'
အမိမြေ

ဒေါ်စုသာမရှိတော့ရင် NLD ဘယ်လို ရပ်တည်မလည်း ( ပေးစာ ၁၅ )


သမီးက ၁၉၈၀ မှာ မွေးဖွားခဲ့ပါတယ်။ ရှစ်နှစ်သမီးအရွယ် မသိတတ်ခင်က ရှစ်လေးလုံးအရေးတော်ပုံကြီးကို အသက်ငယ်ငယ်မှာ မသိတသိ ဖြတ်သန်းခဲ့ပါတယ်။ မိဘတွေရဲ့ပြောစကားအရ ၁၉၉၀ ရွေးကောက်ပွဲမှာ ဗိုလ်ချုပ်အောင်ဆန်း (အမိမြန်မာပြည်ရဲ့ အမျိုးသားခေါင်းဆောင်ကြီး) ရဲ့သမီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီ အနိုင်ရခဲ့တယ် ဆိုတာကတော့ ကောင်းကောင်းမှတ်မိခဲ့ပါတယ်။ အဲ့ဒီခေတ်မှာ နွားကြီးကို ခမောက်ဆောင်းပေးပြီး ပြိုင်ခိုင်းလည်း နွားကြီးကပဲ နိုင်မှာပေါ့လို့… လူကြီးမိဘတွေစကားကို ညအိပ်ရာဝင်ပုံပြင်နားထောင်ရသလို ကြားယောင်မိပါတယ်။ နိုင်ငံရေးအပြောင်း အလဲကိုတော့ သမီး မသိပါ။ ကုန်ဈေးနှုန်းတွေ တဖြည်းဖြည်းတက်လာတာကိုတော့ သိပါတယ်။ ယခင်က မုန့်ဖိုးပြားငါးဆယ်သာ ရတဲ့ သမီးတို့ကျောင်းမှာ ဘာမှဝယ်စားလို့မရတော့လို့ပါ။ ဒီလိုနဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး (န၀တ) ခေတ်၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ( နအဖ)ခေတ် ဆိုတဲ့ စစ်တပ်အုပ်ချုပ်တဲ့ စစ်အစိုးရခေတ်တစ်ခုအောက် မှာ ပြားပြားဝပ်နေထိုင်ဖြတ်သန်းလာခဲ့ရပါတယ်။ အဲ့ဒီအချိန်က NLD ပါတီဝင်တွေကို ပါတီကအတင်းအကျပ်နှုတ်ထွက်ခိုင်းတာ၊ ဖမ်းဆီးအရေးယူတာ၊ လှုပ်ရှားဆောင်ရွက်နေကြတဲ့ NLD ပါတီဝင်တွေကို နိုင်ထက်စီးနင်းဖမ်းဆီးစစ်ဆေးပြီး မတရား ထောင်ချခဲ့တာတွေ ကြားနေရပါတယ်။ သမီးတို့ အရမ်း စိတ်မကောင်းဖြစ်ရပါတယ်။

