'
အမိမြေ

အစိုးရလက်ထဲတွင် ငွေပို ရှိနေမည်ဆိုလျှင်

အစိုးရလက်ထဲတွင် ငွေပို ရှိနေမည်ဆိုလျှင် ဟူသော သဘောသည် ပိုငွေပြ ဘတ်ဂျက်သဘောကို ရည်ညွှန်းခြင်းသာ ဖြစ်သည်။ အစိုးရအသုံးစားရိတ်သည် အစိုးရ ရငွေနှင့် ယှဉ်လျှင် နည်းနေခြင်းကို ဆိုလိုသည်။ ပိုငွေပြ ဘတ်ဂျက်ကို ကျင့်သုံးရာတွင် လက်ရှိ မျက်မှောက်ခေတ် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အခြေအနေအရ သိပ်ကိုက်မှုလည်း မရှိသည့် သဘောကို တွေ့ရသည်။ အချို့နိုင်ငံများဆိုလျှင် ကြွေးတင်တာ များလွန်းပြီး ကျွန်ဖြစ်လုနီးပါး အခြေအနေသို့ ရောက်နေသော အခြေအနေတွင် ပိုငွေပြ ဘတ်ဂျက်ကို ကျင့်သုံးရန်ဆိုသည်မှာ အတော် မဖြစ်နိုင်သော သဘောကို တွေ့ရသည်။ တဖန် ကျင့်သုံး၍လည်း မရသော သဘောတွင် ရှိသည်။ အခြေအနေကလည်း ပိုငွေပြ ဘတ်ဂျက်ကို ကျင့်သုံးရန် အခြအနေကလည်း မပေးသော အခြေအနေဖြစ်သည်။

ဘာကြောင့် ပိုငွေပြဘလဲဟူသော မေးခွန်းအတွက်တော့ အဖြေရှိပါသည်။ တိုင်းပြည်တွင် ငွေဖောင်းပွမှုနှုန်းသည် မလိုလားအပ်သော အဆင့်လောက်တွင် ရှိနေခြင်း၊ (ငွေဖောင်းပွမှု မရှိရတော့ဘူးဟု ဆိုလျှင် တိုင်းပြည်တစ်ပြည်တွင် အသင့်အတင့်သော ငွေဖောင်းပွမှုမျိုးတော့ လိုပါသည်။ ယင်းကို Supply Side Economic Policies တွင် ထပ်မံဖော်ပြပါမည်။) သို့သော်လည်း လိုအပ်သော နှုန်းထားထက် မြင့်နေသော ငွေဖောင်းမှုမျိုး အတွက်တော့ ထိန်းကျောင်းရန် လိုလာပါမည်။ ထိန်းကျောင်းရန် လိုလာပါမည် ဆိုခြင်းမှာ နိမ့်ကျအောင်လုပ်ခြင်း (to reduce) လုပ်ခြင်းကိုသာ ရည်ညွှန်းပါသည်။ နောက်ပြီး အစိုးရတွင် ကြွေးမြီ များလွန်းနေသော အခြေအနေမျိုးတို့တွင် ကျင့်သုံးရသည်ဟု အဆိုရှိပါသည်။

ထိုသို့သော ပြဿနာကို ဖြေရှင်းရန်အတွက် ပိုငွေပြ ဘတ်ဂျက်ကို ကျင့်သုံးတော့မည်ဆိုလျှင် ဘေးထွက်ဆိုးကျိုးလည်း များလာတတ်ပါသည်။ လူမမာကို အားဆေးတိုက်သလိုမျိုး ဖြစ်တတ်ပါသည်။ လူမမာကို အားဆေးတိုက်လျှင် ဘာဖြစ်သလဲဟု မေးလျှင် အားရှိမည်ဟုသာ အလွယ်တကူ ဖြေပါမည်။ မဟုတ်ပါ။ ပို ဒုက္ခရောက်တတ်ပါသည်။ အားဆေးဒဏ် မခံနိုင်သော လူမမာဖြစ်လျှင် ပိုဆိုးသွားတတ်သောကြောင့် ဖြစ်သည်။ ငွေဖောင်းပွချိန်တွင် ငွေ ပိုလိုတတ်ပါသည်။ ထို ငွေပိုလိုသော အချိန်တွင် အခွန်အကောက်များ မြင့်လိုက်ပြီး အစိုးရ ထောက်ပံ့နေကြ စားရိတ်များ လျော့ချလိုက်မည် ဆိုလျှင် တည်ရှိနေသော စီးပွားရေးသည် အခြေအနေ ပျက်သွားတတ်သောကြောင့် ဖြစ်သည်။ ထိုအခါတွင် မည်သည့်အတွက်ကြောင့် ကျင့်သုံးသနည်းဟူသော မေးခွန်း ရှိလာမည် ဖြစ်သည်။

