'
အမိမြေ

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ အမှုဆောင်အဖွဲ့ဝင်များအား မဲပေးစနစ်ဖြင့် ရွေးချယ်ဖွဲ့စည်းမည်


မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ အမှုဆောင်အဖွဲ့ဝင်များအား မဲပေးစနစ်ဖြင့် အသစ်ပြန်လည် ရွေးချယ် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရှိပါသည်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၌ လက်ရှိတာဝန် ထမ်းဆောင်နေကြသူများမှာ ဒုတိယသက်တမ်း ကျော်လွန်နေပြီ ဖြစ်သည့်အပြင် အနုပညာရှင်များကလည်း အသစ်တစ်ဖန် ပြန်လည် ရွေးချယ်ပေးပါရန် တင်ပြလာခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။ “ရုပ်ရှင်အစည်းအရုံး အမှုဆောင်တွေရဲ့ ဒုတိယသက်တမ်းက အခုဆို တော်တော်လေး ကျော်လွန်နေပါပြီ။ ဒါကြောင့် တခြားသော လုပ်ကိုင်လိုသူ လုပ်ကိုင်နိုင်သူတွေကို ပြန်လည်ရွေးချယ်သွားဖို့ စီစဉ်ပေးသွားမှာပါ။ ရုပ်ရှင်အစည်းအရုံးရဲ့ လက်ရှိ အမှုဆောင်ကာလမှာ ရရှိထားတဲ့ ဘဏ္ဍာငွေစာရင်း အားလုံးနဲ့ ဆောင်ရွက်ဖို့ရှိတဲ့ ကိစ္စရပ်တွေကို ပြန်လည်လွှဲပြောင်း ပေးအပ်သွားဖို့ စီစဉ်ထားပါတယ်” ဟု ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးမြင့်သိန်းဖေက ဆင်ဆာမူဝါဒ လျှော့ချပေးခဲ့သည့် အစည်းအဝေးတွင် ရှင်းလင်းပြောဆိုခဲ့ပါသည်။ နိုဝင်ဘာလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သည့် ဆင်ဆာမူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် အနုပညာရှင်များက ရုပ်ရှင်အစည်းအရုံး ပြန်လည်ဖွဲ့စည်းရန် တင်ပြခဲ့ခြင်းဖြစ်ပြီး ရုပ်ရှင်အစည်းအရုံးသည် NGO အဖွဲ့အစည်းတစ်ခု ဖြစ်သော်လည်း ရုပ်ရှင်လောကသားများ၏ အကျိုးအတွက် ကိုယ်စားပြု ဆောင်ရွက်နိုင်သည့် အဖွဲ့အစည်း တစ်ရပ်ဖြစ်ရန် လိုအပ်ကြောင်း၊ အဖွဲ့ဝင်များသည်လည်း မိမိကိုယ်ကျိုးထက် ရုပ်ရှင်လောကသားများ၏ အကျိုးကို ရှေ့ရှုဆောင်ရွက်သွားမည့်သူကို ရွေးချယ်တင်မြှောက်လိုကြောင်း တင်ပြခဲ့ခြင်းဖြစ်သည်။ လက်ရှိ ဆောင်ရွက်လျက်ရှိသည့် ရုပ်ရှင်အစည်းအရုံးအနေဖြင့် လုပ်ဆောင်ခဲ့သည့် သက်တမ်းကာလအတွင်း ဘဏ္ဍာငွေကျပ် သိန်းကိုးထောင်ကျော်အထိ ရရှိနိုင်ရန် ရှာဖွေထားခဲ့သည်ဟု သိရသည်။

Ref : ခေတ်လူငယ်
 

0 comments:

Post a Comment


Popular Posts