            ဒီလိုနဲ့ တက္ကသိုလ်မှာကျောင်းတက်ရင်း နီုင်ငံတော်၊ နိုင်ငံရေးနှင့် အခြားသိရှိလိုတာတွေကိုတက္ကသိုလ်စာကြည့်တိုက် ကတဆင့် လက်လှမ်းမီရသမျှ ခေတ်မှီမှီကမ္ဘာကြည့် ကြည့်မြင်တတ်ခဲ့ပါတယ်။ နိုင်ငံရေးဆိုတာကိုလည်း ဒီနိုင်ငံမှာမွေးဖွား  လာတဲ့ လူတစ်ဦးအနေနဲ့ စိတ်ဝင်တစား ရှိခဲ့ပြီး လူသားတစ်ဦးချင်းစီရဲ့ ထားရှိရမယ့်စိတ်ထား၊ ကျင့်ကြံနေထိုင်ရမယ့်စာရိတ္တ သင်ယူလေ့လာရမယ့် ပထ၀ီနိုင်ငံရေးဆိုတာတွေကို လေ့လာသင်ယူရင်း ၂၀၁၀ ခုနှစ်မှာ နှစ်၂၀ ကျော်ပျောက်ဆုံးနေတဲ့  အထွေထွေရွေးကောက်ပွဲကြီးကို စတင်ကြားသိရပါတော့တယ်။ ၂၀၀၈ တုန်းက အခြေခံဥပဒေကို လူထုထောက်ခံမဲ့ ၉၂% ကျော်နဲ့ ထောက်ခံအတည်ပြုခဲ့တာကို ရင်ဆိုင်ခဲ့ရပါတယ်။ နာဂစ်လေမုန်တိုင်းနဲ့အလွန် ၂၀၀၈အခြေခံဥပဒေဆန္ဒခံယူပွဲမှာ အခြေခံဥပဒေကို ကြက်ခြေခတ်ကန့်ကွက်မဲ ပေးခဲ့ပေမယ့်  ဒီအင်အားက အနည်းစုသာဖြစ်ခဲ့ပါတယ်။ နာဂစ်မုန်တိုင်းဒဏ် ကနေ ကူညီကယ်ဆယ်ရေးကို နိုင်ငံတကာအကူအညီအထောက်အပံ့တွေ လုံလောက်စွာမရဘဲ ပြည်တွင်းစေတနာရှင်တွေ က အကူအညီတွေကို တတ်နိုင်သလောက်ပေးရင်း ကူညီလုပ်ကိုင်ကြသူအချို့ အဖမ်းခံထောင်ချတာကိုလည်း စိတ်ထိခိုက် စွာနဲ့ ကြားသိခဲ့ရပါတယ်။

            ၂၀၁၀ ခုနှစ်နိုင်ငံရေးအခင်းအကျင်းအသစ်မှာ သမီးတို့အနေနဲ့ NLD ပါတီကိုမဲပေးခွင့်ရတော့မှာမို့ အလွန်ဝမ်းမြောက် နေချိန်မှာ ၂၀၀၈ အခြေခံဥပဒေကို လက်မခံနိုင်တာရယ်၊ ခေါင်းဆောင် အမေစု ပါဝင်ခွင့်မရတာရယ်ကြောင့် ရွှေဂုံတိုင်ကြေ ညာစာတမ်းကို လက်ကိုင်ထားပြီး ပါတီကိုထပ်မံမှတ်ပုံမတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပါတီကိုမှတ်ပုံထပ်မတင်တဲ့အတွက် ဥပဒေအရ ရွေးကောက်ပွဲကိုလည်း ၀င်တော့မှာမဟုတ်ပါဘူး။ ဒိအတွက် သမီးတို့ရဲ့ အနာဂတ်မျှော်လင့်ချက်တွေ ပျောက်ဆုံး ကုန်ပါပြီ။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုရေးအသင်းကြီးက ပါတီအဖြစ်ပြောင်းလဲထူထောင်ပြီး  ရွေးကောက်ပွဲဝင်ရန်အသင့် အနေအထားဖြစ်လာသလို ၁၉၉၀တုန်းက ခမောက်ကိုရှုံးခဲ့တဲ့ တစညပါတီနဲ့အတူ  ပါတီသစ်တွေ အပြိုင်းအရိုင်းပေါ်လာခဲ့ သလို ၀င်ပြိုင်ကြမယ့်တသီးပုဂ္ဂလိကတွေအကြောင်း ဂျာနယ်ပေါင်းစုံရဲ့ စာမျက်နှာပေါ်မှာ  ရွေးကောက်ပွဲနဲ့ပါတီတွေအကြောင်း  နေရာယူလာခဲ့ကြပါတယ်။ 

