့်အရေးချိုးဖောက်တာတွေလည်းရှိပါတယ်။ အဲဒါတွေကတော့ သက်ဆိုင်ရာဌာနတွေကို အကြောင်းကြားစာပို့ပြီးတော့ လိုအပ်သလိုဆောင်ရွက်ပေးဖို့ ညှိုနှိုင်းရတာပေါ့။ နှစ်မျိုး ခွဲလို့ရတာပေါ့။ ဌာနဆိုင်ရာနဲ့ ဖြစ်တဲ့ကိစ္စရပ်တွေရှိတယ်၊ နောက် ပုဂ္ဂလိက အချင်းချင်းဖြစ်တဲ့ ကိစ္စရပ်တွေဖြစ်တယ်။ ဌာနဆိုင်ရာနဲ့ဖြစ်တဲ့ကိစ္စရပ်ကျတော့ အစိုးရအဖွဲ့ကတဆင့် သက်ဆိုင်ရာဌာနကို အန်ကယ်တို့ရဲ့ တွေ့ရှိချက်တွေကို ပေးပို့ပါတယ်။ ပုဂ္ဂလိကအချင်းချင်းဖြစ်တဲ့ကိစ္စ လူပုဂ္ဂိုလ်အချင်းချင်းဖြစ်တဲ့ကိစ္စ အဖွဲ့အစည်းနဲ့ဖြစ်တဲ့ကိစ္စတွေကတော့ လိုအပ်ရင် သူတို့ကို ခေါ်ယူပြီးတော့ နှစ်ဖက် စစ်ဆေးတာ လုပ်ပါတယ်။ နောက် သက်သေခံအထောက်အထား အချက်အလက်တွေ ရရှိအောင် ယူပါတယ်။ သက်သေခံအထောက်အထားအပေါ် မူတည်ပြီးတော့ အန်ကယ်တို့က အဖွဲ့နဲ့ပြန်သုံးသပ်တယ်၊ အားသာချက် အားနည်းချက် နစ်နာမှုဘယ်လိုရှိတယ်ဆိုတာ ခွဲခြားပြီးတော့ နှစ်ဖက်ကို ညှိုနှိုင်းတာမျိုး လုပ်ပါတယ်။”
မြန်မာနိုင်ငံမှာ အပြောင်းအလဲအချို့ဖော်ဆောင်တဲ့နေရာမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းတဲ့အချက်လည်းပါဝင်ပြီး နိုင်ငံတကာက ကြိုဆိုတာခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ကော်မရှင်ရဲ့ အစိုးရနဲ့ သီးခြားလွတ်လပ်မှုကိုတော့ မေးခွန်းထုတ်နေကြဆဲပါ။ ကော်မရှင်လူကြီးတွေကိုလည်း အစိုးရကပဲ ခန့်အပ်ခဲ့တာကြောင့်ပါ။
မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အနေနဲ့ ကချင်ဒေသက လူ့အခွင့်အရေးအခြေအနေတွေကို တရားဝင် စုံစမ်းစစ်ဆေးမှုမလုပ်နိုင်သေးပေမယ့်လို့၊ ကချင်ဒေသမှာ အစိုးရဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား အပစ်အခတ်ရပ်စဲရေးဆွေးနွေးညှိုနှိုင်းဖို့ တိုက်တွန်းချက် ထုတ်ပြန်ခဲ့တာတော့ တွေ့ရပါတယ်။

မြန်မာနိုင်ငံဖွံဖြိုးရေး ဘက်ပေါင်းစုံပြုပြင်ပြောင်းလဲဖို့လို
By မသင်းသီရိ
