'
အမိမြေ

ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်မျှတပြီး ဂုဏ်သိက္ခရှိသော ရွေးကောက်ပွဲဖြစ်စေရန် လွတ်တော်မှ တိုက်တွန်းထားပြီးဖြစ်ကြောင်းပြော


ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဂျာမနီနိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဒတ်ခ်နီဘယ်လ်အား လက်ခံတွေ့ဆုံစဉ်


ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်မျှတပြီး ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲဖြစ်စေရန် လွှတ်တော်အနေဖြင့် သက်ဆိုင်ရာများသို့ တိုက်တွန်းထားပြီးဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဂျာမနီနိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဒတ်ခ်နီဘယ်လ်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

''လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲ မြန်မာနိုင်ငံမှာ ကျင်းပသွားဖို့ရှိပါတယ်။ အဆွေတော်ပြောသလို လွတ်လပ်မျှတပြီး ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် မိမိလွှတ်တော်အနေနဲ့ သက်ဆိုင်ရာများကို တိုက်တွန်းပြောကြားထားပြီး ဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်တဲ့အခါမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်တာကို သက်သေခံနိုင်ဖို့အတွက် လိုအပ်တဲ့ဆောင်ရွက်မှုများ ဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာများကို တိုက်တွန်းထားပြီးဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ဖို့အတွက် သက်ဆိုင်ရာကော်မရှင်နဲ့ အစိုးရဘက်က လုပ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ကို သွားတဲ့နေရာမှာ လွတ်လပ်မျှတတဲ့ အများသဘောကို လေးစားလိုက်နာတာ ဖြစ်ပါတယ်။ အများရဲ့သဘောထားဆန္ဒနဲ့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ဘက်ကတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့နေရာ မှာ မြန်တယ်ဆိုသော်လည်း ဒီမိုကရေစီစနစ်ခိုင်ခံ့ဖို့နဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ တစ်ပါတည်းပါလာဖို့ လိုတယ်လို့ ပြောပါတယ်။

လွှတ်တော်နဲ့ပတ်သက်ပြီးပြောရရင် လွှတ်တော်ခိုင်မာဖို့ လိုပါတယ်။ ခိုင်မြဲဖို့လည်း လိုပါတယ်။ လွှတ်တော်မရှိခဲ့တဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံ ဒီအချိန်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အခြေအနေ ဘယ်လိုရှိတယ်ဆိုတာ အဆွေတော်တို့ ကျွန်တော်တို့အားလုံးအသိပဲ ဖြစ်ပါတယ်။ လွှတ်တော် မရှိခဲ့တဲ့အတွက် ကျွန်တော်တို့မြန်မာနိုင်ငံကို တခြားနိုင်ငံများက ဖိနှိပ်တဲ့အတွက် စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေရှိတယ်ဆိုတာလည်း မှန်ကောင်းမှန်နိုင်တဲ့ကိစ္စတစ်ခု ဖြစ်ပါတယ်။

အခုတော့ ကျွန်တော်တို့နိုင်ငံမှာ လွှတ်တော်ကို ဖွဲ့စည်းပြီးတော့ ဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုးရေးအတွက် မိမိတို့လွှတ်တော်က အစွမ်းကုန် ကြိုးပမ်းဆာင်ရွက်လျက်ရှိပါတယ်။ မ ကြာမီကျင်းပတော့မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီမှာ ထမ်းဆောင်သူများဟာလည်း သူတို့ရဲ့ မဲဆန္ဒနယ်တွေမှာ အောင်မြင်လာတယ်ဆိုရင် လွှတ်တော်ထဲ ရောက်ရှိလာမှာဖြစ်ပါတယ်။ ဒီမိုကရေစီစနစ် ပြုပြင်ပြောင်းလဲမှုကို တကယ်လုပ်မှာလားဆိုရင် မိမိတို့တွေက တကယ်လုပ်မယ်၊ မဖြစ်ဖြစ်အောင် လုပ်ပါမယ်''ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ်နှင့် ဒုတိယအတွင်းရေးမှူးချုပ် ဗီဂျေနမ်ဘီးယားနှင့် တွေ့ဆုံရာ၌ ပိတ်ဆို့အရေးယူမှုများကြောင့် ပြည်သူများလည်း ထိခိုက်နစ်နာမှုရှိသဖြင့် သုံးသပ်ပေးစေလိုကြောင်း၊ မြန်မာနိုင်ငံသားများကို နိုင်ငံမဲ့နိုင်ငံသားများ မဖြစ်စေချင်ဘဲ မြန်မာနိုင်ငံတွင်းသို့ ပြန်လာလုပ်ကိုင်နိုင်ရေး အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသည်။

0 comments:

Post a Comment


Popular Posts