            ရင်လေးစရာကောင်းလွန်းတဲ့ အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးမှာ တစ်ခုတည်းသောဒီမိုကရေစီလမ်းကြောင်း ဖြစ်တဲ့ ရွေးကောက်ပွဲကို ကျောခိုင်းသွားခဲ့တဲ့ ဘဘဦးတင်ဦးနဲ့ ဘဘ ဟံသာဝတီဦးဝင်းတင်တို့ကိုလည်း အံ့သြမိပါတယ်။ အမေစုကတော့ နေအိမ်အကျယ်ချုပ်ဆိုတော့ အမေစုရဲ့သဘောထားတွေကို ရှေ့နေကြီးဦးဥာဏ်ဝင်းကနေ့တဆင့် မီဒီယာ ကနေပဲ သိခွင့်ကြားခွင့်ရတာပါ။ ဒါကလည်း ဘယ်လောက်မှန်တယ်၊ ဘယ်လောက်ထိယုံကြည်လို့ရတယ်ဆိုတာကလည်း တစ်ဆင့်စကားသာဖြစ်နေလို့ အရမ်းယုံကြည်လို့ မရခဲ့ပါဘူး။ အမေစုဟာ အခြေအနေမှန်တွေကိုရော လေ့လာသုံးသပ်ပိုင်း ခြားဆုံးဖြတ်နိုင်ရဲ့လားဆိုတာကိုလည်း သမီးမပြောတတ်တော့ပါ။

            လမင်းကြီးနဲ့တူတဲ့ NLD ပါတီက တိမ်ဖုံးသွားခဲ့ပါပြီ။ အဲ့ဒီအချိန်မှာ NLD ပါတီကနေ ပဲ့ထွက်တယ်ပဲပြောပြော လွင့်စင်လာတယ်ပဲဆိုဆို ဒီမိုကရေစီလမ်းကြောင်းပေါ်ကို NDFဆိုတဲ့ ကြယ်လေးတစ်လုံး လင်းလက်လာတဲ့အခါ သမီးတို့ရဲ့ မျှော်လင့်ချက်ရောင်ခြည်တွေနဲ့အတူ အားရှိလာခဲ့ပါတယ်။ NDF ခေါင်းဆောင်များကလည်း မပြီးဆုံးသေးတဲ့ ဒီမိုကရေစီ ခရီးလမ်းကို ပြည်သူနဲ့အတူလက်တွဲမဖြုတ်ဘဲ ဆက်လက်ချီတက်သွားမယ်ဖြစ်ကြောင်းနဲ့  NLD ပါတီသက်တမ်းမတိုး၊ ရွေးကောက်ပွဲမ၀င်ခြင်းအပေါ်  အမေစုလွတ်လာခဲ့လျှင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖြစ်ပေါ်ပြောင်းလဲ

နေတဲ့ နိုင်ငံရေးအခြေအနေတွေကို တွေ့မြင်ခဲ့လျှင် သူတို့ပါတီအပေါ် နားလည်လက်ခံပါလိမ့်မယ်လို့ထင်ကြောင်း ၊နေရာလိုချင်လို့ ပါတီထောင်ခြင်းမဟုတ်ဘဲ ပြည်သူ့အကျိုးကို အမှန်သယ်ပိုးထမ်းရွက်သွားရန် ဆန္ဒရှိပါကြောင်း နှင့် နိုင်ငံရေးဦးဆောင်အဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဆွေမှလည်း ဒီမိုကရေစီအတွက် လူထုရှေ့မှာ မားမားမတ်မတ် ရပ်တည်မှာဖြစ်ကြောင်း သိရသဖြင့် အလွန်ဝမ်းမြောက်ဂုဏ်ယူမိပါသည်။ ဒီနေရာမှာ NLD ပါတီသာဆိုလျှင် ဘယ်လောက် ကောင်းလိမ့်မလဲလို့လည်း တွေးမိပါတယ်။  တစ်ချိန်မှာ အမေစုနဲ့ NLD ပါတီ နိုင်ငံရေးဆက်လက်ဆောင်ရွက်လုပ်ကိုင်လိုရင် NDF ပါတီဟာ NLD ရဲ့အားတစ်ခုလို့ မျှော် လင့်ယုံကြည်အားထားပြီး အားပေးထောက်ခံ ၀န်းရံပူးပေါင်းခဲ့ပါတယ်။  NLD ရဲ့တာဝန်တွေကို တစ်ဖက်တစ်လမ်းမှ ရပ်တည် ဆောင်ရွက်မယ်ဆိုတဲ့  ဖြူစင်တဲ့စိတ်ထားတွေနဲ့ပါ။

