'
အမိမြေ

အီရန်နိုင်ငံအပေါ် ပိတ်ဆို့မှုများ အကျိုးသက်ရောက်မှု မရှိပါက စစ်ရေးအရ အရေးယူသွားမည်ဟု အစ္စရေးဝန်ကြီး ပြောကြား






အကယ်၍ အီရန်နိုင်ငံအပေါ် တားမြစ်ပိတ်ပင် အရေးယူမှုများက အကျိုးသက်ရောက်မှု မရှိပါက အီရန်နိုင်ငံ၏ နျူကလီးယား အစီအစဉ်ကို စစ်ရေးအရ အရေးယူသွားရမည် ဖြစ်ကြောင်း  အစ္စရေး ကာကွယ်ရေးဝန်ကြီး အီဟွတ်ဘာရက်က ထုတ်ဖော် ပြောကြားခဲ့သည်။ အကယ်၍ အီရန်နိုင်ငံအပေါ်တွင် နိုင်ငံတကာက သတ်မှတ်ထားသော ပိတ်ဆို့ အရေးယူမှုများ အကျိုး သက်ရောက်မှု မရှိခဲ့ပါက အီရန်နိုင်ငံအပေါ်တွင် စစ်ရေးအရ အရေးယူသွားဖို့ စဉ်းစား ဆုံးဖြတ်သွားရန် လိုအပ်လာပြီ ဖြစ်ကြောင်း အီဟွတ်ဘာရက် ထုတ်ဖော် ပြောကြားခဲ့သည်။

အစ္စရေးအစိုးရအဖွဲ့ အနေဖြင့် အလွန် နောက်ကျသွားသည့် အချိန်သို့ ရောက်ရှိမသွားမီ အီရန်နိုင်ငံအပေါ်တွင် အရေးယူသွားဖို့ စီစဉ်လျက်ရှိနေကြောင်း နိုင်ငံတကာမှ အစိုးရခေါင်းဆောင်များ အနေဖြင့်လည်း အီရန်၏ နျူကလီးယား အစီအစဉ် အောင်မြင်သွားမည်ကို ဖြစ်သည့်နည်းဖြင့် တားဆီးသွားရန် လိုအပ်သည်ဟု ယုံကြည်လျက် ရှိကြပြီး မည်သည့် အရေးယူတားဆီးမှု ပုံစံကိုမျှ ချန်လှပ်မထားသင့်ကြောင်း၊ အီရန်အစိုးရအဖွဲ့က ၎င်းတို့၏ နျူကလီးယား အစီအစဉ်မှာ ပြည်သူများအတွက် အကျိုးရှိမည့် လုပ်ငန်းများတွင်သာ အသုံးချသွားမည် ဖြစ်သည်ဟု ထုတ်ဖော် ပြောကြား ထားသော်လည်း ၎င်းတို့၏ နူကလီးယား အစီအစဉ်က နူကလီးယား လက်နက် ထုတ်လုပ်နိုင်ကာ နူကလီးယားလက်နက် ပိုင်ဆိုင်ပြီး အစ္စရေးနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံများကို ခြိမ်းခြောက်လာနိုင်သည့် အခြေအနေသို့ ရောက်ရှိမသွားမီ တားဆီး ထိန်းသိမ်းသွားရန် လိုအပ်ကြောင်း အီဟွတ်ဘာရက်က ထုတ်ဖော် ပြောကြားခဲ့သည်။

အချို့သော နိုင်ငံများက အီရန်နိုင်ငံအပေါ်တွင် စစ်ရေးအရ အရေးယူရန်နည်းမှာ နောက်ဆုံးနည်းလမ်း အဖြစ်သာ သတ်မှတ် အသုံးပြုရန် ပြောကြားလျက် ရှိနေသော်လည်း ယင်းသို့ နောက်ဆုံးမှသာ စစ်ရေးအရ အရေးယူသွားမည် ဆိုပါက ယင်းအချိန်တွင် အီရန်နိုင်ငံ၏ အခြေအနေမှာ ထိန်းသိမ်းရန် အလွန်နောက်ကျသည့် အခြေအနေသို့ ရောက်ရှိသွားနိုင်ကြောင်း အီဟွတ်ဘာရက်က ဆက်လက် ပြောကြားခဲ့သည်။

နိုင်ငံတကာအစိုးရအဖွဲ့များ အနေဖြင့် အီရန်နိုင်ငံက နျူကလီးယား လက်နက်ပိုင် ဆိုင်သွားသည့် အချိန် ကြုံတွေ့လာရနိုင်သည့် ဆိုးကျိုးများကို မှန်းဆကြည့်သင့်ပြီး ယင်းကဲ့သို့ အီရန်အစိုးရအဖွဲ့က နျူကလီးယားလက်နက် ပိုင်ဆိုင်သွားသည့် အချိန်မှာ ကမ္ဘာ့နိုင်ငံများအတွက် အမှောင်ဖုံးသည့် နေ့တစ်နေ့ ဖြစ်လာနိုင်ကြောင်း အစ္စရေး လက်ထောက်ဝန်ကြီးချုပ် မိုရှီရာလွန်က ထုတ်ဖော် ပြောကြားခဲ့သည်။

အနောက်နိုင်ငံများ အနေဖြင့် အီရန်၏ နျူကလီးယား စက်ရုံများအနက်မှ တစ်ခုက စစ်ရေးအရ အရေးယူ တိုက်ခိုက်နိုင်ကြောင်း ယခင်က အစ္စရေးအစိုးရ၏ မဟာဗျူဟာရေးရာဆိုင်ရာ ဝန်ကြီး တစ်ဦးလည်းဖြစ်၊ အစ္စရေးလက်နက်ကိုင် ကာကွယ်ရေး တပ်ဖွဲ့များ၏ အကြီးအကဲလည်းဖြစ်သူ မိုရှီရာလွန်က ထုတ်ဖော်ပြောကြားခဲ့သည်။ လူအင်အားဖြင့် အကာအကွယ် ပြထားသော စက်ရုံအလုပ်ရုံများမှာ အလွယ်တကူ ထိုးဖောက်နိုင်ပြီး အီရန် နျူကလီးယား စက်ရုံများ၏ လုံခြုံရေးစောင့်ကြပ်မှု အနေအထားမှာ အလွယ်တကူ ထိုးဖောက် တိုက်ခိုက်နိုင်သည့် အခြေအနေတွင် ရှိနေကြောင်း မိုရှီရာလွန်က ဆက်လက် ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက အစ္စရေး စစ်ဘက်ထောက်လှမ်းရေး အဖွဲ့၏ အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး အာဗစ်ကိုချာဗီက အီရန်အနေဖြင့် ယခုလက်ရှိ အချိန်တွင်ပင် နျူကလီးယားဗုံးများ ထုတ်လုပ်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း သတိပေး ပြောကြားခဲ့သည်။

Ref;Xinhua AMM

0 comments:

Post a Comment


Popular Posts