'
အမိမြေ

ရဲဝံ့စွန့်စားစွာစွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ရင်းအသက်စွန့်လှူသွားခဲ့သော မီးသတ်တပ်ဖွဲ့ဝင်(၅)ဦးအားစွမ်းရည်သတ္တိဆိုင်ရာတံဆိပ်များချီးမြှင့်အပ်နှင်း


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့)တွင် နိုင်ငံတော် သမ္မတရုံး၏ အမိန့်ကြော်ငြာ စာအမှတ် (၂/၂၀၁၂) ဖြင့် ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းခဲ့သည်။ ထိုသို့ ချီးမြှင့်အပ်နှင်းရာတွင် ဒီဇင်ဘာ ၂၉ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်၌ ဖြစ်ပွားခဲ့သည့် မီးလောင်မှုတွင် ရဲဝံ့စွန့်စားစွာ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ရင်း နိုင်ငံနှင့် ပြည်သူအတွက် အသက်စွန့်လှူသွားခဲ့သော မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင် (၅)ဦးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဆိုင်ရာ တံဆိပ်များ ချီးမြှင့် အပ်နှင်းခဲ့ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည် သတ္တိဆိုင်ရာ တံဆိပ်များဖြစ်သည့် ရဲသီဟ တံဆိပ်၊ ရဲသူရ တံဆိပ်၊ ရဲဗလ တံဆိပ်ချီးမြှင့်ခံရသူ စုစုပေါင်း(၉) ဦးဖြစ်ပြီး ၎င်းအနက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန မီးသတ်ဦးစီးဌာန အဆိုပါ မီးသတ်တပ်ဖွဲ့ဝင် (၅) ဦးပါဝင်သည်။ မီးသတ်တပ်ဖွဲ့ဝင်(၅) ဦးအနက် အမှတ် မ ၁၇၂၃၁ မီးသတ်တပ်ကြပ် ဦးတင်စိုးအား ရဲသီဟ တံဆိပ်ကို ချီးမြှင့်ခဲ့သည်။ အမှတ် မ ၁၃၈၈၄ မီးသတ်တပ်ကြပ်ကြီး ဦးဇော်ဌေး၊ အမှတ် မ၂၀၀၇၈ မီးသတ်တပ်သား ဦးမျိုးကျော်ကျော်၊ အမှတ် မ ၂၀၈၅၄ မီးသတ်တပ်သား ဦးသော်ဇင်မျိုးနှင့် အမှတ် မ ၂၀၈၅၅ မီးသတ်တပ်သား ဦး အောင်အောင်တို့ (၄) ဦးအား ရဲသူရ တံဆိပ်ကို ချီးမြှင့်ခဲ့သည်။ နိုင်ငံတော်အစိုးရအနေဖြင့် လတ်တလောဖြစ်ပွားခဲ့သည့် မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတိုဆိပ်ရပ်ကွက် မီးလောင်မှုဖြစ်စဉ်တွင် ရဲဝံ့စွန့်စားစွာ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ရင်း နိုင်ငံနှင့်ပြည်သူအတွက် အသက်စွန့်လှူသွားခဲ့သော မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင် (၅) ဦးအား ၎င်းတို့၏ စွမ်းစွမ်းတမံ တာဝန်ကျေပွန်စွာ စွန့်လွှတ်စွန့်စား ပေးဆပ်မှုအတွက် မှတ်တမ်းတင် အသိအမှတ်ပြုပြီး ယခုကဲ့သို့ စွမ်းရည် သတ္တိဆိုင်ရာ တံဆိပ်များ ချက်ချင်းချီးမြှင့် အပ်နှင်းခဲ့ခြင်းဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။ 

Ref : ခေတ်လူငယ်

0 comments:

Post a Comment


Popular Posts