            အဲ့ဒီအချိန်မှာ တိုင်းပြည်အရေးကို ဦးစားပေးရွေးချယ်ပြီး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြမယ်ဆိုရင် လွှတ်တော်တွင်းမှာ အမတ်အများစုဟာ NLD တွေ ဖြစ်နေကြမှာပါ။ ဒါပေမယ့် NLD ပါတီကတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ ထူးထူးဆန်းဆန်း လုပ်ပြခဲ့ပါတယ်။  ဒီမိုကရေစီအရေးအတွက် အချိန်အခက်အခဲ၊ငွေကြေးအခက်အခဲ၊ ပါတီဝင်အခက်အခဲ၊ ကိုယ်စားလှယ် လောင်း အခက်အခဲတွေကို ရင်ဆိုင်ကြုံ့တွေ့နေကြရပြီး  အားအလွန်ကြီးတဲ့ ကြံ့ခိုင်ရေးနဲ့ တစညပါတီတွေကို ယှဉ်ပြိုင်ဖို့ လုပ်နေရချိန် မှာ  ဒီမိုကရေစီအရေးလုပ်ဆောင့်မယ်ပါတီတွေအပေါ် ဒိမိုကရေစီလူကြီးလူကောင်းပီသစွာနဲ့ အမေစုပုံပါတဲ့ တီရှပ်တွေ၊ ပို့စကဒ်တွေ၊ စတစ်ကာတွေကို အသုံပြုပြီး  မဲမပေးဘဲလည်းနေနိုင်ကြောင်း၊ မဲမပေးခြင်းဟာလည်း မိမိရဲ့ အခွင့်အရေးပဲ ဖြစ်ကြောင်း ဆိုတဲ့ လူထုလှုပ်ရှားမှုတွေကို ပြည်သူတွေအကြားမှာစွမ်းစွမ်းတမံ NLDစီအီးစီတွေကိုယ်တိုင် တစ်ပြည်လုံးအနှံ ဦးဆောင်လှုပ်ရှား လုပ်ဆောင် ခဲ့ကြပါတယ်။ ဘာ့အတွက်ကြောင့် ဒီလိုလှုပ်ရှားမှုမျိုးကို စွမ်းစွမ်းတမံ ကြိုးစားလုပ်ဆောင်ရတာလဲဆိုတာကို  သမီးမသိပေမယ့် အမေစုကတော့ ပါတီမှာ ရှိမနေဘဲ နေအိမ်အကျယ်ချုပ်နဲ့ပါ။ အဲ့ဒီတုန်းက ရှိနေတဲ့သူက အပြာရောင်ထောင်အကျီ င်္ကို အမြဲတမ်းဝတ်ဆင်နေတဲ့ တချိန်က ကွန်မြူနစ်အယူအဆကို ကြိုက်နှစ်သက်ဖူးသူဆိုတဲ့ ဘဘ ဟံသာဝတီဦးဝင်းတင်နဲ့ တစ်ချိန်တစ်ခါတုန်းက ကာကွယ်ရေးဦးစီး ချုပ်တာဝန်အထိ ထမ်းဆောင်ခဲ့ဖူးတဲ့ ဘဘဦးတင်ဦး တို့သာ ရှိပါတယ်။
ထားလိုက်ပါလေ… မုဒိသာမပွားနိုင်လည်း နိုင်ငံရေးအမြင်ဆိုတာ တူတာမှမဟုတ်ဘဲလို့ နားလည်ခဲ့မိပါတယ်။