မြန်မာနိုင်ငံရဲ့  ဖွံဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ဆောင်ချက်တွေထဲမှာ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတိုးတက်ဖို့ ဆောင်ရွက်ရာမှာ လိုအပ်ချက် အများအပြား ရှိနေသေးတယ်လို့ နိုင်ငံတကာပညာရှင်တွေရော မြန်မာပြည်တွင်းက ပညာရှင်တွေကပါ သုံးသပ်ကြပါတယ်။ နေပြည်တော်မှာ ၃ ရက်ကြာ ကျင်းပခဲ့တဲ့ ဖွံဖြိုးတိုးတက်ရေး ဆိုင်ရာမူဝါဒ ညီလာခံတွင်း ပညာရှင်တွေက အခုလို သုံးသပ်လိုက်ကြတာဖြစ်သလို မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်ဖို့အတွက် ဘယ်လိုမူဝါဒတွေ ရှိသင့်သလဲဆိုတဲ့အပေါ်မှာပါ ဆွေးနွေးခဲ့ကြပါတယ်။ ဒီအကြောင်းကို ဆက်သွယ်မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာအောင် စီးပွားရေးကဏ္ဍကို ပြုပြင်ပြောင်းလဲရုံတင်မဟုတ်ဘဲ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍ တွေကိုပါ ဘယ်လို တိုးတက်လာအောင် လုပ်ကြမလဲဆိုတဲ့ ဖွံဖြိုးမှုဆိုင်ရာ မူဝါဒတွေနဲ့ပတ်သက်လို့ နေပြည်တော်မှာ ၃ ရက် ဆွေးနွေးခဲ့ကြပါတယ်။ ပြည်ပက စီးပွားရေးနဲ့ ကျန်းမာရေး၊ ပညာရေးပိုင်းဆိုင်ရာ ပညာရှင်တွေ၊ ပြည်တွင်းက ပညာရှင်တွေအပြင် သက်ဆိုင်ရာအစိုးရနဲ့ ကုလသမဂ္ဂအဖွဲ့တွေလည်း တက်ရောက်ဆွေးနွေးခဲ့ကြတာပါ။
နိုင်ငံရေးမှာ ပြုပြင်ပြောင်းလဲမှုတွေ ရှိလာတဲ့ မြန်မာနိုင်ငံမှာ ဖွံဖြိုးမှုတိုင်းမှာ တန်းတူညီမျှတဲ့ ခံစားနိုင်ခွင့်တွေ ရှိရမယ် ဆိုတာအပြင် ခိုင်ခံ့တဲ့ စီးပွားရေးလုပ်ငန်းတွေဖြစ်ဖို့  ပြုပြင်ပြောင်းလဲမှုတွေ အတော်လေး လိုတယ်ဆိုတာကို ပညာရှင်တွေ အပြန်အလှန်သုံးသပ်တင်ပြကြတာ ရှိတယ်လို့ ဒီညီလာခံကို တက်ရောက်နေတဲ့ မြန်မာ့ စီးပွားရေး ကျွမ်းကျင်သူ ဦခင်မောင်ညိုက ပြောပါတယ်။
“တိုတိုပြောရလို့ရှိရင်တော့ ဘက်ပေါင်းစုံပြုပြင်ပြောင်းလဲဖို့ လိုနေတာပေါ့နော်။ အဲဒီမှာတော့ ၂ မျိုးတော့ ပြောတာပေါ့လေ။ တမျိုးကတော့ အားလုံး ဘာမှ ချန်မထားဘဲနဲ့ အကုန်လုပ် ဆိုတဲ့ဟာမျိုး၊ နောက်တခုကတော့ အကုန်လုပ်လို့ရှိရင် နိုင်ပါ့မလား၊ မနိုင်ဘူးဆိုလို့ရှိရင် ဘယ်ဟာကို ဦးစားပေးလုပ်မလဲ၊ ဘယ်လိုအချိတ်အဆက်လုပ်မလဲဆိုတာ - အဓိကကတော့ အဲဒီ အယူ ၂ မျိုး ထွက်လာတာကို တွေ့ရတယ်။ အဓိကရှင်းရမယ့် ကိစ္စကတော့ Exchange rate လို ဟာမျိုးပေါ့။ Exchange rate ကတော့ ဧပြီလ ၁ ရက်နေ့က စပြီးတော့ အစိုးရဌာနတွေက ၈ ရာနှုန်းပဲ သုံးမယ်တို့၊ ဘာတို့- အဲလိုဟာတွေကတော့ ဖြစ်သွားပြီ။ အဓိက ကတော့ အများဆုံးက Exchange rate ကို ပြောကြတာပါ။ ”
