'
အမိမြေ

အစိုးရ၀န်ထမ်းလစာများလာမည့် ဘတ်ဂျက်နှစ်မှစ၍ တိုးမြှင့်ပေးရန် သူရဦးရွှေမန်း အဆိုတင်သွင်း

နေပြည်တော်၊ ဖေဖော်ဝါရီ-၇


သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးအမှန်တကယ် ဖြစ်လာစေရန် အစိုးရ၀န်ထမ်းများ၏ လုပ်ခလစာများကို လာမည့် ဘဏ္ဍာနှစ်၂၀၁၂-၁၃ မှ စတင်၍ တိုးမြှင့်ပေးရန် အဆိုကို ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်းက ဖေဖော်ဝါရီ ၇ရက်တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော်၌ အဆိုတင်သွင်းပြောကြားသည်။

“အမှန်အတိုင်းပြောရမည်ဆိုလျှင်  ယနေ့တာဝန်ထမ်းဆောင်နေ သော နိုင်ငံ့ဝန်ထမ်းများ၏ လက်ရှိရရှိနေသော လုပ်ခ၊ လစာ၊ စရိတ်နှင့် ချီးမြှင့်ငွေများသည် ယနေ့ခေတ်ကာလနှင့် လိုက်လျောညီထွေမရှိကြပါ။ အခြေခံစားဝတ်နေရေး၊ လူမှုရေးအတွက် လောင်ငှစွာ မရရှိပါ။ ဒါကြောင့် ကျွန်တော် ၏ တင်ပြချက်သည်  ယနေ့ဝန်ထမ်းများ၏ လုပ်ခ၊ လစာ၊ စရိတ် နှင့် ချီးမြှင့်ငွေများအား ထိုက်သင့်သလို အလျင်အမြန်တိုးပေးရန် လိုသည် ဆိုတဲ့အချက်ကို ထောက် ပြခြင်းပဲဖြစ်ပါတယ်”ဟု သူရ ဦးရွှေမန်းက ပြောကြားခဲ့သည်။

ထို့အပြင် ၎င်းက “ကျောင်းဆရာ၊ ဆရာမများ၏ လစာနှင့် စရိတ်၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ၀န်ထမ်းများနှင့် အောက်ခြေအုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ လစာနှင့်စရိတ်များ ကို လုံလောက်မျှတစွာ ချီးမြှင့် ပေးရပါမယ်။ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်နေကြတဲ့ လိုအပ်လျှင် နိုင်ငံနှင့် နိုင်ငံသားများအတွက် အသက်ပေးစွန့်လွှတ်နေကြသော တပ်မတော်သားများ၏ နေ့စဉ်ကြုံတွေ့နေရတဲ့ ရိက္ခာစရိတ်၊ စစ်ဝတ်နှင့် အသုံးအဆောင်စရိတ်အပါအ၀င် အခြားစရိတ်များကိုလည်း အ နည်းဆုံး ၁၉၅၉-၆၀ ခုနှစ်က ရရှိထားတဲ့ စရိတ်များ၏ တန်ဖိုးအတိုင်းရရှိအောင်တော့ ခွင့်ပြုပေးသင့်ပါတယ်။ အူမတောင့်မှ သီလစောင့်မှာ ဖြစ်သလို အူမတောင့်ပြီး သီလမစောင့်လျှင်တော့ သူ့တာဝန်ပဲဖြစ်ပြီး သူတို့တရားကို သူတို့စီရင်မှာ ဖြစ်ပါတယ်”ဟု ဆက်လက်ပြောသည်။

ထိုသို့ အစိုးရ၀န်ထမ်းများက ထိုက်သင့်သော လုပ်ခ၊ လစာ ရရှိပါ က စည်းကမ်းနှင့် ဥပဒေများ အပြန်အလှန်ထိန်းကျောင်းခြင်းဖြင့် သန့်ရှင်း သော အစိုးရဖြစ်လာမည်ဟုပြောသည်။

လစာနည်းခြင်းနှင့် ဆက်စပ်၍ ဖြစ်ပေါ်လာသော နောက် ဆက်တွဲများကိုလည်း ၎င်းက “ဆရာ၊ ဆရာမများက အချိန်ပို ကျူရှင်ပြရတာ၊ ဆရာဝန်၊ သူနာ ပြုက ပြင်ပဆေးခန်းများမှာ ညဥ့် နက်သန်းခေါင်အထိ ဆောင်ရွက် နေရတာ၊ ရငွေ၊ လုပ်ခ၊ လစာနှင့် မလုံလောက်လို့ ပြင်ပနိုင်ငံများသို့ ထွက်ခွာအလုပ်လုပ်ရတာ၊ ထိုသို့လုပ်ရာတွင်လည်း မိမိပညာနှင့် အဆင့်အတန်းကိုနှိမ့်ချပြီး လုပ်နေရတာတွေကို ရှိနေဦးမှာ ဖြစ်ပါတယ်။ ၀န်ထမ်းများလုပ်ငန်းခွင် ပျော်စေရေး၊ ကျောင်းသားများ ကျောင်းနေပျော်စေရေး၊ တပ်မတော်သားများ တပ်နေပျော်စေရေးတို့အတွက် တာဝန်နှင့်လုပ်ပိုင်ခွင့် အခွင့်အရေး၊ လုပ်ခ၊ လစာ၊ စရိတ်ချီးမြှင့်မှုများဟာ အဓိကသက်ဆိုင်နေတယ်ဆို တာ သတိပြုရမှာဖြစ်ပါတယ်။ အခြား အချို့ဌာနများမှ တာဝန်ထမ်းဆောင် နေကြတဲ့ ၀န်ထမ်းများကလည်း လုပ်ခ၊ လစာနည်းတာကို အကြောင်းပြုပြီး လက်ဖက်ရည် ဖိုး၊ အလှူငွေ၊ စာရွက်စာတမ်း ကြေးများ တောင်းယူခြင်းနှင့် အခြားမလျော်ကန်သော လာဘ်ပေးလာဘ်ယူဆန်သည့် ပြုမူဆောင်ရွက် ခြင်းများကို နေရာအနှံ့ဌာနအများစုလိုလိုပင် တစ်ခုမဟုတ်တစ်ခု ပုံစံအမျိုးမျိုးဖြစ်ပေါ်နေတာကို ၀မ်းနည်းစွာ ကြားသိနေရပါတယ်”ဟု ပြောကြားခဲ့သေးသည်။