တိုင်းပြည်အခြေအနေသည် စီးပွားရေး စာမာန်ခုတ်ချိန်တွင် (Overheating Economy) အကျင့်  လာဘ်စားမှုကလည်းများ၊ ပေးမှလုပ်၊ ရေလောင်းမှ အကောင်းထင်၊ ကိုယ့်အတွက် ကွက်ကွက်ကလေးပဲ လုပ်တတ်သော လူကြီး၊ ခွန်ဖန်စီးပွားရေး ကစားကောင်းသော အချိန်များကို စီးပွားရေးသောင်းကျန်းချိန်ဟု သတ်မှတ်ပြီး ထိုအချိန်တွင် ငွေကြေးသည်လည်း လိုအပ်သော အနေအထားထက် ကျော်လွန်ပြီး ဖောင်းပွတတ်ပါသည်။ လူထုနှင့် လုပ်ငန်းများ လက်ထဲတွင် ငွေကြေးပမာဏများများ ရောက်နေသည့် သဘောမျိုး ဖြစ်သည်။ ယင်းအတွက်လည်း လိုငွေပြဘတ်ဂျက် သုံးသည့်သဘော ဖြစ်သည်။ ပြဿနာမှာ လိုငွေပြဘတ်ဂျက်အတွက် အစိုးရသည် ပိုနေသော ငွေများကို သိမ်းရမည်သာ ဖြစ်သည်။ သို့သော်လည်း လိုငွေပြဘတ်ဂျက် သဘောတရားတွင် ပိုနေသော ငွေများကို သိမ်းခြင်းသည် ပိုနေသော လူများထံမှ သိမ်းပြီး ဖြစ်လာသော ပိုငွေပြ ဘတ်ဂျက်အတွက်တော့ တိုင်းပြည် အထိနာနိုင်ပါသည်။

ပိုငွေပြဘတ်ဂျက်ကြောင့် အစိုးရဘဏ္ဍာငွေပိုင်းဆိုရင်ရာတွင် တိုးတက်လာသည့် သဘောတော့ ရှိပါသည်။ အခွန်ရငွေ တိုးလာပြီး ယင်းမှ တင်ရှိသော အစိုးရကြွေးမြီကို ဖဲ့ဆပ်မည်ဆိုလျှင် အစိုးရတင်ရှိသော အကြွေးမှ အတိုးပေးရမှုများလည်း သက်သာလာပါမည်။ ပိုငွေပြဘတ်ဂျက်သည် တိုင်းပြည်အတွက်တော့ သွင်းကုန်ကို လျော့ကျနေမည်မှာ အမှန်ဖြစ်သည်။ ယင်းသည်ပင်လျှင် ပြည်ပ ငွေပေးငွေယူ သာမန်စာရင်းပိုင်းကို လျော့ကျစေနိုင်ပါသည်။

ပိုငွေပြဘတ်ဂျက် ကျင့်သုံးရာတွင် အဓိက ဂရုစိုက်ရမည့် အချက်များတွင် တိုင်းပြည်အနေဖြင့် ပိုငွေပြဘတ်ဂျက်ကို ကျင့်သုံးရတော့မည့် အခြေအနေမျိုး ဖြစ်လာသည့်တိုင် တိုင်းပြည်အနေဖြင့် ထိုပိုငွေပြဘတ်ဂျက်ပေါ်လစီ ကျင့်သုံးမှုအတွက် ဒဏ်ခံနိုင်၊ မခံနိုင် ဆန်းစစ်ရန်တော့ အလွန် အရေးကြီးပါသည်။ အကြောင်းမှာ ဒဏ်မခံနိုင်ဘဲ ကျင့်သုံးလိုက်မည်ဆိုလျှင် အခြား ဘေးထွက်ဆိုးကျိုးဟူသော အလုပ်လက်မဲ့ ပြဿနာသည် ကြီးထွားလာသောကြောင့် ဖြစ်သည်။ ကြုံလဲ ကြုံခဲ့ဘူးသည်။ ခံလည်း ခံရဘူးသည်။  များသောအားဖြင့် အလုပ်လက်မဲ့ ပြဿနာကို ဖြေရှင်းပေးနေသော လုပ်ငန်းများသည် SMEs များသာ ဖြစ်သည်။ ထို SMEs အပေါ်တွင်သာ အခွန်များ တိုးကောက်ပြီး စီမံချက်များ ချနေမည်ဆိုလျှင် အလုပ်လက်မဲ့များ ဖြစ်ပေါ်လာသော ဇာစ်မြစ်များသည် နေ့စားသမား အလုပ်သမားများမှသာ ဖြစ်ပေါ်လာတတ်ပါသည်။ SMEs များအနေဖြင့် အခွန်နှင့် မကြုံလျှင် စီမံချက်ဖြင့် ကြုံသည်။ စီမံချက်မရှိလျှင် အခွန်ကောက်စားခံရသည်။ လိုချင်ရာမရလျှင် လမ်းမကြီးပိတ်ပြီး ဈေးရောင်းခိုင်းသည်။ ယင်းသည် အလုပ်လက်မဲ့ ပြဿနာကို ထိုမှာတင် ရပ်လိုက်နိုင်လျှင် ပိုကောင်းသည်။ အကြောင်းမှာ အလုပ်လက်မဲ့ ပြဿနာသည် အလုပ်လက်မဲ့ တကယ်မဖြစ်သောကြောင့် ဖြစ်သည်။ အလုပ်ပြောင်းသွားခြင်းသာ ဖြစ်သည်။ မလုပ်ရသော အလုပ်မှာ လုပ်ရသော အလုပ်သို့ ပြောင်းသွားကြမည်သာ ဖြစ်သည်။ ထိုပြောင်းသွားသော အလုပ်သည် မလိုလားအပ်သော အလုပ်များ ဖြစ်လာမည်ဆိုလျှင် လူမှုရေးမပြေလည်မှုများ ဖြစ်လာနိုင်သည်။ Economy unrest မှသည် Social Unrest ဖြစ်လာနိုင်သည်။ ယင်း Social Unrest မှ Inner Cith Problems များ ဖြစ်လာနိုင်သောကြောင့် ဖြစ်သည်။