ဒါ့အပြင် နိုင်ငံရဲ့ရသုံးမှန်းခြေငွေစာရင်းထဲမှာ အရင်ကထက် ကျန်းမာရေးနဲ့ ပညာရေးအသုံးစရိတ်ကို နောက်ထပ် ၂ ဆ တိုးပေးလိုက်တယ်ဆိုပေမယ့် လိုအပ်နေသေးတယ်လို့လည်းသုံးသပ်ခဲ့ကြတယ်လို့ ပြောပါတယ်။ တခါ ပညာရေးနဲ့ ပတ်သက်လို့တော့ အာမခံချက်ရှိတဲ့ ပညာရေးဖြစ်ဖို့ ပြုပြင်စရာတွေ အများကြီးလိုနေသေးတဲ့ အခြေအနေတွေပေါ်မှာလည်း မနေ့က ဆွေးနွေးခဲ့ကြပါတယ်။
“ပညာရေးကလည်း လက်ရှိမှာ အကုန်လုံးသိပြီးသားပဲ။ အခြေခံပညာမှာရော အထက်တန်းပညာမှာကောလေ။ တကယ်လိုအပ်တဲ့နေရာမှာ အရည်အချင်းရှိတဲ့သူတွေ ဖြစ်အောင်လုပ်ရမယ်ဆိုတဲ့ဟာ။ တော်တော်များများ ပြုပြင်ပြောင်းလဲဖို့ လိုတာပေါ့။ စိတ်ဝင်စားစရာကောင်းတာတခုကတော့ - အလွယ်ပြောတာပေါ့နော်။ ဆရာ ဦးဖဲင်-ဒ်လေ (Findlay) တို့လည်း ပြောတယ်။ အာရှနိုင်ငံတွေက ကမ္ဘာ့အဆင့်အတန်းမီနေပြီ။ ဗမာက အာရှနိုင်ငံတွေကို မီအောင်လိုက်။ ဗမာက အာရှနိုင်ငံတွေကို မီအောင်လိုက်လို့ရှိရင် ကမ္ဘာ့အဆင့်အတန်းမီမှာပဲပေါ့။ ချက်ခြင်းကြီးကတော့ အကောင်အထည်မဖော်နိုင်ဘူး။ ဆရာဦးလှမြင့်ကတော့ Capacity လို့ ပြောတဲ့အခါမှာ ပြည်တွင်းက Capacity တွေတင် မဟုတ်ဘဲ ပြည်ပက ဝင်လာမယ့် Capacity တွေ၊ နည်းပညာအကူအညီတွေကိုပါ ထည့်တွက်မယ်ဆိုလို့ရှိရင် မြန်မာနိုင်ငံက လုပ်နိုင်စရာ မရှိဘူးလို့ သူကတော့ အဲလို အားပေးတာပဲ။”
မြန်မာ့ စီးပွားရေး ကျွမ်းကျင်သူ ဦခင်မောင်ညို (ဘောဂဗေဒ) ပြောပြခဲ့တာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကနေ ဒီကနေ့ ၁၅ ရက်နေ့ထိ ၃ ရက်ကြာ ကျင်းပခဲ့တဲ့ ဒီဖွံဖြိုးမှုဆိုင်ရာမူဝါဒတွေ သုံးသပ်တဲ့ညီလာခံမှာပထမဆုံးနေ့က စီးပွားရေး ဒုတိယနေ့မှာ ပညာရေးနဲ့ ဒီကနေ့ နောက်ဆုံးနေ့မှာ ကျန်းမာရေးကဏ္ဍတွေ ဆွေးနွေးပါတယ်။ ဒီကျန်းမာရေးဆွေးနွေးမှုနဲ့ ပတ်သက်လို့ ဒီညီလာခံကို တက်နေတဲ့ ဒေါက်တာဒေါ်အေးအေးချို ပြောပြတာက -
“ကျန်းမာရေးအခြေအနေတွေနဲ့ပတ်သက်ပြီးတော့ လက်ရှိအခြေအနေတွေမှာတော့ ပြဿနာတွေက ရှိနေတုန်းပဲပေါ့။ Health Process Problem တွေကတော့ ရှိနေတုန်းပဲ။ ဒါပေမယ့် လောလောဆယ် ကူးစက်ရောဂါတွေနဲ့အတူတူပဲ ဦးစားပေးဆောင်ရွက်ရမယ့် နာတာရှည်ရောဂါတွေ၊ ဒါတွေကို ဦးစားပေးဖို့ လိုအပ်လာတယ်ဆိုတဲ့အကြောင်း၊ နောက်တခုကကျတော့ ဒီမှာရှိတဲ့ ကျန်းမာရေးလုပ်သားတွေပေါ့နော်။ ကျန်းမာရေးလုပ်သားတွေရဲ့ အခန်းကဏ္ဍတွေ အရေးပါမှုတွေ၊ နောက်တခါဆိုရင် မိခင်နဲ့ကလေး ကျန်းမာရေးကဏ္ဍကိုတော့ နည်းနည်းလေး ဦးစားပေးဆွေးနွေးကြတာပေါ့။ ”