ထို့ကြောင့် အကျင့်စာရိတ္တနှင့် စိတ်ဓာတ်ပျက်ယွင်းတယ်၊ နိုင်ငံ့အတွက် အကြီးမားဆုံး ဆုံးရှုံးမှု ကြုံတွေ့ရမည်ဖြစ်၍ ပြည်သူ ကိုယ်စားလှယ် များက မည်သို့ ဆောင်ရွက်ပေးရမည်ကို စဉ်းစားရန် လိုအပ်ကြောင်း ၎င်းကတိုက်တွန်းခဲ့သည်။ ၀န်ထမ်းလစာများ တိုးပေးလျှင် ကုန်ဈေးနှုန်းကြီးနိုင်သည်ဟု ဆိုသော်လည်း လက်ရှိကုန်ဈေး နှုန်းကြီးမြင့်ခြင်းနှင့် တောင်သူမှစကာ ကုန်ထုတ်လုပ်သူများအရှုံးပေါ်နေခြင်း၏ စိစစ်လေ့လာ သောအခါသယ်ယူစရိတ် မြင့်မားခြင်း၊ မလိုလားအပ်သော ကုန်ကျ စရိတ်(Transaction Cost)များ မြင့်မားခြင်းတို့ကြောင့်ဖြစ်ကြောင်း ၎င်းင်းက ပြောသည်။

“နိုင်ငံသားအများစုကို ထိခိုက်စေနိုင်သော ကုန်ဈေးနှုန်းနှင့်  အခြား Transaction Cost များ ကျဆင်းအောင် စဉ်းစားသုံးသပ် စီမံဆောင်ရွက်မှုများကို စီမံကိန်းချဆောင်ရွက်နိုင်ရေးအတွက် ဤပြည်ထောင်စု လွှတ်တော်က သက်ဆိုင်ရာအဖွဲ့အစည်းများသို့ တိုက်တွန်းဆောင်ရွက်ရန်လည်း လိုအပ်တယ်လို ယူဆပါတယ်”ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ထို့အပြင် စီမံကိန်းများ ဆောင်ရွက်ရာတွင် နိုင်ငံနှင့် ပြည်သူလူထုအကျိုးရှိစေမည့် စီမံကိန်းများကိုသာ ဥပဒေပြုပေးရန်နှင့် ထိုသို့မဟုတ် သော စီမံကိန်းများကို ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျှော့ချ၍ ခွင့်ပြုခြင်းများ ဆောင်ရွက်ရန် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော်က နိုင်ငံနှင့် နိုင်ငံ သားများ၊တောင်သူလယ်သမားများ၊ အလုပ်သမားများနှင့် နိုင်ငံ့ ၀န်ထမ်းများ၏ လုပ်ငန်းခွင်အာမ ခံချက်ရရှိရေး၊ စားဝတ်နေမှု ဖူလုံရေးများကို ဖော်ဆောင်ပေးခြင်း၊ အကာအကွယ်ပေးခြင်းများပြုပေးရေးနှင့် ပြုပေးရန်အတွက် တင်ပြ ခြင်းဖြစ်ပါတယ်။ ယနေ့အချိန် ကာလတွင် မှားယွင်းသော ဆုံးဖြတ်ချက်များ ချမှတ်မိပါက ပြည်သူ့ကိုယ်စားလှယ်၊ ပြည်ထောင်စု ကိုယ်စားလှယ်များဖြစ်သော ကျွန်တော်တို့တွင်ပါ တာဝန်ရှိလာပြီး နိုင်ငံနှင့် နိုင်ငံသားများအပေါ် သစ္စာမဲ့ရာ ရောက်ရှိနိုင်ပါ၍ မှန် ကန်သော ဆုံးဖြတ်မှုများပေးရန် လိုအပ်ပါကြောင်း တင်ပြလိုပါတယ်”
by 7Day News Journal on Tuesday, February 7, 2012 at 10:18pm

0 comments:

Post a Comment


Popular Posts