အခြားသော စဉ်းစားစရာ အချက်တစ်ခုလည်း ရှိပါသေးသည်။ အခွန်အကောက်များကို တိုးကောက်ပြီး ထောက်ပံ့ကြေးများကို လျော့ချခြင်းတွင် ပိုငွေပြဘတ်ဂျက်၏ ပေါ်လစီလက်နက်များ (policy instruments) များသာဖြစ်သော်လည်း အခွန်ကောက်သင့်သူကို မကောက်ဘဲ ကောက်လိုက်လျှင် ပြဿနာတက်နိုင်သလို ထောက်ပံ့ပေးရသင့်သူကိုလည်း ထောက်ပံ့ကြေး ဆက်ပေးရမည်သာဖြစ်သည်။ သို့သော်လည်း အစိုးရ၏ ထောက်ပံ့ကြေး မခံစားသင့်ဘဲ ခံစားနေရသူများကိုတော့ အရင်ဦးစွာ ဆန်းစစ်သင့်သည်။ ရသင့်သူမရ၊ မရသင့်သူရ၊ ဖြတ်သင့်သူကို မဖြတ်၊ မဖြတ်သင့်သူကို ဖြတ်မိနိုင်သော အခြေအနေများ၊ မှားတတ်သော အခြေအနေများတွင် အစိုးရ အခွန်အကောက်နှင့် အစိုးရ ထောက်ပံ့ကြေးဆိုင်ရာ မူဝါဒတွင် များစွာ ရှုပ်ထွေးနိုင်သည်။ တစ်ဦးခြင်းအနေဖြင့်တော့ အမှားအမှန်လည်း မခွဲခြားနိုင်ပါ။ ပြည်သူ့ဘဏ္ဍာကို ပြည်သူက ဆုံးဖြတ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ ဗဟိုဦးစီးစနစ်နှင့် ဈေးကွက်စီးပွားရေးစနစ် ကွာခြားရခြင်း အခြေခံအကြောင်းသည် ထိုအချက်ပင်ဖြစ်သည်။ အများနှင့် သက်ဆိုင်သော ဘတ်ဂျက်ကို အများက ဆုံးဖြတ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ အကြောင်းမှာ သူ့ဘက်ကကြည့်တော့ လူစွမ်းကောင်း၊ ကိုယ့်ဘက်ကကြည့်လျှင် သစ္စာဖောက်ဟု ထင်တတ်သော သဘောသည် ကိုယ်ရေးကိုယ်တာနှင့်ဆိုင်သောကြောင့် ဖြစ်သည်။ Micro aspects များတွင် တစ်ဦးခြင်း သက်ဆိုင်သူကသာ ဆုံးဖြတ်ခြင်းသည် အကောင်းဆုံးဖြစ်သော်လည်း Micro aspects များကိုတော့ လူထုဆုံးဖြတ်ချက်ကို ရယူလေ့ရှိကြပါသည်။

ဒေါက်တာမောင်မောင်စိုး(ဘောဂဗေဒ)

0 comments:

Post a Comment


Popular Posts