ဒေါက်တာဒေါ်အေးအေးချိုရှင်၊
ဒီညီလာခံကို စီးပွားရေး နိုဘယ်လ်ဆုရ ဒေါက်တာ ဂျိုး ဇက် စတစ်ကလစ် (Dr.Joseph Stiglitz) လည်း တက်ရောက်နေတာဖြစ်ပြီး သူကတော့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုနဲ့ တိုးတက်မှုတွေကို ရေရှည် ဘယ်လို တည်တံ့အောင် ထိန်းမလဲဆိုတာတွေ၊ နိုင်ငံရဲ့ စိုက်ပျိုးရေးနဲ့ လယ်ယာကဏ္ဍ ဖွံဖြိုးတိုးတက်လာရေးတွေအပြင် နိုင်ငံတကာနဲ့ မြန်မာနိုင်ငံဟာ စီးပွားရေးလုပ်ငန်းတွေကို သဟဇာတ ညီညီဆက်ဆံနိုင်ဖို့တွေကို ဆွေးနွေးသွားပါတယ်။ မနက်ဖြန် ဖေဖော်ဝါရီ ၁၆ ရက်မှာတော့ အခု ၃ ရက်ကြာဆွေးနွေူးခဲ့တဲ့အချက်တွေကိုပြည်တွင်းပြည်ပ ပညာရှင်တွေ အစိုးရဌာန တာဝန်ရှိသူတွေက မူဝါဒတွေနဲ့ စီမံကိန်းတွေ ရေးဆွဲမယ်လို့လည်း ပြောပါတယ်။

ကုလအကြံပေး ကရင် နဲ့ မွန်ပြည်နယ် သွားရောက်
By မနန္ဒာချမ်း
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးအကြံပေးပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီးယား(Vijay Nambia)ဟာ - ဒီကနေ့ ကရင်ပြည်နယ်မှာ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး - တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အခြေအနေ၊ ဒုက္ခသည်တွေအရေး ဆွေးနွေးခဲ့ကြတယ်လို့ ကရင်ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။ မြန်မာနိုင်ငံကို ၅ ရက်ကြာခရီးစဉ်အဖြစ်နဲ့ တနင်္ဂနွေနေ့က ရောက်ရှိခဲ့လာခဲ့တဲ့ ဗွီဂျေး နမ်ဘီးယား ဟာ ဒီကနေ့ ၄ ရက်မြောက်နေ့မှာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ကို သွားရောက်တာဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။
ကုလသမဂ္ဂ အထူးအကြံပေးပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီယားဟာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကိစ္စအပါအဝင် ဒုက္ခသည်တွေအရေးကိစ္စတွေကို အကဲခတ်လေ့လာဖို့အတွက် ဒီကနေ့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့ကို သွားရောက်ခဲ့ တာပါ။ ကရင်ပြည်နယ် ဘားအံမြို့မှာတော့ ညနေပိုင်းက - ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း အပါအဝင် ပြည်နယ်အစိုးရအဖွဲ့တွေနဲ့ တွေ့ဆုံပြီး - ငြိမ်းချမ်းရေးဆွေးနွေးနေမှုအခြေအနေတွေ၊ ဒုက္ခသည်တွေ ပြန်လာဖို့အရေးနဲ့ ထာဝရငြိမ်းချမ်းရေး ရယူချိန်ကာလ လိုအပ်မယ့် ကူညီပံ့ပိုးမှုတွေနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းက ဗွီအိုအေကို အခုလို ပြောပြပါတယ်။
“ငြိမ်းချမ်းရေးပြီးတဲ့အခါကျတော့ ဟိုဘက်က ဒုက္ခသည်စခန်းတွေမှာ နေနေကြတဲ့ သူတို့အဖွဲ့တွေ ပြန်လာရင် ဘယ်လိုတွေ စီမံပေးမလဲဆို တာရယ်၊ ဘာအကူအညီလိုသလဲဆိုတာရယ်၊ ပြီးတော့ ထာဝရငြိမ်းချမ်းရေး ဆက်ကူးတဲ့အခါကျရင် ဘာတွေများ ဆက်လုပ်ကြမလဲဆိုတာ လေးတွေရယ်၊ အဲ့ဒါလေးတွေ မေးပါတယ်။ သူတို့ကတော့ အဓိက ကျနော်တို့ အဲ့ဒီကိစ္စတွေအတွက်ကို UN က အကူအညီပေးရမယ့် အခြေအနေလေးတွေရှိရင် ပြောပေးဖို့ဆိုပြီးတော့ ဒါလေး ပြောပါတယ်ခင်ဗျ။ UN အေဂျင်စီတွေကတော့ ကျနော်တို့ဆီမှာ လက်ရှိ ဆောင်ရွက်နေတာတွေရှိပါတယ်။
ဒီ့ထက်ပိုပြီးတော့ ဘာတွေ ဆောင်ရွက်ပေးဖို့ရှိမလဲ။ ရှိလာလို့ရှိရင် ပြောဖို့အတွက် ပြောပါတယ်။ သူကလည်း အဲ့ဒါလေးတွေ မေးတယ်။ ကျနော်ကလည်း သူမေးတာလေးတွေ ဖြေတာပဲပေါ့။ ဒီနေ့ တွေ့ဆုံမှုက သိပ်ကောင်းပါတယ်။ ဒါက ကျနော်တို့ နိုင်ငံနဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ ပိုပြီးတော့ နီးကပ်မှုရှိသွားသလို ပူးပေါင်းဆောင်ရွက်မှုအားတွေ ပိုကောင်းသွားပါတယ်။”
လက်ရှိမှာတော့ ထိုင်းနယ်စပ်တလျှောက်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတဲ့ ဒုက္ခသည် အရေအတွက်က သိန်းနဲ့ချီပြီး ရှိနေတာပါ။ DKBA နဲ့ မြန်မာအစိုးရတပ်တွေအကြား ၂ဝ၁ဝ ရွေးကောက်ပွဲ ကျင်းပချိန်ကစလို့ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် IDP ရွာပုန်းရွာရှောင်ဘဝနဲ့ တောထဲမှာ ပုန်းအောင်းနေကြရတဲ့ ဒုက္ခသည်တွေကလည်း သောင်းနဲ့ချီ ရှိနေတာပါ။ ဒီဒုက္ခသည်တွေ ပြန်လာတဲ့အခါ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေအနေနဲ့ ဘယ်လို ကူညီဆောင်ရွက်ပေးမလဲ ဆိုတာနဲ့ပတ်သက်ပြီး မစ္စတာ နမ်ဘီယားက မေးခဲ့ပါတယ်။ ဒီအပေါ်မှာတော့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း က -