            ဒီကနေ့ NLD ပါတီကြီးကို အမေစုက ဥက္ကဌအဖြစ်တာဝန်ယူပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲလမ်းကြောင်းပေါ်ကို တက်လှမ်းလာခဲ့ရာမှာ ပြည်သူအများစုဟာ ၀မ်းသာလွန်းလို့ မျက်ရည်များတော်လည်ခဲ့ကြပါတယ်။ ဒါပေမယ့် နာယကကြီး များဖြစ်သွားကြတဲ့ ဘဘကြီးတွေကတော့ အမေစုရဲ့ စိန်နားကပ်ရောင်နဲ့ နယ်တကာမြို့တကာလှည့်ပြီး ပါတီရုံးခန်းတွေ ဇွင့်ပွဲအခမ်းအနားတွေမှာ ခမောက်ဟာသူတို့နဲ့မဆိုင်ကြောင့်၊ ခမောက်ဟာ အတုဖြစ်ကြောင်း၊ မြိန်မြိန်ယှက်ယှက် အရသာ တွေ့စွာ ပြောနေတာကို မီဒီယာတွေမှာဖတ်ရ၊တွေ့ရတော့ ဖြစ်မှဖြစ်ရလေ…ဘဘတို့ရယ်၊ အသက်တွေလည်း ကြိးပါပြီ၊  ပြည်သူတွေပြောတဲ့နေရာမှာ တစ်ခုလိုနေပါသေးတယ်၊ ၂၀၁၀ရွေးကောက်ပွဲမှာ NLDပါတီ မှတ်ပုံမတင်ခဲ့ဘဲ နေရာအနှံသွားရောက်ပြီး မဲမပေးရေးလှုံဆော်ခဲ့တာ ကျွန်တော်တို့ပါ မှတ်မိသေးရဲ့လား ဆိုတာ လိုနေပါ သေးတယ်။

            အခုတော့ ပါတီဥက္ကဌ လူထုခေါင်းဆောင်၊ နိုင်ငံတကာက ကြည်ညိုလေးစားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကသာ လျှင် နိုင်ငံတော်ကြီးကို တရားဥပဒေစိုးမိုးရေး၊  ဒီမိုကရေစီဖော်ဆောင်နိုင်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားပေါင်းစုံနဲ့ ဒုတိယပင်လုံညီလာခံ အစရှိတဲ့ တိုင်းကျိုးပြည်ကျိုးကို အမှန်တကယ်လုပ်ဆောင်ပေးနိုင်မယ့် တစ်ခုတည်းသောအဖွဲ့အစည်း NLD အဖြစ် နာယကကြီးများဂုဏ်ယူဝံ့ကြွားစွာ ပြည်သူလူထုထံမှ မဲများကို အလုအယက် တောင်းခံနေပြန်ပါပြီ။  မယုံမရှိပါနဲ့။ ပြည်သူတွေကလည်း တခဲနက်ထောက်ခံအားပေးကြဦးမှာပါ။ သမီးတို့ပြည်သူတွေဟာ အမေစုရဲ့ စွန့်လွှတ်အနစ်နာခံပြီး တိုင်းပြည်အတွက် အမှန်ပေးဆပ်နေတဲ့အချိန်တွေ အနှစ်၂၀ ကျော်ကြာခဲ့ပြီဆိုတာ ရင်ထဲ ကနေ သိနေကြပါတယ်။ ဘဘတို့ပြောပြမှမဟုတ်ပါဘူး။ ဘဘတို့ကသာ အသက်တွေလည်းကြီး၊ အတွေ့အကြုံတွေလည်း ရှိပါလျှက်နဲ့ ခုတစ်မျိုး၊ တော်ကြာတစ်မျိုး တတ်လည်းတတ်နိုင်တဲ့ “ဘဘ” တွေပါလားလို့  မိဘချင်းကိုယ်ချင်းစာပြီး စိတ်မကောင်းဖြစ်ရပါတယ်။ ဒါကြောင့်မို့လည်း နိုင်ငံတကာက ဆုတွေချီးမြှင့်တဲ့အခါ အမေစုတစ်ဦးတည်းပဲ နိုင်ငံတကာရဲ့ အသိအမှတ်ပြုခြင်းကို ခံရတာပါလား။ ဘဘတို့ကို ဘယ်နိုင်ငံကများ အသိအမှတ်ပြု ဆုချီးမြှင့်မလဲဆိုတာ သမီးအနေနဲ့ အလွန်ပဲသိချင်လှပါတယ်။