“ကျနော်တို့ကတော့ အဲ့ဒီအတွက် ပြန်လာလို့ရှိရင်တော့ ပထမတော့ - နေရာချထားရေး ကိစ္စလေးတွေပေါ့။ နေရာချထားရေးဆိုတဲ့ ကိစ္စလေး တွေမှာလည်းပဲ တချို့လည်း ကိုယ့်ရပ်ရွာကိုယ် ပြန်သွားမယ့်ဟာတွေရှိတယ်။ တချို့လည်း နေစရာ အခက်အခဲရှိတဲ့သူတွေ ကျနော်တို့က သူတို့ဆန္ဒရှိတဲ့ နေရာလေးတွေမှာ နေရာချထားပေးဖို့ အစီအစဉ်ရှိတယ်ဆိုတာကို ပြောပါတယ်။ ပြီးလို့ရှိရင် သူတို့ လတ်တလော စားသောက်မှုကိစ္စလေးတွေ စီစဉ်ပေးဖို့တို့ ရေရှည်အတွက်ဆိုရင် သူတို့ ဒေသတွင်းမှာ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး တွေ စီစဉ်ပေးဖို့ အဲ့ဒါတွေ ပြောပါတယ်။
ပြီးတော့ မစ္စတာ နမ်ဘီယားက ထာဝရငြိမ်းချမ်းရေးကူးပြီး ဘာတွေများ ဆက်လုပ်ဖို့ ရှိဦးမလဲ လို့ မေးပါတယ်။ ကျနော်က သူတို့တွေ နေသားတကျ ဖြစ်သွားပြီးတဲ့အချိန် နောင်ကျရင် သူတို့လိုပဲ ကရင်ပြည်နယ်ထဲမှာ သူတို့ကိုယ်တိုင် ဒီလို ရွေးကောက်ပွဲတွေမှာ မဲဆန္ဒပေးတာရော၊ သူတို့ထဲက လွှတ်တော်ကိုယ်စားလှယ် အရည်အချင်း ပြည့်စုံတဲ့သူတွေက လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးချယ်ခံတာတွေရော ဆောင်ရွက်ပြီးတော့ နောင်တချိန်မှာ သူတို့တွေလည်း နိုင်ငံတော်နဲ့ ပြည်နယ်ရဲ့ လွှတ်တော်တွေမှာ ပြည်သူ့ကိုယ်စားလှယ်အဖြစ်နဲ့ ပါဝင်ကြရမှာဖြစ်ပါတယ်ဆိုတာကို ပြောပြလိုက်ပါတယ်။”
ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးဇော်မင်း ဖြစ်ပါတယ်။ ဒီကနေ့ မစ္စတာ နမ်ဘီယားနဲ့အတူ ကုလသမဂ္ဂရဲ့ ရန်ကုန်ဌာနေကိုယ်စားလှယ်လဲ အတူ လိုက်ပါသွားပြီး - ညနေစောင်းမှာ မွန်ပြည်နယ်ဘက်ကို မစ္စတာ နမ်ဘီယား ဆက်လက်ထွက်ခွာသွားခဲ့ပါတယ်။
မစ္စတာ နမ်ဘီးယားဟာ တနင်္ဂနွေနေ့ကတည်းက မြန်မာနိုင်ငံကို ၅ ရက်ကြာ ခရီးစဉ်အဖြစ်နဲ့ ရောက်ရှိနေခဲ့တာပါ။ ခရီးစဉ် ဒုတိယမြောက်နေ့ဖြစ်တဲ့ တနင်္လာနေ့မှာတော့ - နေပြည်တော်မှာ ကျင်းပတဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒညီလာကို တက်ရောက်ခဲ့ပြီးနောက် - ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဦးအောင်သောင်း တို့အပြင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ အင်္ဂါနေ့မှာတော့ - သမ္မတ ဦးသိန်းစိန် နဲ့ တွေ့ဆုံခဲ့သလို - အဲ့ဒီနောက် - ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း အပါအဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖွဲ့တွေနဲ့လည်း တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ မနက်ဖြန် ရန်ကုန်ကနေ ပြန်လည်မထွက်ခွာခင်မှာတော့ - မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ သိရပါတယ်ရှင်။

ရှားပါးတိရစ္ဆာန်မှောင်ခိုကူးမှုတိုက်ဖျက်ရေး အာရှ ၁၃ နိုင်ငံ သဘောတူ
By ဗွီအိုအေ (မြန်မာဌာန)
အာရှတိုက် နိုင်ငံပေါင်း ၁၃ နိုင်ငံက အစိုးရတာဝန်ရှိသူတွေဟာ ကျားသတ္တ၀ါတွေနဲ့ တခြားမျိုးတုန်းလု နီးပါးဖြစ်နေတဲ့ ရှားပါးတိရစ္ဆာန်တွေ တရားမ၀င် မှောင်ခိုကူးနေမှုတွေကို တိုက်ဖျက်ဖို့နဲ့ နယ်စပ် ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုပြီး ထိရောက်အောင်ဆောင်ရွက်ဖို့ သဘောတူညီမှု ရခဲ့ပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ နိုင်ငံတကာ တောရိုင်းတိရစ္ဆာန်တရားမ၀င် သယ်ဆောင်ရောင်းဝယ်မှု ဆိုင်ရာ ရာဇ၀တ်မှုတိုက်ဖျက်ရေးအဖွဲ့ ICCWC ကကြီးမှူးကျင်းပတဲ့ နှစ်ရက်ကြာ ညီလာခံအပြီး အဲဒီသဘောတူညီမှုကို ရရှိခဲ့တာဖြစ်ပါတယ်။
ညီလာခံ တက်ရောက်ကြသူတွေထဲမှာ တောရိုင်းကျားသတ္တ၀ါတွေ သက်ရှိထင်ရှားရှိနေဆဲ တိုင်းပြည်တွေက ကိုယ်စားလှယ်တွေ ၃၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။ ညီလာခံအတွင်း တောရိုင်း တိရစ္ဆာန်တရားမ၀င် ကုန်ကူးမှုက ကျားရိုင်းသတ္တ၀ါတွေအပေါ် သက်ရောက်မှုနဲ့ ပတ်သက်ပြီး အစည်းအဝေးတခု ပြုလုပ်ခဲ့ပါတယ်။
တောရိုင်းတိရစ္ဆာန် ကာကွယ်ရေး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေ အဆိုအရ ခန့်မှန်းခြေ ကျားအကောင်ရေ စုစုပေါင်း ၃,၀၀၀ ကနေ ၄,၅၀၀ လောက်သာ တောထဲမှာရှိတော့တယ်လို့ ဆိုပါတယ်။
ICCWC ကို နိုင်ငံတကာ ရဲတပ်ဖွဲ့ (INTERPOL)၊ ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ အကောက်ခွန်အဖွဲ့ ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇ၀တ်မှု တိုက်ဖျက်ရေးအဖွဲ့ စတာတွေအပါအ၀င် အစိုးရတွေပါဝင်တဲ့ နိုင်ငံတကာ အဖွဲ့အစည်း ၅ ခုနဲ့ ၂၀၁၀ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

0 comments:

Post a Comment


Popular Posts