            နောက်ဆုံး နိဂုံးချုပ်အနေနဲ့ပြောချင်တာက သမီးရင်ထဲကခံစားချက်တွေကို နားလည်ခွင့်လွှတ်ပေးစေလိုပါတယ်။
တိုင်းပြည်ကိုချစ်တာ NLD ပါတီဝင်မှချစ်တာမဟုတ်ပါဘူး။ တိုင်းပြည်ကိုချစ်လို့ NLD ပါတီကို ချစ်တာပါ။
NLD ပါတီဟာ တိုင်းပြည်ရဲ့အနာဂတ်ကို တည်ဆောက်ပေးမယ်ဆိုရင် စိတ်ထား၊ သဘောထား ကြီးမြတ်ရပါလိမ့်မည်။
စိတ်ထားသေးသိမ်တဲ့ နိုင်ငံရေးဝါရင့်နာမည်ခံ သက်ကြားအိုများကို နာယကနေရာပေးထားလျှင်လည်း နာယကဂုဏ် ခြောက်ပါး နှင့်လျှော်ညီစွာ နေထိုင်ပြုမှုပြောဆိုဖို့ လိုပါလိမ့်မည်။  


အသက်အရွယ်နှင့်မလိုက် လူပိန်းကြိုက်နိုင်ငံရေးစကားနှင့် အစိုးရလုပ်သမျှ ဆန့်ကျင်နေတဲ့ နိုင်ငံရေးစာမျက်နှာဟာ မရှိတော့ပါဘူး။ Evolution ဆိုတဲ့ တက်ညီလက်ညီမြန်မာနိုင်ငံတော်ကြီး၏ အရေးကိစ္စမှန်သမျှကို တိုင်းရင်းသားပေါင်းစုံ လက်တွဲပါဝင်တဲ့ ပြည်သူသန်း ၆၀ အတွက် တည်ဆောက်နေတဲ့အချိန်မှာ အရေးမပါတဲ့ အနှစ်သာရမရှိတဲ့ စကားတွေကို မိမိတို့၏အသက်အရွယ်၊ ဂုဏ်သိက္ခာ၊ မိမိပါတီ၏ပုံရိပ်ကိုမျှ မထောက်၊ ပေါက်ပန်းလေးဆယ် ပြောနေမယ်ဆိုရင် တပည့်မကောင်း၊ ဆရာ့ခေါင်းဆိုသလို လူထုက ကြည်ညိုလေးစားအားထားရတဲ့ အမေစု ၏ဂုဏ်သိက္ခာပါ ထိခိုက်လာနိုင်လို့ ဆင်ခြင်ပြောဆိုသင့်ပါတယ်။
ဘဘတို့အပေါ် ရိုသေလေးစားအားကိုးအားထားပြုလိုပေမယ့် ဘဘတို့က စိန်ရောင်တွေတစ်ဖျပ်ဖျပ်နဲ့လက်နေတဲ့  အမေစု ခေါင်းဆောင်တဲ့ NLD ပါတီကြီး ရဲ့ နာယကကြီးတွေဖြစ်ပြီး ဒီမိုကရေစီလမ်းပေါ်က လမ်းခင်းကျောက်ခဲလေးတွေနဲ့တူတဲ့ သမီးတို့ကို ဒီမိုကရေစီလမ်းဖောက်လုပ်ရာမှာ ပါဝင်ခဲ့မှုအပေါ် အသိအမှတ်မပြုဘဲ စော်ကားမော်ကားလုပ်နေသလို ခံစားရပါသဖြင့် ရေးသားလိုက်ရတာပါ။

လွန်တာရှိလျှင် ၀န္ဒာမိပါ

မြမြစော(ကော့မှူး)

1 comments:

Anonymous said...

ကူညီကယ်ဆယ်ရေးကို နိုင်ငံတကာအကူအညီအထောက်အပံ့တွေ လုံလောက်စွာမရဘဲ.......

မပြောတော့ ဘူး လို့  ပါဘဲ နိုင်ငံတကာအကူအညီအထောက်အပံ့တွေ လုံလောက်စွာမရ ရှိတာ လား ဘာကြောင့် မရတာလဲ ဆိုတာ သေချာလေး ပြန်ပြီး ရှာဖတ် ကြည့် ပါလား မြမြစော(ကော့မှူး)

Post a Comment


Popular Posts